2/24/2016

♪ “ ၂၀၁၆ တွင် ဈေးကွက်ထဲဝင်လာမည့် Android စမတ်ဖုန်းများ “ ♫


နှစ်တစ်နှစ်ရောက်ပြီဆိုရင် နာမည်ကြီး branded စမတ်ဖုန်းများ အသစ်ထုတ်ရန် တန်းစီစောင့်ဆိုင်းကြပါသည်။ Android 6.0 ထွက်ပြီဟု ဆိုသော်လည်း ၂၀၁၅ ကုန်ချိန်အထိ တန်ဖိုးမြင့် Android စမတ်ဖုန်းများတွင် ယင်းကိုမတွေ့ရသေး။ ပြည်တွင်းသို့ရောက်လာသောစမတ်ဖုန်း အတော်များများမှာ Android 5.1 m အမြင့်ဆုံးဖြစ်သည်။ ၂၀၁၆ ခုနှစ်နွေရာသီတွင် ပြည်တွင်းသို့ဝင်လာဖွယ်ရှိသော စမတ်ဖုန်းများသည် Android 6.0 ကိုယူဆောင်လာကြလိမ့်မည်ဟုမျှော်လင့်ရပါသည်။ ၂၀၁၆ ခုနှစ်တွင် ဈေးကွက်ထဲသို့ဝင်ရန် တာစူနေသော Android စမတ်ဖုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
* Samsung Galaxy S7 and S7 Edge *
လာမည့်မတ်လတွင် ကျင်းပမည်ဖြစ်သော Mobile World Congress တွင် Galaxy S7 ကိုမြင်ကြရပါမည်။ Galaxy S6 တွင် Samsung သည်ယင်း၏ ကိုယ်ပိုင် Exynos processor ကို မသုံးဘဲ Qualcomm processor ကိုသာကျောထောက်နောက်ခံပြုခဲ့သည်။ ဤရည်ရွယ်ချက်အတိုင်းပင် Galaxy S7 တွင်လည်း ဆက်လက်ကျင့်သုံးသွားမည်ဟု မျှော်လင့်ရပါသည်။ Samsung သည် Snapdragon 820 processor ကို Galaxy S7 တွင် အသုံးပြုရန်အတွက် စမ်းသပ်ခဲ့သည်။
စစ်စစ်အားဖြင့် Samsung သည် Qualcomm နှင့်အတူယှဉ်တွဲ ၍ အလုပ်လုပ်သွားရန် စဉ်းစားထားပုံရပြီး Snapdragon 820 တွင် 3GHz အမြန်နှုန်းအထိအလုပ်လုပ်နိုင်သော Kyro CPU Cpores များကို ထည့်သွင်းရန် ရည်ရွယ်ခဲ့သည်။ ယင်းရည်ရွယ်ချက်သာ အထမြောက်ခဲ့လျှင် Galaxy S7 တွင် Graphic အဖြစ် Adreno 530 ကိုမြင်ရနိုင်ပြီး LP DDR 4 RAM လည်း ပါဝင်လာနိုင်သည်။ RAM ပမာဏမှာလည်း ယနေ့ခေတ် တန်ဖိုးကြီးဖုန်းများတွင်သုံးနေသည့် 4G အစား Galaxy S7 တွင် 6Gb ပါလာနိုင်သည်။ Screen မှာအလွန်ကောင်းနေပြီဖြစ်ရာ S7 တွင် အသစ်အဆန်းမြင်ရစရာအကြောင်းမရှိပါ။ 5.1 in ရှိသော QHD Super AMOLED Screen သာဖြစ်စရာအကြောင်းရှိသည်။ S6 တွင် တွေ့မြင်ခဲ့ရသော fingerprint scanner နှင့် heart rate monitor တို့သည် S7 တွင် ပြန်ပါလာပါလိမ့်မည်။ Android 6.0 ကို အခြေခံပြီး Touch Wiz နှင့် ပွဲထွက်လာဖွယ်ရှိသော Galaxy S7 နှင့် S7 Edge တို့သည် ၂၀၁၆ ခုနှစ်တွင် လူကြိုက်အများဆုံး Android ဖုန်းများဖြစ်လာနိုင်ပါသည်။
* Sony Xperia Z6 *
စမတ်ဖုန်းလောကတွင် ကိုရီးယားဖုန်းများ အခြေအနေကောင်းသော်လည်း ၂၀၁၅ ခုနှစ်ထဲတွင် X peria Z5 ဖြင့် ပွဲထွက်လာခဲ့သော Sony သည်လှိုင်းကြမ်းလေကြမ်းများထဲတွင် စီးမျောခဲ့ရပါသည်။ Xperia Z 5 သည် အကြီးအကျယ်အောင်မြင်မှုဟု မျှော်လင့်ခဲ့ပြီး သင့်တင့်သလောက်လည်း အောင်မြင်မှုရခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်လည်း အဆိုပါ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာစွဲကိုင်ပြီး Xperia Z 6 ဖြင့် ပွဲထွက်လာပါဦးမည်။
Xperia Z 6 နှင့်ပတ်သတ်ပြီး သတင်းပေါက်ကြားမှု အနည်းအကျဉ်းသာရှိခဲ့သော်လည်း Sony သည် ခြောက်လတစ်ကြိမ် စမတ်ဖုန်းမော်ဒယ်အသစ်ထုတ်သည့်စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဟု ယုံကြည်ရပါသည်။ ထိုကြောင့် Xperia Z 6 သည် ၂၀၁၆ ခုနှစ်စက်တင်ဘာလလောက်တွင်မှ ဈေးကွက်ထဲရောက်လာနိုင်ပါမည်။ Z6 သည် Z5 မှာကဲ့သို့ပင် ရေလုံသည်စွမ်းရည်နှင့်လက်ဗွေစနစ်များ ပါဝင်လာဖို့များသည်။ သို့သော် စမတ်ဖုန်းလောကတွင် တခြားဖုန်းများနှင့်မတူ တမူထူးကဲစွာလှုပ်ခတ်နိုင်ရန်အတွက် ဆန်းသစ်မှုတစ်ခုခုက ပါလာပါဦးမည်။
* LGV 10 *
စမတ်ဖုန်းလောကတွင် LG G4 Pro ကို Galaxy S6 ကဲ့သို့ပင်လူကြိုက်များကြပါသည်။ သို့သော် ဈေးနှုန်းကြီးမြင့်လှသဖြင့် လူတိုင်းဝယ်ဖို့ မတတ်နိုင်။ သို့အတွက် LG G4 pro နှင့်ပုံစံတူပြီး ဈေးသက်သာစေရန် အရည်အသွေးလျှော့ထားသော LG V10 ကို ထုတ်ခဲ့ပါသည်။ ဤဖုန်းတွင် screen နှစ်ခုပါသည်။ screen resolution မှာ QHD ဖြစ်ပြီး ရှေ့မျက်နှာစာအတွက် Selfie ကင်မရာလည်း နှစ်ခုပါဝင်သည်။ Video ကို မိမိစိတ်ကြိုက်ညှိပြီး ရိုက်ကူး Manual Model ပါဝင်ပြီး micro SD ကို 2 TB အထိ ထည့်သွင်းအသုံးပြုနိုင်သည်။
အတွင်း Storage 64Gb ပါသည်။ 300 mAh ဘက်ထရီမှာ ဖြုတ်၍ တပ်၍ရသော ဘက်ထရီဖြစ်ရာ service ဌာနအများအပြားမထားနိုင်သေးသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သင့်တော်သည်။ CPU အဖြစ် hexa-core ပါဝင်သော Snapdragon 808 chip ကိုသုံးပြီး RAM 4G ပါဝင်လာပါမည်။ အသံမှာ 32 bit Hi-Fi DAC ဖြစ်ပါမည်။ ၂၀၁၅ ခုနှစ် ကုန်ပိုင်းတွင် ဈေးကွက်ထဲသို့ပို့ရန် အထမမြောက်ခဲ့သော LE V10 သည် ၂၀၁၆ ခုနှစ်ဦးပိုင်း၌ ဈေးကွက်ထဲ ပီပီပြင်ပြင်ရောက်လာပါလိမ့်မည်။

* LG G Flex 3 *
မျက်နှာပြင်ခွက်ခွက်နှင့် LG G Flex 2 ဖုန်းသည်စိတ်ဝင်စားဖွယ်ကောင်းသောစမတ်ဖုန်းတစ်လုံးဖြစ်သည်။ ယင်းတွင်သုံးထားသော ပစ္ပ္စည်းများက ခြစ်ရာထင်ခဲ့လျှင် အလိုလိုပျောက်သွားစေရန် လုပ်ဆောင်ပေးနိုင်သော အစွမ်းရှိသည်။ Flex 3 ကမူ ပို၍စိတ်ဝင်စားဖွယ်ကောင်းနိုင်ပါသည်။ ပေါ်ထွက်နေသောကောလဟလများအရ Flex 3 သည် သတ္တုကိုယ်ထည်၊ premium design တို့နှင့် ပေါ်ထွက်လာမည်ဟုဆိုသည်။ ဤဖုန်းမော်ဒယ်အသစ်တွင် Qualcomm Smap dragon 820 ပါဝင်လာဖွယ်ရှိပြီး RAM အနိမ့်ဆုံး 4Gb ထည့်သွင်းပါလိမ့်မည်။ micro SD ကို 32Gb အထိ ထည့်သွင်းပြီး တိုးချဲ့နိုင်ပါမည်။
ပေါက်ကြားလာသောသတင်းများအရ ဤဖုန်းတွင်ပါဝင်မည့်ဘက်ထရီမှာ 3500 mAh ရှိမည်ဟု သိရပြီး Finger print scanner ကိုလည်း ထည့်သွင်းပေးပါမည်။ ကင်မရာများ အဆင့်မြင့်လာပြီး ရှေ့ကင်မရာ 8 MP နှင့် နောက်ကင်မရာ 20.7 MP ရှိပါသည်။ LG G Flex 3 ကို ထွက်ပါတော့မည်ဟု ကုမ္ပဏီက အတည်ပြုကြေညာခြင်းမရှိသေးသော်လည်း ၂၀၁၆ နွေရာသီထဲတွင် ဈေးကွက်ဝင်လာမည်ဟုမျှော်လင့်ရပါသည်။ ဈေးနှုန်းမှာ သက်သာမည်မဟုတ်ပါ။ ပေါင် ၅၀၀ ကျော် ကျသင့်ပါလိမ့်မည်။
* One Plus 3 *
One Plus သည်စမတ်ဖုန်းလောကတွင်အသစ်ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်ကို ကိုင်လှုပ်ခဲ့သည်။ One Plus 2 နှင့် One Plus X တို့က ဈေးကွက်မှာ အောင်မြင်သည်။ ယခုလည်း One Plus ဆက်၍ထွက်လာမည့်အသံကို တီးတိုးတီးတိုးကြားနေရပြီ။ နောက်ထွက်မည့်မော်ဒယ်ပုံစုံကို အွန်လိုင်းပေါ်တွင်လည်းတွေ့နေရပြီ။ ထိုပုံအတိုင်းဆိုလျှင် fingerprint scanner သီးခြားပါမည့်ပုံမပေါ်ပါ။
One Plus သည် Sony ၏လမ်းစဉ်အတိုင်းလိုက်ပြီး Fingerprint Scanner ကို power button တွင်ထည့်မည့်ပုံပေါ်သည်။ သို့တည်းမဟုတ် fingerprint scanner စီမံကိန်းကို လုံးဝစွန့်လွှတ်ကောင်းလည်း စွန့်လွှတ်နိုင်သည်။ သို့တည်းမဟုတ် ယင်းထက်ပိုပြီးဆန်းသစ်သော iris-scanning ကိုသုံးကောင်းလည်းသုံးနိုင်သည်။
ကနဦးပေါက်ကြားသော One Plus 3 ဆိုင်ရာအချက်အလက်များအရဆိုလျှင် One Plus 3 ၌သုံးမည့် CPU သည် 820 Chip ဖြစ်လာပါမည်။ ၂၀၁၆ ခုနှစ်ထုတ် ထိပ်တန်းအဆင့်ဖုန်းအားလုံးတွင် ယင်း processor ကို ပင် အများဆုံးသုံးကြပါလိမ့်မည်။ ထို CPU ကို သုံးခြင်းကြောင့် performance တက်လာမည့်အပြင်ဘက်ထရီအသုံးခံမှုပိုကောင်းလာပါမည်။ ယင်း CPU နှင့်တွဲမည့် Adreno 530 graphic အဆင့်အမြင့်ဆုံးဖြစ်ပါသည်။ Qualcomm Quick charge 3.0 ကိုသုံးသဖြင့် အားသွင်းချိန် အလွန်တိုပါမည်။ screen မှာ 1080 p အဆင့် Full HD ကိုအထောက်အပံ့ပေးပါမည်။ သုံးထားသည့်ပစ္စည်းများ အလွန်အဆင့်မြင့်သော်လည်း ဖုန်းကို ဒေါ်လာ ၅၀၀ အောက်ဈေးဖြင့်ရောင်းမည်ဟု ဆိုထားရာ သုံးစွဲသူတို့ အကြိုက်တွေ့ကြပါလိမ့်မည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com