10/15/2016

♪ MPT ၏ 4G ဝန်ဆောင်မှုကို သတ်မှတ်ထားသည့်နေရာများတွင် စတင်အသုံးပြုနိုင်ပြီ ♫


MPT အနေနဲ့ လာမယ့် (၂၀၁၇) ခုနှစ်မှာ 4G ဝန်ဆောင်မှုကို တရားဝင်မိတ်ဆက်ပေးမှာ ဖြစ်ပြီး အခုလက်ရှိမှာတော့ သတ်မှတ်ထားတဲ့နေရာတွေမှာ မြန်နှုန်းမြင့် 4G အင်တာနက်ကို စတင် အသုံးပြု နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ 2.1GHz Spectrum လှိုင်းစဉ်နဲ့ပင် မြန်ဆန်ကောင်းမွန်တဲ့ 4G ဝန်ဆောင်မှုကို MPT ရဲ့ ဆူးလေ Branded Store မှာ မိတ်ဆက်ခဲ့ပြီး အဆိုပါ ဆူးလေ Branded Store အပါအဝင် ရန်ကုန်မြို့ရှိ သတ်မှတ်ထားသော နေရာများမှာ 4G အင်တာနက်ကိုအသုံးပြုနိုင်ပြီဖြစ်တဲ့အပြင် Data အသုံးပြုခကိုလည်း လက်ရှိနှုန်းအတိုင်း ဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က 4G ၀န်ဆောင်မှုမိတ်ဆက်ခြင်း နဲ့ ပတ်သတ်ပြီး  “အစိုးရက ၂၀၁၇ မှာ 1.8GHz ရှိတဲ့ Spectrum လှိုင်းနှုန်းစဉ်ကို ထုတ်ပြန်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် အဲဒီလှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီးတော့ ကြီးမားကျယ်ပြန့်တဲ့ 4G ကွန်ရက်ကို တည်ဆောက်သွားဖို့ အရင်ကတည်းက ကျွန်တော်တို့စောင့်ကြိုနေခဲ့တာပါ။

4G ၀န်ဆောင်မှုကို အကြိုမိတ်ဆက်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် သတ်မှတ် ထားသောနေရာများမှာ လက်ရှိ Spectrum နဲ့ပဲ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုတွေကို စတင်သုံးစွဲလို့ရအောင် လုပ်ဆောင်ပေး နိုင်ခဲ့ပါတယ်။ ပြီးတော့ MPT ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ နည်းပညာအားဖြင့် အဆင်သင့် ဖြစ်နေပြီဆိုတာကိုလည်း လက်တွေ့ပြသနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပြီး “1.8GHz ဟာ အင်မတန်မှကောင်းမွန်တဲ့ 4G ၀န်ဆောင်မှုဖြစ်တဲ့အတွက် MPT သုံးစွဲသူများ ပိုမိုမြန်ဆန်တဲ့ကွန်ရက်ကို အသုံးပြုနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ 1.8GHz ကို အသုံးပြုပြီးတော့ မြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းဖြင့် အဆောက်အဦထဲမှာတင်ပဲ တည်ငြိမ်တဲ့ ကွန်ရက်ပေါ်ကနေ အကျယ်ပြန့်ဆုံး ပေးစွမ်းသွားနိုင်တော့မှာပါ” လို့ ဆက်လက် ပြောကြားခဲ့ ပါတယ်။

သုံးစွဲသူများအနေနဲ့ MPT အမှတ်တံဆိပ် ဆိုင်တွေဖြစ်တဲ့ ဆူးလေ Branded Store မှာသာမက ရန်ကုန်မြို့တွင်းက ဈေးဝယ်စင်တာတွေဖြစ်တဲ့ Junction Maw Tin၊ Junction Square နဲ့ Taw Win Centre ၊ နေပြည်တော်ရှိ ဈေးဝယ်စင်တာများဖြစ်တဲ့ Junction Center နဲ့ Capital Hyper Market မှာ 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ လည်း 4G ဝန်ဆောင်မှုကို ရရှိနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ယင်းနေရာတွေမှာရှိတဲ့ 4G ဝန်ဆောင်မှုကို အသုံပြုနိုင်ဖို့အတွက် ဆွေသဟာအစီအစဉ်ကို ရယူထား ရမှာဖြစ်ပြီး 4G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းနဲ့ ဆင်းကတ်လည်း ရှိရမှာဖြစ်ပါတယ်။ 4G အသုံးပြုလို့ မရတဲ့ ယခင်ဆင်းကတ်တွေကို ကိုင်ဆောင်ထားသူတွေ အနေနဲ့လည်း ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်ရှိ MPT Branded Store ဆိုင်များမှာ လက်ရှိနံပါတ်အတိုင်း အခမဲ့လဲလှယ် ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com