CopyCat
လို့ခေါ်တဲ့ malware သစ်တစ်မျိုးဟာ ကမ္ဘာတစ်ဝန်းက Android ထုတ်ကုန် ၁၄
သန်းကျော်မှာ ကူးစက်ပျံ့နှံ့ခဲ့ပြီး ဖုန်းတွေကို root လုပ်ကာ app အတုတွေကို
ထည့်သွင်းပြီး ကြော်ငြာဝင်ငွေ သန်းပေါင်းများစွာရရှိနေတယ်လို့ Check Point
က သုတေသီတွေက ပြောကြားလိုက်ပါတယ်။
CopyCat malware အကူးစက်ခံရဆုံးဒေသက အာရှဖြစ်ပြီး အမေရိကန်မှာတော့ ကူးစက်ခံရတဲ့ Android ထုတ်ကုန်အရေအတွက် ၂၈၀,၀၀၀ ကျော်ရှိပါတယ်။ Google ဟာ ဒီ malware ကို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ခြေရာခံခဲ့ပြီး CopyCat ကိုတားမြစ်ဖို့အတွက် Play Protect ကို update လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Android ထုတ်ကုန် သန်းပေါင်းစွာက third-party app download တွေနဲ့ phishing တိုက်ခိုက်မှုတွေကနေ ကူးစက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
CopyCat က Google Play ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သက်သေကိုတော့ မတွေ့ရှိခဲ့ဘူးလို့ Check Point က ပြောကြားခဲ့ပါတယ်။ Google ကတော့ “Play Protect က သုံးစွဲသူတွေကို လုံခြုံမှုရှိစေပါတယ်။ CopyCat ကူးစက်ပျံ့နှံ့ခဲ့တဲ့ app တွေက Play ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တာမဟုတ်ပါဘူး” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
CopyCat ဟာ Google Play store မှာ download အကြိမ်ရေ သန်း ၅၀ ကျော်ရှိတဲ့ SimSimi လို third-party store တွေမှာ နာမည်ကျော် app တစ်ခုအသွင် ဟန်ဆောင်ပါတယ်။ အဲ့ဒီ app ကို download လုပ်မိတဲ့အခါ ကူးစက်ခံရတဲ့ device က အချက်အလက်တွေကို စုဆောင်းပြီး ဖုန်းကို root လုပ်ဖို့အတွက် rootkit တွေကို download လုပ်ပါတယ်။
အဲ့ဒီနောက် CopyCat က app အတုတွေကို download လုပ်ပြီး device ရဲ့ Zygote ကို ထိန်းချုပ်ပါတယ်။ Zygote ကို ထိန်းချုပ်ပြီးတာနဲ့ download လုပ်ထားတဲ့ app အသစ်အားလုံးနဲ့ ဖွင့်ထားတဲ့ app အားလုံးကို သိရှိပါတယ်။
CopyCat ဟာ app တွေပေါ်က Referrer ID ကို အစားနိုင်တာကြောင့် app မှာ ပေါ်လာတဲ့ ကြော်ငြာတိုင်းက ဝင်ငွေတွေကို app ဖန်တီးသူတွေဆီမပို့ဘဲ ဟက်ကာတွေဆီ ပေးပို့နိုင်ပါတယ်။
အဆိုပါ malware ကူးစက်ခံရတဲ့ device တွေမှာ app အတု ၄.၉ သန်းနီးပါး ထည့်သွင်းထားပြီး ကြော်ငြာ သန်း ၁၀၀ အထိ ပြသနေတယ်လို့ ဆိုပါတယ်။ CopyCat ကြောင့် ဟက်ကာတွေက နှစ်လအတွင်း ဒေါ်လာ ၁.၅ သန်းကျော် ရရှိခဲ့တယ်လို့ Check Point က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် CopyCat malware ဟာ တရုတ်နိုင်ငံမှာရှိတဲ့ ထုတ်ကုန်တွေမှာလည်း ကူးစက်ပျံ့နှံ့ပါတယ်။ တရုတ်နိုင်ငံက malware ကူးစက်ခံရသူတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုကနေ လွတ်ကင်းခဲ့တာကြောင့် ဒီဆိုက်ဘာဒုစရိုက်သမားတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကို ရှောင်လွှဲဖို့ ကြိုးပမ်းခဲ့တာဖြစ်နိုင်ကြောင်း Check Point က သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က တာဝန်ရှိသူအတွက် သက်သေအထောက်အထားမရှိပေမယ့် CopyCat နဲ့ တရုတ်ကြော်ငြာကွန်ရက် MobiSummer တို့အကြား ချိတ်ဆက်မှုအချို့ရှိနေပါတယ်။ အဲ့ဒီ malware နဲ့ ကြော်ငြာကုမ္ပဏီဟာ တူညီတဲ့ဆာဗာပေါ်မှာ လည်ပတ်ဆောင်ရွက်နေပြီး virus code ထဲက လိုင်းအချို့ကိုလည်း MobiSummer က ထောက်ခံထားပါတယ်။ ဒါ့အပြင် ဒီနှစ်ခုဟာ တူညီတဲ့ remot service တွေကို အသုံးပြုပါတယ်။
CopyCat malware ကူးစက်အခံရဆုံးနိုင်ငံတွေက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မြန်မာတို့ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာလည်း CopyCat ကူးစက်ခံရတဲ့ ထုတ်ကုန် ၃၈၁,၀၀၀ ကျော်ရှိပါတယ်။
အဲ့ဒီ မိုဘိုင်း malware ဟာ Android 5.0 နဲ့ အစောပိုင်းဗားရှင်းတွေအသုံးပြုထားတဲ့ ထုတ်ကုန်တွေရဲ့ ယိုပေါက် ၅ ခု ကနေတစ်ဆင့် ပျံ့နှံ့တာဖြစ်တယ်။ ဒီယိုပေါက်တွေကို လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ပြင်ဆင်ခဲ့ပြီးသားဖြစ်ပေမယ့် Android ဗားရှင်းအဟောင်းသုံးနေတဲ့ user တွေမှာ third-party market တွေက app တွေကို download ပြုလုပ်တဲ့အခါ တိုက်ခိုက်ခံရတဲ့အားနည်းချက်ရှိသေးတယ်လို့ သိရပါတယ်။

-နောင်နောင်