7/21/2016

♪ Android ဖုန်းဈေးကွက်ထဲကို အမိုက်စားစမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးနဲ့ ပြန်လည်ဝင်ရောက်လာတော့မယ့် Nokia ♫


Nokia မိုဘိုင်းကုမ္ပဏီကို Microsoft ထံကနေ ဖင်လန်အခြေစိုက် HMD Global ကုမ္ပဏီက ၀ယ်ယူလိုက်ပြီးနောက်မှာ  မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ Nokia စမတ်ဖုန်းတွေကို ပြန်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

မိုဘိုင်းခေတ်ဦးလောကကို ဦးဆောင်ခဲ့တဲ့ Nokia ကုမ္ပဏီဟာ Nokia အမှတ်တံဆိပ်နဲ့ Android ဖုန်းမော်ဒယ် အသစ်နှစ်မျိုးကို မကြာမီထုတ်လုပ်တော့မှာဖြစ်ကြောင်း နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ သိရပါတယ်။

ယခုစမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို ထိုင်ဝမ်အခြေစိုက်အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်သူကုမ္ပဏီ Foxconn က တာဝန်ယူထုတ်လုပ်မှာဖြစ်ပြီး၊ HMD Global က မားကတ်တင်းနဲ့ ဈေးကွက်ဖြန့်ချိရေးအပိုင်းကို တာဝန်ယူသွားမှာဖြစ်ပါတယ်။

မကြာမီက ပေါက်ကြားလာတဲ့သတင်းအရ၊ Nokia အမှတ်တံဆိပ်စမတ်ဖုန်းနှစ်မျိုးဟာ မျက်နှာပြင်အကျယ် ၅.၂ လက်မနဲ့ ၅.၅ လက်မ ဖုန်းနှစ်မျိုးဖြစ်ပြီး၊ 2K resolution (QHD) မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ IP68 အဆင့်ရရှိထားတဲ့ ရေစိုခံစမတ်ဖုန်းတွေဖြစ်ပြီး၊ Samsung ရဲ့ Galaxy S7 ဖုန်းတွေကို အဓိကဈေးကွက်ယှဉ်ပြိုင် သွားဖွယ်ရှိနေပါတယ်။

မိုဘိုင်းဖုန်းသတင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ချရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Gizmo China မီဒီယာက ဖော်ပြထားချက်အရ၊ Nokia စမတ်ဖုန်းအသစ်နှစ်လုံးဟာ Google ရဲ့ နောက်ဆုံးထွက် Android စနစ် Android 7.0 Nougat စနစ်ကို အခြေခံထားပြီး၊ Nokia ရဲ့ Z Launcher UI ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ကိုယ်ထည်ကို ခေတ်နဲ့အညီ သတ္တုကိုယ်ထည်အသုံးပြုထားပြီး၊ OLED မျက်နှာပြင်ကို သုံးဖွယ်ရှိနေပါတယ်။ ဂရပ်ဖင်း (Graphene) ကာဗွန်အလွှာပြားအပေါ် Nokia ရဲ့ အထူးသုတေသနပြုလေ့လာထားမှုကြောင့် ယခုစမတ်ဖုန်းတွေမှာ ပါဝင်မယ့်ဆန်ဆာတွေဟာ လက်ရှိဖုန်းတွေထဲမှာ အကောင်းဆုံးဆန်ဆာတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

HMD Global အနေနဲ့ Nokia တံဆိပ်စမတ်ဖုန်းအသစ်နှစ်မျိုးကို ၂၀၁၆ ခုနှစ်ကုန်ပိုင်းလောက်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အတွင်းရောက်မှ ဈေးကွက်ဝင်ဖို့ ရှိပါတယ်။

ယခုနှစ်မေလပိုင်းမှာ Nokia က သတင်းထုတ်ပြန်ထားချက်အရ၊ ဖင်လန်အခြေစိုက်ကုမ္ပဏီအသစ်ဖြစ်တဲ့ HMD Global ဟာ Nokia တံဆိပ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ နောက်ထပ် ၁၀ နှစ်တိတိ လိုင်စင်ယူထားတယ်လို့ လည်း သိရပါတယ်။

တစ်ချိန်တုန်းက Nokia ဆိုတာ ကမ္ဘာ့မိုဘိုင်းဈေးကွက်မှာ ထိပ်သီးကုမ္ပဏီဖြစ်ခဲ့ပေမယ့်၊ Apple နဲ့ Samsung ဖုန်းတွေ ကြီးစိုးလာမှုကြောင့် ဈေးကွက်ပျောက်ခဲ့ရပါတယ်။ Android စနစ်အစား၊ Windows ပလက်ဖောင်းကို ရွေးချယ်ခဲ့မှုကလည်း Nokia ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုဖြစ်ခဲ့ပြီး၊ နောက်ဆုံးမှာ ကုမ္ပဏီရဲ့ မိုဘိုင်းထုတ်လုပ်ရေးဌာနတစ်ခုလုံးကို ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၇.၂ ဘီလီယံနဲ့ Microsoft ကို ရောင်းချခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။

ဒါပေမယ့် Nokia ဆိုတာ ဖုန်းသုံးစွဲသူတွေအကြားမှာ နာမည်ရပြီးသားဖြစ်တာကြောင့်၊ ယခုဖုန်းအသစ်နှစ်မျိုးထွက်ရှိလာတဲ့အခါ မိုဘိုင်ဈေးကွက်ကို ပြန်လည်သိမ်းပိုက်နိုင်မလားဆိုတာ ကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com