7/24/2016

♪ မိမိဖုန်းစောင့်ကြည့်ခံနေရသလားဆိုတာ သိရှိနိုင်မယ့် iPhone ကေ့စ်တစ်ခုကို Snowden မိတ်ဆက် ♫


အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSA) ရဲ့ ထိပ်တန်းလှို့ဝှက်သတင်းတွေကို ဖွင့်ချခဲ့သူ CIA အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ Edward Snowden နဲ့ နာမည်ကျော်ဟက်ကာတစ်ဦးဖြစ်သူ Andrew “Bunnie” Huang တို့ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်လုံခြုံမှုကိုကာကွယ်ပေးနိုင်မယ့် စမတ်ဖုန်းကေ့စ်တစ်လုံးကို ဒီဇိုင်းရေးဆွဲထားကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အမေရိကန်အပါအဝင် ဥရောပအစိုးရတွေဟာ ပြည်သူတွေရဲ့ဖုန်းခေါ်ဆိုမှုတွေကို အခွင့်မရှိဘဲ ကြားဖြတ်ဖမ်းယူနေကြောင်း ဖွင့်ဟခဲ့တဲ့ Snowden ဟာ ပိုမိုဆိုးရွားလာတဲ့ ဒီဂျစ်တယ်လုံခြုံရေးအတွက် အခုလိုလုံခြုံရေးမြင့်ဖုန်းကေ့စ်တစ်လုံးကို ထုတ်ဖို့စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

Snowden ရဲ့ ပြောကြားချက်အရ “တရုတ်နိုင်ငံလိုနေရာမျိုးမှာ စိတ်ချရတဲ့ဝက်ဘ်ဆိုဒ်တွေ သွားကြည့်ရင်တောင် ဆိုးရွားတဲ့ rootkit တွေက ဖုန်းမှာ အလိုလို install လုပ်သွားပြီး၊ ဖုန်းကို အဝေးကနေလုံးဝထိန်းချုပ်နိုင်အောင် remote control အပြည့်ဖွင့်ပေးလိုက်နိုင်တယ်” လို့ သိရပါတယ်။ ဒီလို malware တွေကို အစိုးရအပါအဝင် တရားဝင်အဖွဲ့အစည်းတွေကိုယ်တိုင်က ထုတ်ထားနိုင်တာကြောင့် အစိုးရတစ်ရပ်ရပ်က သင့်ကို ဘယ်လောက် အသုံးချနိုင်လဲဆိုတာ သင်ကိုယ်တိုင်တောင်တွေးမိမှာ မဟုတ်ဘူးလို့ Snowden က ဆိုပါတယ်။

Snowden တို့လူသိုက်ထုတ်လုပ်မယ့် iPhone ကေ့စ်ကို “Introspection Engine” လို့ လတ်တလောအမည်ပေးထားပြီး၊ လောလောဆည်တော့ iPhone 6 မော်ဒယ်တွေအတွက်ပဲ ဒီဇိုင်းရေးထားတာဖြစ်ပါတယ်။  နောက်ထပ်ဖုန်းမော်ဒယ်အသစ်တွေအတွက်လည်း ထွက်ရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ Snowden တို့အဖွဲ့က ဆိုပါတယ်။

အဆိုပါကေစ့်ကို iPhone မှာ တပ်ဆင်ထားတာနဲ့၊ ဖုန်းအသုံးပြုသူက Airplane mode ပြောင်းပြီးတဲ့အခါ ဖုန်းကနေ နောက်ထပ် ရေဒီယိုလှိုင်းထုတ်လွှင့်မှုတွေရှိနေသေးလားဆိုတာကို စောင့်ကြည့်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ (iOS 8.2 နောက်ပိုင်းမှာ Airplane mode ပြောင်းပြီးရင်တောင် GPS က အလုပ်လုပ်နေသေးပါတယ်။ ဒီအတွက်ကြောင့် သင့်ဖုန်းကို ခြေရာခံမလိုက်စေချင်ရင် Airplane mode ပြောင်းရုံနဲ့ မလုံလောက်ပါဘူး။)
ဒီ့အပြင် ဖုန်းထဲဝင်ရောက်နေတဲ့ malware တွေဟာ UI မှာ ဘာ သင်္ကေတမှ ဖော်ပြခြင်းမရှိဘဲ၊ ရေဒီယိုထရန်စမစ်တာကို တိတ်တဆိတ်ဖွင့်ပစ်နိုင်ကြောင်း Snowden နဲ့ Huang တို့က ၎င်းတို့ရဲ့ ဘလော့ဂ်ပို့စ်မှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

Introspection Engine ဟာ သီးခြားမီနီကွန်ပြူတာတစ်လုံးဖြစ်ပြီး၊ open source hardware တွေနဲ့ပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖုန်းကေ့စ်မှာတင် ဘက်ထရီသက်သက်ပါသလို၊ လုံခြုံရေးစောင့်ကြည့်မှုတွေကို အချိန်နဲ့တပြေးညီဖော်ပြပေးမယ့် မျက်နှာပြင်တစ်ခုလည်းပါရှိပါတယ်။ စက်ရဲ့တာဝန်ကတော့ ဖုန်းမှာ malware သို့ နည်းပညာချို့ယွင်းမှုတစ်ခုခုကနေ အသုံးပြုသူရဲ့တည်နေရာကို တခြားသူသိရှိနေတယ်ဆိုရင် သတိပေးသွားမှာဖြစ်ပါတယ်။

ယခုဒီဇိုင်းကို ကြာသပတေးနေ့က MIT Media Lab ရဲ့ Forbidden Research ပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး၊ နောက်နှစ်ထဲလောက်မှာ ရှေ့ပြေးမော်ဒယ်တစ်လုံးလောက် ထုတ်လုပ်နိုင်ဖို့ Snowden တို့နှစ်ဦးက မျှော်လင့်ထားတယ်လို့ သိရှိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com