အခမဲ့သုံးစွဲနိုင်သည်ဆိုသော်လည်း တကယ့်ကို အရေးပါလှပြီး မိမိတို့ရဲ့
စီးပွားရေးလုပ်ငန်းတွေအတွက် အလွန်တရာ အရေးကြီးလှသော အရာတစ်ခု က
ဘာဖြစ်မယ်ထင်ပါသလဲ။အဲဒါကတော့ ကိုယ့်ရဲ့ လုပ်ငန်းတွေ၊ ကိုယ် ရောင်းချနေတဲ့
ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ဖွင့်လှစ်နေတဲ့သင်တန်း တွေ စတာတွေကို
လူပေါင်းစုံသိရှိနိုင်စေဖို့ အွန်လိုင်းနဲ့ မိုဘိုင်းချိတ်ဆက်မှုများမှ
တစ်ဆင့် ဖြန့်ဝေအသိပေးနေဖို့ပါ။
ထင်သာ မြင်သာရှိတဲ့ ဥပမာကိုပြရမယ် ဆိုလျှင် ယနေ့မှဖြစ်တဲ့ စိတ်ဝင်စားဖွယ်ရာသတင်းတစ်ပုဒ်ကို လူတွေက နေ့ချင်း ဆိုသလို သိရှိကြပါတယ်။ အဓိက,ကတော့ facebook ကပဲဖြစ်ပြီး အထူးသဖြင့် နာမည်ကျော်သတင်းဂျာနယ်များက တင်ပေးနေတဲ့အတွက်ပဲဖြစ် ပါတယ်။ အင်္ဂလိပ်စာတတ်ရင်တော့ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေသလဲ ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။တကယ်တော့ ကျွန်တော်တို့က လူတွေထဲကို ပြန့်နှံ့ရောက်ရှိဖို့ကို လူမှုကွန်ရက်တွေအသုံးပြုရာမှ facebook ကို အဓိက သုံးစွဲကြပါတယ်။ Page တွေ ထောင်ပြီးတော့ပေါ့။
ကျွန်တော်တို့အနေနဲ့ Page တစ်ခုလုပ်ရတာက အခမဲ့ပါ။ အလားတူစွာပဲ Twitter, Youtube, LinkedIn, Tumblr, Pintrest, Google Plus စတာတွေများစွာရှိပါတယ်။ အားလုံးက အခမဲ့ပါ။ Blog တွေ ဘာတွေဆိုရင်လည်း အခမဲ့ပါပဲ။ ပြီးတော့ လွယ်လင့်တကူ အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတစ်ခုကိုပိုင်ဆိုင် ထားတယ် ဆိုပါတော့။ ဥပမာ မိုဘိုင်းနဲ့ အိုင်တီပစ္စည်းအရောင်းဆိုင်ဆိုလျှင် မိမိတို့ဆိုင်နဲ့ ပတ်သက်တဲ့ Facebook Page တစ်ခု သာမက ဆိုခဲ့သော အခြား နေရာများမှာလည်း Account လုပ်ကာ တစ်ပြေးညီတင်ပေးနေသင့်ပါတယ်။ ဖြစ်နိုင်လျှင်တော့ မိမိ လုပ်ငန်းအတွက် Website တစ်ခုနှင့် Android, iOS, Windows စတဲ့ Platform ပေါင်းစုံအတွက် Apps လေးတွေလုပ်ထားသင့် ပါတယ်။
အများစုကတော့ Website တွေလုပ်ထားပေမယ့် Apps တွေလုပ်ထားတဲ့ လုပ်ငန်းတွေက တော်တော်လေးကို ရှားပါး သေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်က Sony ဖုန်းလေးတစ်လုံးကိုင်ပါတယ်။ ဒါနဲ့ Sony နဲ့ ပတ်သက်တဲ့ Apps လေးတွေ တင်ထားရာမှာ တစ်ခုကတော့ တော်တော်လေးသဘောကျ စရာပါ။ အဲဒါကတော့ သူ့ရဲ့ Products ပေါင်းစုံဖြစ်တဲ့ TV, စမတ်ဖုန်း၊ တက်ဘလက်၊ Recorder စသဖြင့်ကို အမျိုးအစားအလိုက် စုစည်းပေးထားပါ တယ်။
ကျွန်တော်က တက်ဘလက်ကို စိတ်ဝင်စားတယ်ဆိုလျှင် တက်ဘလက် ကို ၀င်ကြည့်နိုင်မှာဖြစ်ပြီး မိမိကြည့်ရှုချင်တဲ့ မော်ဒယ်တစ်ခုကိုဝင်ကြည့်တဲ့အခါ Specification အပြည့်အစုံ၊ ဈေးနှုန်းနဲ့ သုံးသပ်ချက်များကို ဖော်ပြပေးထားပြီး ဘယ်နေရာတွေမှာ ၀ယ်နိုင်မလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ ဖုန်းဆက် ချင်လျှင်လည်း ဆက်လို့ရပါတယ်။ အသစ်ဝင်လာတဲ့ ပစ္စည်းဆိုရင် New ဆိုပြီး ဖော်ပြပေးထားသလို Promotion အစီအစဉ်တွေရှိပါကလည်း ဘယ်လောက် Discount နဲ့ရနိုင်ကြောင်း၊ ဘယ်လိုလက်ဆောင်တွေရနိုင်ကြောင်း ဖော်ပြပေး ထားပါတယ်။ ဒါပေမယ့် ဒီ Apps က နိုင်ငံတကာအတွက်ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာဆိုလျှင်တော့ မိုဘိုင်းဖုန်းကွန်ပျူတာဆိုင်ကြီးတွေက ဒီလို Facebook မှာ Page ထောင်ပြီးတင်နေ ရုံမျှမက ဒီလိုမျိုး Apps လေးတွေ လုပ်ထားမယ်ဆိုလျှင် သုံးစွဲသူတွေကလွယ်လင့်တကူပိုမိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။ ဥပမာ Samsung, Huawei, Sony, LG, HTC စသဖြင့် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးတွေက သူတို့ရဲ့ Products တွေကို ဖော်ပြပေးထားတဲ့ Apps လေး ထုတ်ထားမယ်ဆိုလျှင် သုံးစွဲသူတွေအတွက် လွယ်ကူ အဆင်ပြေစေမှာဖြစ်ပါ တယ်။ ဒါဆိုလျှင် ဘာ Products အသစ်တွေ ထွက်သလဲ၊ ဘယ်ဈေးရှိလဲ၊ ဘယ်မှာဝယ်ရမလဲသိရှိနိုင်သလို ပရိုမိုးရှင်း အစီအစဉ်ကပိုမိုအောင်မြင်နိုင်မှာ ဖြစ်ပါ တယ်။
အဆိုပါ Apps ကို မိမိတို့ထုတ်လုပ်ရောင်းချတဲ့ ဖုန်းတွေထဲမှာ အသင့်ထည့်သွင်းပေးထားခြင်းအားဖြင့် လူတွေက တမင်တကာ Download ချသုံးစွဲစရာမလိုတော့ဘဲ သုံးစွဲဖြစ်ကြ မှာဖြစ်ပါတယ်။ တစ်နှစ်အတွင်း ဖုန်းအလုံးရေ တစ်သိန်းရောင်းရတယ်ဆိုပါစို့။ လူအယောက် တစ်သိန်းကို မိမိတို့ပေးချင်တဲ့ သတင်းအချက် အလက်တွေအား အဆိုပါ Apps ကနေ ပေးနိုင်မှာ ဖြစ်ပါတယ်။
လတ်တလောအနေအထားအရဆိုလျှင်တော့ လူတွေက ဂျာနယ်တွေ၊ သတင်းစာတွေကနေ သိရင်သိမယ်။ ရေဒီယို၊ တီဗီတွေကနေသိရင် သိမယ်၊ Facebook ကသိရင်သိမယ်ပေါ့။ ဒီနေရာမှာ မသိလိုက်လို့ တကယ်ဝယ်ယူမယ့် Customer တွေ ဘယ်လောက် ဆုံးရှုံးသွားနိုင်သလဲ ဆိုတာကလည်း မေးခွန်း ထုတ်စရာပါပဲ။ ကျွန်တော့် အထင်တော့ မနည်းလှဘူးထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ လူထုကြားကိုပြန့်နှံစေမယ့် နည်းလမ်း ပေါင်းစုံကို အသုံးပြု ကြရမှာဖြစ်ပါတယ်။
ယခုနောက်ပိုင်းတော့ လုပ်ငန်းတွေမှာ Facebook Page တွေလုပ်လာကြပါတယ်။ လုပ်ငန်းတွေက အများကြီးဖြစ်တဲ့ အတွက် လူတွေက အကုန်လုံးကို သိချင်မှသိမှာဖြစ်ပါတယ်။ ဒီတော့ Page အောင်မြင်အောင်၊ လူသိများအောင်လုပ်ဆောင်ဖို့ ကလည်း အင်မတန် အရေးကြီးပါတယ်။ လူတွေစိတ်ဝင်စားမယ့် စာတွေရေးတင်တတ်ဖို့ လိုအပ်ပါ တယ်။ မိမိတို့ ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို လူတွေနားလည်အောင်၊ ဖတ်ချင်စဖွယ်ဖြစ်အောင်ရေးသားတင်ဆက်တတ်ဖို့လည်း လိုအပ်ပြီး အမြဲ တမ်းလည်း Update တင်ပေးသင့်ပါတယ်။ Products အသစ်တစ်ခုထွက်တိုင်း တင်ပေးနေသင့်ပါတယ်။ ထို့ပြင် မိမိလုပ်ငန်းနှင့် သက်ဆိုင်သော ဗဟုသုတရ ဖွယ်ရာအကြောင်းအရာများ၊ သတင်းများကိုလည်း အမြဲတစေ တင်ပေးနေ မယ်၊ လူစိတ်ဝင်စားဖွယ်ရာ အစီအစဉ်လေးတွေလုပ်ပေးနေမယ်ဆိုလျှင် လူတွေကပိုမိုအာရုံစိုက်လာမှာဖြစ်ပါတယ်။
အလွယ်ပြောရရင်တော့ Like တွေတက်လာမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာဆိုင်များအဖို့ သုံးစွဲသူ တွေအသုံးတည့်စေမယ့် သင်ခန်းစာလေးတွေ၊ Error ဖြေရှင်းပုံနည်းလမ်းလေး တွေ၊ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ်တွေ၊ အသစ်ထွက်ပစ္စည်း သတင်းတွေ စသဖြင့် အများသူငါစိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ပေးနေမယ်ဆိုလျှင် သူတို့ Page ကို လူပိုစိတ်ဝင်စားမှာဖြစ်တဲ့အတွက် ပရိသတ်အရေအတွက် ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။
ပရိသတ်အရေအတွက်များလာခြင်းက မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း ကြော်ငြာ တွေအတွက် တကယ့်ကို အခွင့်အလမ်းကြီးပါပဲ။
အဲဒီအတွက် ကျွန်တော်တို့ ကြော်ငြာခတစ်ပြားမှမကုန်ဘဲ ကြော် ငြာနိုင်တဲ့သဘောပါပဲ။Facebook Page တစ်ခုတည်းနဲ့လည်း အဆင်မပြေနိုင်သေးဘဲ အထက်ကဖော်ပြခဲ့သည့်အတိုင်း Twitter, LinkedIn, Youtube, Google Plus စတာတွေမှာလည်း လုပ်ဆောင် ထားသင့်ပါတယ်။ ထို့အပြင် Website နဲ့ Apps များကိုလည်း လုပ်ဆောင်ထား သင့်ပါတယ်။ ဒါက ဘာမှအပန်းမကြီးသလို အခကြေးငွေလည်းကုန်တာ မဟုတ်ပါဘူး။ Website နဲ့ Apps တွေ အတွက်ကတော့ အခကြေးငွေပေး ပြီး လုပ်ဆောင်ရမှာပေါ့လေ။ Website က မရေးနိုင်သေးလျှင်လည်း အခမဲ့သုံးစွဲ နိုင်သည့် Blog တွေ ကိုအသုံးပြုနိုင်ကာ Domain Name တစ်ခုဝယ်ယူ ချိတ်ဆက် အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ကိုယ့်ရဲ့ဆိုင်မှာရောင်းချနေတဲ့ ပစ္စည်းတွေကို အွန်လိုင်းမှာ တင်ပေးမယ်။ မိမိဆိုင်မှာ ၀ယ်ယူသွားတဲ့ ဖောက်သည်တွေရဲ့ E-mail တွေ၊ ဖုန်းနံပါတ်တွေ တောင်းယူထားပြီး ပရိုမိုးရှင်း အစီအစဉ်တွေရှိတဲ့အခါ Massage ပို့တာတို့၊ E-mail ပို့တာတို့ကို လုပ်ဆောင် ခြင်းကလည်း ထိရောက်တဲ့အနေအထားပါပဲ။ဖုန်းကိုင်ထားတဲ့လူတစ်ယောက် က သူစိတ်မ၀င်စားရင်တောင် သူ့ မိတ်ဆွေအပေါင်းအသင်းတွေကို ပြောပြ နိုင်မှာပဲ ဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့် မိမိတို့လုပ်ငန်းရဲ့ ကြော်ငြာတွေက ငွေကြေး ကုန်ကျစရာမလိုဘဲ လွယ်လင့်တကူ ပြန့်နှံ့နေ မှာဖြစ်ပါတယ်။
ယခုမြန်မာပြည်မှာ Messaging Apps တွေ တော်တော်ခေတ်စား နေပါတယ်။ သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။ သူတို့ရဲ့ Apps တွေ လူသုံးများလေ သူတို့ အတွက် ပိုမိုအောင်မြင်လေဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စီးပွားရေးလုပ်ငန်းများနဲ့ ချိတ်ဆက်ကာကြော်ငြာ သဘောမျိုး အစီအစဉ် လေးတွေ လုပ်နေတဲ့ အတွက် လူသုံးများတဲ့ Apps တွေမှာ ကြော်ငြာခြင်းက လူများစွာဆီသို့ ပြန့်နှံ့နိုင်စေမှာဖြစ်ပါတယ်။ အဲဒီအတွက် ၀န်ဆောင်ခ ရရှိ မှာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ Facebook ကနေပဲ အရောင်းအ၀ယ်တွေလုပ်နေ ကြတာ အောင်မြင်တဲ့သူတွေလည်း တော်တော် အောင်မြင်ကြပါတယ်။ သူတို့ အတွက် ဆိုင်ခန်းနေရာတွေ ဘာတွေမလိုအပ်ဘဲ လုပ်ငန်းတစ်ခုကိုလည်ပတ် နိုင်တဲ့သဘောပါပဲ။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com