12/03/2014

♪ Google Code 2014 ကို မြန်မာနိုင်ငံမှ အထက်တန်း အဆင့် ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်နိုင်ပြီဖြစ် ♫


Open Source နှင့် ပတ်သက်သည့် နည်းပညာရပ်ကို လေ့လာသင်ကြားလိုသည့် နိုင်ငံတကာမှ ကျောင်းသား များအတွက် ပြုလုပ်ပေးနေကျ Google Code ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၊ ဆီးရီးယား၊ ကျူးဘား၊ အီရန်၊ ဆူဒန် စသည့်နိုင်ငံများနှင့်အတူ ပိတ်ပင်ခံ ခဲ့ရသော်လည်း ယခုကျင်းပမည့် Google Code 2014 တွင် ပြန်လည်ရရှိလာခြင်း ဖြစ်သည်။ ကျန် ခြောက်နိုင်ငံ မှာမူ Google Code ပြိုင်ပွဲကို ယခုအချိန်ထိ ပါဝင်နိုင်ခွင့် မရရှိသေးကြောင်း သိရသည်။

Opern Source နှင့်ပတ်သက်၍ သင်ကြားလိုသူ၊ သင်ယူလိုသူများ ပါဝင်နိုင်မည့် Google Code 2014 တွင် အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် ယှဉ်ပြိုင်ရမည့် အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံတကာ Open Source အဖွဲ့အစည်းများမှ သတ်မှတ်ထားသည့် လုပ်ငန်းလိုအပ်မှုများ၊ နည်းပညာပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက် အစရှိသည့် ပြဿနာများကို အဖြေရှာရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသားများ Google Code 2014 ကို ပါဝင်ယှဉ်ပြိုင်ရာတွင် ပြည်တွင်း FossAisa ၏ ဖိတ်ခေါ်ချက်အရ Ubuntu Myanmar Loco Team က မြန်မာဘာသာစကားဖြင့် ထောက်ပံ့ပေးသွားရန် အတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဆင်ပြေမယ်ဆိုရင်တော့ မြန်မာနိုင်ငံက Linux နဲ့ Raspberry pi base project တွေကို အထူးပြု သင်ကြားပေးသွားပါမယ်”ဟု Ubuntu Myanmar Loco Team ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုကိုရဲက ပြောကြားသည်။

အဆိုပါ သင်ကြားမှုဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသားများအား မြန်မာဘာသာဖြင့် ကူညီရှင်းပြပေးခြင်းများကို အလွယ်တကူ ပြုလုပ်ပေးနိုင်မည်ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

Google Code 2014 ကို ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ အွန်လိုင်း၌ မှတ်ပုံတင်စာရင်းသွင်းကာ ယှဉ်ပြိုင်နိုင်ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျောင်းသားများ၏ ပါဝင်ယှဉ်ပြိုင်မှု ပြီးဆုံး မည်ဖြစ်သည်။ ပြိုင်ပွဲတွင် အနိုင်ရရှိသူကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် ကြေညာသွား မည် ဖြစ်သည်။ ပြိုင်ပွဲဝင် နိုင်ငံတကာ ကျောင်းသားများအနက်မှ အမှတ်အများဆုံး ရရှိသည့် ဆယ်ဦးကို ပထမဦးဆုံး ရွေးချယ် သွားမည်ဖြစ်ပြီး ဆယ်ဦးမှ ငါးဦး၊ ငါးဦးမှ နှစ်ဦးနှင့် နောက်ဆုံးတွင် တစ်ဦးတည်းကိုသာ ရွေးချယ်သွားမည်ဖြစ်သည်။ နောက်ဆုံး ရွေးချယ်ခံရသည့် နှစ်ဦးအား Open Source အဖွဲ့အစည်းနှစ်ခုမှ ချီးမြှင့်သည့် ဆုများရရှိမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား ပြည်နယ်ရှိ Google ရုံးချုပ်သို့ သွားရောက်၍ ဆုများကို လက်ခံရယူရမည်ဖြစ်သည်။

Google Code 2014 နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို http://www.google-melange.com တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com