6/11/2016

♪ " ဈေးမကြီးတဲ့ Acer Aspire One Cloudbook 14 " ♫


အလုပ်ကြီး အကိုင်ကြီး လုပ်စားတဲ့ လူတွေကလွဲပြီး ကျန်တဲ့လူတွေ desktop ကွန်ပျူတာ သုံးချင်စိတ်နည်းပါတယ်။ သွားလေရာပါတဲ့ Laptop ကွန်ပျူတာကို လူအတော်များများမက်ပါတယ်။ အခြေခံအဆင့် အလုပ်အားလုံးကို Laptop ကွန်ပျူတာက လုပ်နိုင်တယ်ဆိုပေမယ့် ဈေးကြီးပါတယ်။ Netbook ခေတ်ပျောက်သွားတဲ့အချိန်ကစပြီး ဈေးအပေါဆုံး Laptop ကွန်ပျူတာတစ်လုံးရဲ့ဈေးဟာ သုံးသိန်းအောက် မဆင်းပါဘူး။ ဈေးပေါတဲ့ Laptop ကွန်ပျူတာတွေဟာ မော်ဒယ်အသစ်လည်း ဖြစ်ခဲ့ပါတယ်။

ဈေးကြီးတဲ့အတွက် Laptop ကို ကျွန်တော်တို့ဆီမှာ လူတိုင်းမသုံးနိုင်သလို သူတို့ဆီမှာလည်း လူတိုင်းမသုံးနိုင်ပါဘူး။ ဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့ Netbook ခေတ်အလွန်မှာပေါ်လာတာက Google Chromebook ဖြစ်ပါတယ်။ Chromebook မှာ OS က မပီပြင်ပါဘူး။ သူက Web browser ကို အားကိုးပြီး အွန်လိုင်းအခြေပြု အလုပ်လုပ်ရတာပါ။ အင်တာနက်မချိတ်တဲ့အချိန်မှာ အလုပ်လုပ်ချင်သူတွေအတွက် စိတ်ကသိကအောက်ဖြစ်စရာကောင်းပါတယ်။ ဒီအားနည်းချက်ကို Google က သိတယ်။ ဒါကြောင့် Chrome ကို Android နဲ့ ပေါင်းစည်းဖို့ ကြိုးစားနေပါတယ်။

Google ရဲ့အားနည်းချက်ကို မပြင်နိုင်မီစပ်ကြားမှာ Windows OS ပီပီပြင်ပြင် ပြင်ပါပြီး ဈေးသက်သက်သာသာနဲ့ ချီတက်လာတဲ့ Laptop ကွန်ပျူတာတစ်မျိုးက Acer Aspire One Cloudbook 14 ဖြစ်ပါတယ်။ Cloudbook ဆိုတာ တစ်ခေတ်ဖြစ်လာတဲ့အတွက် ငွေကြေးချွေတာရသူတွေဟာ Chromebook အပြင် Cloudbook ကိုပါ ရွေးချယ်ပိုင်ခွင့်ရှိလာပါတယ်။ Acer One ဟာ မျက်နှာပြင် ၁၄ လက်မ အရွယ်ရှိပြီး ဆိုက်ပြည့် Laptop ကွန်ပျူတာဖြစ်ပေမယ့် မျက်နှာပြင် ၁၁ လက်မအရွယ်ရှိတဲ့ Dell Inspiron ထက်တောင် ဈေးသက်သာပါတယ်။

ဈေးသက်သာတဲ့ကွန်ပျူတာဖြစ်တာနဲ့အညီ အပြင်အဆင်အားနည်းတာတွေလည်းရှိပါတယ်။
ပစ္စည်းကောင်းကြိုက်သူတွေ ရင်ခုန်လောက်တဲ့ အပြင်အဆင်ဒီဇိုင်းမျိုးမရှိပါဘူး။ ကိုယ်ထည်တည်ဆောက်ပုံဟာ အရောင်အသွေးတောက်ပရွှန်းစိုတဲ့ Dell inspiron ထက် ဆွဲဆောင်မှုနည်းတာ အမှန်ပါ။ Acer ရွေးထားတဲ့ အရောင်ကလည်း ရောင်းပန်းဝယ်ပန်းကောင်းအောင် အထောက်အကူမပေးနိုင်ပါဘူး။ ဒီလိုအားနည်းချက်တွေ ရှိပေမယ့် Cloudbook 14 ဟာ ခရီးဆောင်ကွန်ပျူတာအနေနဲ့ ပီပီပြင်ပြင် အသုံးတော်ခံနိုင်ပါတယ်။ သူ့ရဲ့အထူဟာ 17.9 mm ပဲရှိပြီး အလေးချိန် က 1.6 kg ပဲရှိလို့ပါ။

၁၄ လက်မ screen နဲ့အတူ Laptop တစ်လုံးအတွက် စံမီတဲ့ကီးဘုတ် ပါလာပါတယ်။ အမျိုးအစားကောင်း Laptop တွေမှာပါလာတဲ့ကီးဘုတ်ကို သုံးရစွဲရသက်သောင့်သက်သာမရှိတာနဲ့ စာရိုက်တဲ့အခါမှာ အသံဆူတာကိုတော့ ခွင့်လွှတ်ရပါလိမ့်မယ်။ ကီးဘုတ်ဘက်မှာအားနည်းပေမယ့် touch pad ဖက်ကိုကြည့်ပြန်တော့ အံ့အားသင့်ရလောက်အောင် ကောင်းနေပြန်ပါတယ်။ အရွယ်အစားအတော်ကြီးတဲ့ touch pad ဖြစ်ပြီး တုန့်ပြန်မှုကလည်း သိပ်ကောင်းပါတယ်။ Touch pad မှာသုံးထားတဲ့ Coating က ချောမွေ့ပြီး လက်နဲ့ပွတ်ဆွဲတာ၊ gesture လုပ်တာတွေကို သက်သက်သာသာနဲ့ ဆောင်ရွက်စေနိုင်ပါတယ်။ Touch pas နဲ့ တွဲပေးထားတဲ့ မောက်စ် ခလုတ်တွေက ပေါ်ပေါ်လွင်လွင်ရှိပြီး သုံးရတာလည်း အဆင်ပြေလွယ် ကူပါတယ်။

Cloud book 14 ဟာ port တွေ စုံစုံလင်လင်ထည့်သွင်းထားတယ်ဆိုတာလည်း တွေ့ရပါတယ်။ သူ့မှာ USB port နှစ်ခုပါပြီး port တစ်ခုက USB 3 ဖြစ်ပါတယ်။ HDMI port ကလည်း full HDMI, head set အတွက် Jack ပေါက်လည်းပါပါတယ်။ အားနည်းချက်က storage space ပါ။ 32GB ရှိတဲ့ EMMC storage ပါ။ Windows 10 home အသင့်တင်ထားပြီးတဲ့အခါ ကိုယ့်အတွက်သုံးစရာ space 10GB ပဲကျန်ပါတယ်။ အပိုဆောင်း storage အတွက် အရွယ်အစားကြီး မင်မိုရီစတစ် ဒါမှမဟုတ် External hard disk ကို အားကိုးရပါလိမ့်မယ်။ မကောင်းတဲ့အထဲက ကောင်းတဲ့အချက်တစ်ခုကိုပြရမယ်ဆိုရင် EMMC storage တွေရဲ့ သက်တမ်းကြာရှည်ခံတဲ့အချက်ပါ။ ဘက်ထရီသာစဉ်ဆက်မပြတ်လဲပြီး သုံးလို့ရမယ်ဆိုရင် ကွန်ပျူတာကို ငါးနှစ် လောက်အထိ စိတ်ချလက်ချ သုံးလို့ရပါလိမ့်မယ်။

Storage ပမာဏနည်းရတာကလည်း အကြောင်းရှိပါတယ်။ ကွန်ပျူတာကို Cloud book လို့ နာမည်ပေးထားတဲ့အတိုင်း သူ့ရဲ့အဓိကဦးတည်ချက်ဟာ အွန်လိုင်းဖြစ်ပါတယ်။ Acer ရဲ့ ရည်ရွယ်ချက်ဟာ အွန်လိုင်းသိုလှောင်မှုကို အားပြုဖို့ဦးတည်ပါတယ်။ ဒါကြောင့် Cloudbook 14 ဟာ Microsoft One Drive ရဲ့ အခမဲ့သိုလှောင်မှု 1TB နဲ့လာပါတယ်။ ဒါ့အပြင် တစ်နှစ်အတွက် ဒေါ်လာ ၁၀၀ အခပေးပြီးသုံးရတဲ့ Office 365 ကိုလည်း အခမဲ့သုံးဖို့ ထည့်ပေးထားပါသေးတယ်။ Cloudbook သုံးအတွက် ပေးရတဲ့ ဒေါ်လာ ၂၅၀ ထက်စာရင် အများကြီးဝယ်ပျော်သလို ဖြစ်နေပါတယ်။ Storage space နည်းတယ်ဆိုပေမယ့် SD Card reader ကလည်းပါနေတဲ့အတွက် SD ကတ်အရွယ်ကြီးကြီးထိုးစိုက်ပြီး သုံးနိုင်မယ်ဆိုတဲ့အားသာချက်ကလည်း ရှိနေပါတယ်။

Standard SD ကတ်က အရွယ်ကြီးတယ်။ Laptop မှာ အမြဲထိုးစွပ်ထားရင် ကွန်ပျူတာရဲ့ Card reader ကနေ ဘေးဘက်ကို လက်မ၀က်လောက် စွန်းထွက်နေပါတယ်။ ဒါဟာ ပြဿနာတစ်ခုလို့ယူဆရင် တော့ အရွယ်အစားသေးတဲ့ SD ကတ်ကို ရှာဝယ်ရပါမယ်။ Cloudbook 14 ဟာ ဈေးမကြီးတဲ့ Laptop ကွန်ပျူတာဖြစ်တာမို့ သူ့ရဲ့ processor ဟာ အားသေးပါမယ်။ Core i series မဟုတ်ပါဘူး။ dual core 1.6 GHz intel celeron processor နဲ့ လာပါတယ်။ Dell inspiron 11 မှာ သုံးထားတာကလည်း celeron processor ပါပဲ။ ဒီ processor က စာစီစာရိုက်နဲ့ web browsing အတွက် လုံလောက်ပါတယ်။ ဓာတ်ပုံအရွယ်သေးသေးတည်းဖြတ်လို့ရပါတယ်။ ဗီဒီယိုတည်းဖြတ်ဖို့နဲ့ ဂိမ်းကြီးကစားဖို့ မသင့်တော်ပါဘူး။

Cloudbook 14 ဟာ RAM 2 GB ထည့်ပေးထားပါတယ်။ ဒီနေ့ခေတ် အနိမ့်တန်း Laptop ကွန်ပျူတာတွေမှာထည့်ပေးတဲ့ ပျမ်းမျှနှုန်းအတိုင်းပါ။ ဒီ RAM နဲ့ ဒီ processor ဟာ document တည်းဖြတ်တာနဲ့ အင်တာနက်ကြည့်တာ၊ အင်တာနက်ဖိုင်တွေသိမ်းတာမှာ အဆင်ပြေပေမယ့် Windows 10 လို footprint ကြီးတဲ့ OS တစ်ခုမှာ ကွန်ပျူတာအတက်နှေးပါလိမ့်မယ်။ ကွန်ပျူတာရဲ့စွမ်းရည်အရ 1080 p ဗီဒီယို 4K ဗီဒီယိုတွေကို ဆွဲတင်ပြသရာမှာ ကျေနပ်လောက်တဲ့အဆင့်မရှိတာကိုလည်း တွေ့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ သင့်ရုံရှိပေမယ့် ချီးကျူးလောက်တဲ့ နေရာတစ်ခုကတော့ ဘက်ထရီအသုံးခံချိန်ပါ။ Cloudbook 14 ကို ဗီဒီယိုတွေဆက်တိုက်ဖွင့်ပြီး စမ်းသပ်ရာမှာ ဘက်ထရီအသုံးခံချိန် ၁၁ နာရီ ၂၀ မိနစ်ရတဲ့ အတွက် Laptop ကွန်ပျူတာအတန်းအစားအားလုံးမှာ ထိပ်တန်းအဆင့်ရှိနေပါတယ်။

Cloudbook 14 ရဲ့ဘက်ထရီအသုံးခံချိန်ဟာ Toshiba Satellite C40-C တို့လိုဈေးသက်သာပြီး ဘက်ထရီကြာကြာအသုံးခဲ့တဲ့ကွန်ပျူတာတွေနဲ့ ယှဉ်နိုင်ပါတယ်။ ဒေါ်လာ ၃၀၀ ကျော်တန်တဲ့ C40-C ကတော့ ဘက်ထရီအသုံးခံချိန် ၁၂ နာရီနီးပါးရှိပါတယ်။ မျက်နှာပြင် ၁၄ လက်မရှိတဲ့ Cloudbook 14 ဟာ screen resolution 1366x 768 ဖြစ်ပါတယ်။ Laptop အတော်များများရဲ့ စံသတ်မှတ်ချက်အတိုင်းပေးထားပါတယ်။ ဒါပေမဲ့ Viewing angle ကျဉ်းပါတယ်။ ရှေ့တည့်တည့်ကြည့်မှ အဆင်ပြေပြီး စောင်းကြည့်ရင် အရောင်နဲ့ အလင်းအမှောင် ပြောင်းတာတွေ့ရပါမယ်။ ရှေ့တည့်တည့်ကနေ ရေပြင်ညီတစ်တန်းတည်းထားကြည့် ရင်တော့ ကောင်းကောင်းအသုံးတည့်ပါတယ်။

Screen ရဲ့အရောင်ပုံဖော်မှုကိုကြည့်ရင် SRGB စံသတ်မှတ်ချက်မှာ color gamut 61.81% ရပါတယ်။ အရောင်မှန်တာကို အသားပေးတဲ့ ဓာတ်ပုံတည်းဖြတ်မှုတွေအတွက် သိပ်ပြီးသင့်တော်တာမဟုတ်ပါဘူး။ Contrast ratio 423:1 နဲ့ black level 0.56 cd/m2 ပဲရှိတာမို့ Screen ပေါ်ကပုံတွေဟာ အရောင်သိပ်မစိုပါဘူး။ text တွေကိုပဲ များများကြည့်မယ်ဆိုရင်ဖြင့် အဆင်ပြေပါလိမ့်မယ်။ Screen brightness 241.2 cd/m2 ဟာ စံသတ်မှတ်ချက်အောက်မှာရှိနေပြီး ဗီဒီယိုတွေ ဘာတွေ ကြည့်ချင်တဲ့လူတွေအတွက် အားမလို အားမရ ဖြစ်စရာရှိပါတယ်။ အားနည်းချက်တွေရှိနေပေမယ့် ဒေါ်လာ ၂၅၀ တန် အရွယ်ကြီးကြီး Cloudbook 14 ဟာ Laptop ကွန်ပျူတာသိပ်လိုချင်နေသူတွေအတွက်တော့ အာသာပြေပါလိမ့်မယ်။

နောင်စိုး (ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com