ကနေဒါနိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ပထမဆုံး
ကွေးညွတ်နိုင်တဲ့စမတ်ဖုန်းကို တီထွင်နိုင်ခဲ့ပါတယ်။
ထူးခြားချက်နောက်တစ်ခုကတော့ စမတ်ဖုန်းရဲ့ ဖန်သားပြင်ကို လက်နဲ့ထိစရာမလိုဘဲ
ဂိမ်းဆော့တာ၊ စာမျက်နှာနောက်တစ်ရွက်လှန်တာတွေကို ဖုန်းကို ကွေးညွတ်ပြီး
ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။
ဒီ စမတ်ဖုန်းကို ကနေဒါနိုင်ငံ၊ ကွင်းစ်တက္ကသိုလ်က သိပ္ပံသုတေသနပညာရှင်တွေ ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ‘ReFlex’ ဖုန်းလို့ အမည်ပေးထားပါတယ်။
အရောင်အသွေးစုံ၊ ရုပ်ထွက်မြင့်မားကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ အသုံးပြုသူတွေအနေနဲ့ ကွေးညွတ်မှုပုံစံအမျိုးမျိုးနဲ့ စမတ်ဖုန်းကို ထိန်းချုပ်ကာ ထူးခြားတဲ့အတွေ့အကြုံကို ခံစားနိုင်မှာပါတယ်။
“ ကိုယ်ဖတ်နေတဲ့စာအုပ်ကို နောက်တစ်မျက်နှာလှန်ချင်ရင်၊ ဖုန်းကို ညာဘက်ကွေးလိုက်ရုံနဲ့ စာမျက်နှာပြောင်းနိုင်ပါတယ်။ ဒီ့အပြင် စာမျက်နှာနောက်တစ်ရွက် လှန်လိုက်တာနဲ့၊ ဖုန်းမှာရှိတဲ့ ဆန်ဆာကနေ လက်ချောင်းထိပ်ကို တုန်ခါမှုပေးပြီး၊ အပြင်မှာ စာအုပ်အစစ်တစ်အုပ်ကို တစ်ရွက်ပြီးတစ်ရွက် လှန်ဖတ်နေရသလိုမျိုး ခံစားမှုပေးနိုင်ပါတယ်။ ” လို့ Queen တက္ကသိုလ်၊ Human Media Lab ရဲ့ ဒါရိုက်တာ Roel Vertegaal က ပြောကြားခဲ့ပါတယ်။
ReFlex ဖုန်းမှာ LG ရဲ့ ကွေးညွတ်ဒဏ်ခံ OLED touch screen ဖန်သားပြင်ကိုအသုံးပြုထားပြီး၊ Android 4.4 (KitKat) စနစ်ဖြစ်ပါတယ်။ Voice Coil လို့ခေါ်တဲ့ ဆန်ဆာတစ်ခုလည်းပါရှိပြီး၊ ဂိမ်းထဲက တုန်ခါမှုတွေ၊ လှုပ်ရှားမှုတွေကိုလည်း ဖုန်းအသုံးပြုသူအနေနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။
ဥပမာ Angry Bird ဂိမ်းကစားတဲ့အခါ စမတ်ဖုန်းဖန်သားပြင်ကို ကွေးလိုက်တာနဲ့ လောက်လေးခွသားရေကြိုးက နောက်ကို ဆွဲသွားမှာဖြစ်ပြီး၊ ဖုန်းအသုံးပြုသူအနေနဲ့လည်း အပြင်မှာ တကယ်တမ်း လောက်လေးခွကိုင်ပစ် နေရသလို သားရေကြိုတင်းသွားတဲ့ခံစားမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ ငှက်ကို ပစ်လွှတ်ချင်တဲ့အခါ ဖုန်းကွေးထားတာကို လွှတ်လိုက်ရုံနဲ့ သားရေကြိုးလည်း လွတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ယခု ReFlex ဖုန်းရဲ့ ရှေ့ပြေးနမူနာတစ်လုံးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ နယ်သာလန်နိုင်ငံမှာကျင်းပခဲ့တဲ့ လူသား-ကွန်ပြူတာ ထိတွေ့ထိန်းချုပ်မှုနည်းပညာဆိုင်ရာ ကမ္ဘာ့ညီလာခံမှာ ပြသသွားခဲ့ပါတယ်။

Ref: Gadgets 360
Credit to ==> Digital Times