Linux
kernel တွင် အသစ်ရှာဖွေတွေ့ရှိခဲ့သော အားနည်းချက်တစ်ခုက
တိုက်ခိုက်သူများအား Android ထုတ်ကုန်များအပြင် Linux ကွန်ပျူတာများနှင့်
ဆာဗာများအပါအဝင် ထုတ်ကုန် သန်းပေါင်းများစွာကို ထိန်းချုပ်စေနိုင်ကြောင်း
သိရသည်။
လုံခြုံရေးကုမ္ပဏီ Perception Point မှ ရှာဖွေတွေ့ရှိခဲ့သော CVE-2016-0728 ဟု ရည်ညွှန်းထားသည့် အားနည်းချက်သည် ၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သော Linux kernel version 3.8 ကတည်းက ရှိနေခြင်းဖြစ်ကြောင်းဆိုသည်။ လတ်တလောတွင် ကုမ္ပဏီအနေဖြင့် ၎င်းအားနည်းချက်အတွက် မှန်ကန်ကြောင်းအထောက်အထားတစ်ခုအား kernel ကို ပြုပြင်ထိန်းသိမ်းသည့် developer များထံ ပေးပို့ထားသည်။
၎င်းအားနည်းချက်သည် ဆာဗာကို အကျိုးရှိရှိအသုံးချပြီး root access ကို ရယူနိုင်ကြောင်း၊ version 4.4 (KitKat) နှင့်အထက် အသုံးပြုထားသော Android ဖုန်းများတွင် အန္တရာယ်ရှိသော app တစ်ခုက OS လုပ်ဆောင်ချက်များကို ထိန်းချုပ်စေနိုင်ကြောင်း သိရသည်။
Perception Point ကုမ္ပဏီကမူ အဆိုပါ အားနည်းချက်သည် Linux ကွန်ပျူတာနှင့် ဆာဗာ သန်းပေါင်းများစွာအပြင် Android ထုတ်ကုန်အားလုံး၏ ၆၆ ရာခိုင်နှုန်းထံ သက်ရောက်မှုရှိကြောင်း ပြော ကြားခဲ့သည်။
Ref: TheNextWeb