2/20/2016

♪ CAT ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ အပူအာရုံခံကင်မရာပါ စမတ်ဖုန်း ♫


ဆောက်လုပ်ရေးလုပ်ငန်းသုံးကားကြီးတွေထုတ်လုပ်ရာမှာ နာမည်ကျော်တဲ့ Caterpillar ကုမ္ပဏီကလည်း စမတ်ဖုန်းဈေးကွက်ထဲကို ၀င်ရောက်လာပါပြီ။
CAT ကုမ္ပဏီက ထုတ်လုပ်တဲ့ Cat S60 ကုမ္ပဏီဟာ လုပ်ငန်းခွင်သုံးဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ တာရှည်အကြမ်းခံမှုကို ဦးစားပေးထားပါတယ်။ ဒီ့အပြင် တခြားစမတ်ဖုန်းတွေအားလုံးနဲ့ မတူတဲ့ထူးခြားချက်ကတော့ Cat S60 ဖုန်းမှာ thermal camera (အပူအာရုံခံကင်မရာ) ပါဝင်လာတာ ဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာနဲ့ လေယာဉ်တွေမှာအသုံးပြုတဲ့ အဆင့်မြင့် FLIR ( အပူထုတ်လွှတ်တဲ့အရာဝတ္တုကနေ ထွက်ရှိတဲ့ အနီအောက်ရောင်ခြည်ဖြာထွက်မှုကိုဖမ်းယူကာ၊ ပုံရိပ်ဖော်တဲ့နည်းပညာ) ကိုအသုံးပြုထားပြီး၊ အလင်းရောင်လုံးဝမရှိတဲ့ ညအမှောင်ထုထဲမှာတောင် ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါတယ်။
Android စနစ်သုံး၊ အကြမ်းခံဖုန်းတစ်လုံးဖြစ်ပြီး၊ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ဖုန်းဖြစ်တာကြောင့် အပျော်ကိုင်မယ့် လူငယ်လူရွယ်တွေ အကြိုက်တွေ့မယ့်ဖုန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကလိချင်တဲ့လူတွေ၊ စူးစမ်းချင်စိတ်ရှိတဲ့လူတွေအနေနဲ့တော့ ဒီစမတ်ဖုန်းက အပူအာရုံခံကင်မရာကိုသုံးပြီး ညဘက် ဟိုရိုက်၊ဒီရိုက် လျှောက်ရိုက်ရတာကလည်း ပျော်ဖို့ကောင်းမှာပါ။
ကျောကင်မရာက 13 MP ရှိပြီး၊ ရှေ့ကင်မရာက 5 MP ရှိပါတယ်။ CAT ကုမ္ပဏီရဲ့အဆိုအရတော့ ဒီဖုန်းဟာ ကမ္ဘာ့ရေစိုအခံနိုင်ဆုံးဖုန်းဖြစ်ပြီး၊ ရေအောက် ၁၆ ပေလောက်မှာ၊ တစ်နာရီလောက် စိမ်ထားရင်တောင် ဘာမှ မဖြစ်ဘူးလို့ သိရပါတယ်။
နောက်ဆုံးပေါ် Android Marshmallow ကို သုံးထားပြီး၊ ဘက်ထရီအား 3800 mAh ရှိပါတယ်။ ဖုန်းမျက်နှာပြင်က ရေထဲမှာတောင် ကောင်းကောင်းအလုပ်လုပ်သလို၊ လက်အိတ်နဲ့ သုံးရင်လည်း ကောင်းကောင်းအလုပ်လုပ်ပါတယ်။
Cat S60 ဖုန်းကို မေလထဲမှာ ၅၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ FLIR အပူအာရုံခံကင်မရာ တစ်ခုတည်းကိုက အပြင်ဈေးကွက်မှာ ၂၅၀ ဒေါ်လာလောက်ရှိတာကြောင့် ဈေးသိပ်မများဘူးလို့ ဆိုရမှာပါ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး၊ thermal camera ပါတဲ့ဖုန်းတစ်လုံး လိုချင်သူတွေအတွက် အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ပြီး၊ အကြမ်းခံမှုပိုင်းကလည်း CAT ကုမ္ပဏီထုတ်ဆိုတော့ ပြောစရာမလိုအောင် စိတ်ချရပါတယ်။

Ref: Tech Radar

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com