2/25/2016

♪ Samsung Galaxy S7 ကို ရေအောက်မှာ ဖွင့်ဖောက်စမ်းသပ်ပြ ♫


Samsung Galaxy S5 ဖုန်းတုန်းက ရေစိုခံဖုန်းဖြစ်ပေမယ့်၊ Galaxy S6 ဖုန်းမှာကျတော့ ရေစိုခံနိုင်စွမ်းရည် ပါဝင်မလာပါဘူး။ ဒါပေမယ့် အခုထွက်ရှိလာတဲ့ Galaxy S7 ဖုန်းမှာတော့ ရေစိုခံနိုင်စွမ်းရည် ပြန်လည် ပါဝင်လာပြီး IP 68 အဆင့်အထိ ရထားပါတယ်။

ရေအောက် ၅ ပေမှာ မိနစ်သုံးဆယ်အထိ စိမ်ထားနိုင်တယ်ဆိုတဲ့ Galaxy S7 ဖုန်းရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အတွက် တယ်လီကွန်း ကုမ္ပဏီ T-Mobile ၀န်ထမ်းတစ်ဦးဖြစ်သူ Des ဟာ S7 ဖုန်းကို ရေအောက်မှာ ဖွင့်ဖောက်ပြသသွားခဲ့ပါတယ်။

T-Mobile ရဲ့ ပရောဂျက်မန်နေဂျာဖြစ်သူ Des ဟာ ဖုန်းဖွင့်ဖောက်ပြသတဲ့ unboxing ဗီဒီယိုကို ရေအောက်မှာပဲ ရိုက်ကူးထားတာဖြစ်တာကြောင့် ဒီဗီဒီယိုမှာ စကားပီပီသသမပြောနိုင်ဘဲ၊ ကြည့်ရှုသူတွေ နားလည်နိုင်ဖို့ စာတန်းထိုးပေးထားရပါတယ်။

Des ဟာ S7 ဖုန်းကို ရေအောက်မှာတင် ပါဝါဖွင့် ပြခဲ့သလို၊ အနားကူးခတ်လာတဲ့ အဖော်တစ်ယောက်ကို ဓာတ်ပုံရိုက်ပြတာ၊ ရေအောက်မှာတင် ဗီဒီယိုဖုန်း ခေါ်ပြတာတွေလုပ်ခဲ့ပါတယ်။ ဗီဒီယိုအဆုံးမှာ S7 Edge ကလည်း သူလည်း ရေစိုခံနိုင်ကြောင်း ၀င်ရောက်ပြသသွားတာကို တွေ့ရပါတယ်။

စကားမစပ် Galaxy S7 ဖုန်းမှာ ဖော်ပြထားတဲ့ IP rating ဆိုတာ အီလက်ထရောနစ် ပစ္စည်းတစ်ခုရဲ့ ပြင်ပပစ္စည်း ၀င်ရောက်မှုကနေလုံခြုံမှု (Ingress Protection) လို့ အဓိပ္ပါယ်ပြန်ဆိုနိုင် ပါတယ်။

IP နောက်က ဂဏန်းနှစ်ခုမှာ ပထမဂဏန်းက အစိုင်အခဲပစ္စည်းတွေဝင်ရောက်နိုင်တဲ့ပမာဏဖြစ်ပြီး 6 အဆင့်က ဖုန်မှုန့်တွေတောင် ဖုန်းတွင်းလုံးဝမ၀င်နိုင်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒုတိယဂဏန်းကတော့ ရေ စိုခံနိုင်စွမ်းရည်ပါ။ Galaxy S7 ရရှိထားတဲ့ IP 68 ကတော့ အမြင့်ဆုံး IP သတ်မှတ်ချက်ဖြစ်ပါတယ်။

Ref: Android Pit
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com