5/09/2017

♪ “Device မျိုးစုံမှာ ဖိုင်တွေဖလှယ်ချင်ရင်” ♫

No automatic alt text available.

အခုလိုအိုင်တီရော မိုဘိုင်းရော တစ်သားတည်းနီးပါး ရောယှက်သွားတဲ့ အချိန်မှာ Device မျိုးစုံလို့ပြောရင် ကွန်ပျူတာ၊ တက်ဘလက်နဲ့ စမတ်ဖုန်း အားလုံး ပါဝင်လာမှာဖြစ်သလို Windows တစ်ခုတည်းမက Android နဲ့ iOS တွေ ပါဝင်လာမှာဖြစ်ပါတယ်။ OS စနစ်တူရင် ဖိုင်တွေဖလှယ်ရတာ ပိုလွယ်ပါတယ်။ ကျွန်တော်ကတော့ OTG ကတစ်ဆင့် မင်မိုရီစတစ်သုံးပြီး ဖိုင်တွေဖလှယ်ပါတယ်။ ဒါပေမယ့် ဖုန်းတွေတက်ဘလက်တွေအားလုံးက OTG ကို အထောက်အပံ့ပေးတာမဟုတ်ပါဘူး။ အဲဒီလိုအခါမျိုးမှာ ဖုန်းနဲ့ တက်ဘလက်ကို USB ကြိုးထိုးပြီး ကွန်ပျူတာနဲ့ ချိတ်၊ ကွန်ပျူတာကို ဗဟိုချက်ထားပြီး Device တွေကြားမှာ ဖိုင်တွေဖလှယ်ရပါတယ်။ 

ဒါက Windows ကွန်ပျူတာနဲ့ Android ဖုန်းကြားမှာ နည်းနည်းတော်သေး တယ်။ iOS အပြင် Mac တွေ Linux တွေပါလာပြီဆိုရင် ရှုပ်ကုန်ရော။ စနစ်မတူတဲ့ Device တွေကြားမှာ ဖိုင်တွေကို တိုက်ရိုက်ဖလှယ်လို့မရ တော့ပါဘူး။ ကြားခံ medium တစ်ခုခုကနေ တစ်ဆင့်ကူးပြောင်းရပါ လိမ့်မည်။ ဒီအခက်အခဲကို ပြေလည်စေမှာက Dukto ပါ။ သူက open-source software ဖြစ်ပါတယ်။ မတူညီတဲ့ OS သုံး Device တွေကြားမှာ တိုက်ရိုက်ချိတ်ဆက်ပြီး ဖိုင်တွေဖလှယ်နိုင်စေပါတယ်။ ဒါကြောင့် Device အသစ်အဟောင်းမရွေး ဖိုင်တွေဖလှယ်ရာမှာ အဆင်ပြေစေပါတယ်။

Dukto ဟာ Windows ၊ Linux ၊ Android ၊ iOS ၊ Mac စနစ်တွေ အားလုံး ကို အထောက်အပံ့ပေးရုံတင်မကဘဲ Nokia ရဲ့ Maemo OS ၊ RIM က ထုတ်တဲ့ BlackBerry OS ၊ Linux OS မျိုးကွဲတစ်ခုဖြစ်တဲ့ Open Pandora တွေကိုတောင် အထောက်အကူပေးပါတယ်။ ဒါ OS တွေအားလုံးဟာ တစ်ခုတည်းသော ကွန်ရက်ပေါ်မှာရှိမယ်ဆိုရင် ဖိုင်တွေကို အလွယ်တကူ ဖလှယ်နိုင်ပါမယ်။ လိုအပ်တဲ့ ကွန်ရက်က Wi-fi ပါ။ laptop ကွန်ပျူတာ၊ hybrid ကွန်ပျူတာ၊ တက်ဘလက်နဲ့ စမတ်ဖုန်းတွေက Wi-fi အထောက် အပံ့ပေးနိုင်လို့ ပြဿနာမရှိပေမယ့် desktop ကွန်ပျူတာတွေမှာ၊ USB စနစ်မှာ ထိုးစွပ်ပြီးသုံးရတဲ့ Wi-fi စနစ်သုံးဖို့ လိုပါမယ်။Dukto သုံးနိုင်ရင် USB ကြိုးထိုးပြီး ဖိုင်တွေဖလှယ်စရာမလိုဘူး။ အင်တာနက်ချိတ်ပြီး အီးမေးကတစ်ဆင့် ဖိုင်တွေပို့စရာ မလိုပါဘူး။ Dukto ကို အပေါ်မှာ ဖော်ပြခဲ့တဲ့ OS တွေအားလုံးပေါ်မှာ install လုပ်နိုင်ပါတယ်။ ဒီလို install လုပ်ထားမှ Device တွေကြားမှာ ဖိုင်တွေဖလှယ်လို့ရပါမယ်။ အရင်တုန်း ကဆိုရင် OS မတူတဲ့ Device တွေကြားမှာ ဖိုင်တွေဖလှယ်ဖို့ Pushbullet ကိုသုံးလို့ရပါတယ်။ အခုဆိုရင် Push bullet က pro version ထုတ်ရောင်း နေပြီမို့ free version မှာလုပ်ဆောင်နိုင်စွမ်းတွေ အကန့်အသတ်ရှိလာ ပါတယ်။ Dukto က Open source မို့ လုံးလုံးလျားလျား အခမဲ့ပါ။ Portable version လည်းရှိတာမို့ ကွန်ပျူတာပေါ် မှာ install မလုပ်ဘဲ သုံးချင်ရင်တောင် ဖြစ်ပါတယ်။

ကွန်ရက်တစ်ခုတည်းပေါ်မှာ Device တစ်ခုမက ချိတ်ဆက်ပြီး ဖိုင်တွေ ဖလှယ်ချင်တယ်ဆိုရင် အဲဒီ Device တွေအားလုံး ပေါ်မှာ Dukto software ကို ဖွင့်ပေးထားရပါမယ်။ ကွန်ပျူတာဟာ အားလုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်မယ်ဆိုရင် ကွန်ပျူတာပေါ်က Wi-fi စာရင်းမှာကျန်တဲ့ Device တစ်ခုချင်းကို ပြပေးပါမယ်။ စနစ်မတူတဲ့ Device တွေကြားမှာ အချင်းချင်း သိအောင် လုပ်ရတဲ့အလုပ်ဟာ မိနစ်အတော်အတန်ကြာတဲ့ အတွက် စိတ်ရှည်ဖို့လိုပါတယ်။ ကွန်ပျူတာပေါ်မှာ Device တွေ တွေ့ရ ပြီဆိုရင် ဖိုင်တွေပို့ချင်တဲ့ Device ပေါ်မှာ ကလစ်နှိပ်ပေးရပါမယ်။


အလွယ်ကူဆုံးပို့နိုင်တာက text message ပါ။ Clipboard ကနေတစ်ဆင့် စာသားတွေပို့လို့ရပါတယ်။ ဖိုင်တွေပို့လို့ရပါတယ်။ Folder လိုက်ကြီး တောင် ပို့လို့ရပါသေးတယ်။ ဘာအလုပ်မှမလုပ်သေးဘူးဆိုရင် Chip board က အရောင်မှိန်နေပါမယ်။ စာသားတချို့ကို Clipboard ပေါ် copy ကူးပြီးတင်လိုက်ပြီဆိုမှ အရောင်ထင်းလာပါမယ်။ အရောင်ထင်းလာပြီ ဆိုရင် send some text option မှာ ကလစ်နှိပ်နိုင်ပါပြီ။ ကိုယ်ပို့ချင်တဲ့ စာသားကို box ထဲမှာ ရိုက်ထည့်ပါ။ ပြီးရင် send မှာ ကလစ်နှိပ်ပါ။


Copy လုပ်ပြီးသား ဘယ်စာသားကိုမဆို Clipboard ပေါ်မှာ Paste လုပ်လို့ရပါတယ်။ Main menu send text ကို ရွေးမယ်ဆိုရင်ဖြင့် စာသား တွေကို အတုံ့အဆိုင်းမရှိ ချက်ချင်းပို့မှာဖြစ်ပါတယ်။ ဒါပေမယ့် စာမပို့ခင် မှာ ကြည့်ခွင့်ပြုပါမယ်။ ပြီးတော့ Clipboard ပေါ်က content တွေကိုပို့ဖို့ confirm လုပ်ခိုင်းမှာဖြစ်ပါတယ်။ ပို့လိုက်ပြီဆိုရင် လက်ခံတဲ့ဖက်က ကွန်ပျူတာရဲ့ taskbar ပေါ်မှာဖျတ်ခနဲ ဖျတ်ခနဲ အချက်ပြပါမယ်။ Recent tab ကိုနှိပ်ပြီး message ကိုကြည့်နိုင်ပါတယ်။

နောက်ဆုံးမှဝင်လာတဲ့ message ဟာ အပေါ်ဆုံးမှာရှိပါမယ်။ message တစ်ခုကိုဖတ်မယ်ဆိုရင် အဲဒီအပေါ်မှာ ဘယ်ကလစ်နှစ်ချက် နှိပ်ရပါမယ်။ Copy ကူးပြီးဖတ်ချင်တယ်ဆိုရင် Clipboard ရဲ့အောက်ခြေ မှာ Copy to clipboard button ရှိပါတယ်။ ပို့လွှတ်တဲ့ PC ဖက် ပြန်ကြည့်မယ်ဆိုရင် လတ်တလော လက်ခံရရှိသူရဲ့ အဆက်အသွယ်ဟာ live ဖြစ်နေပါမယ်။ ဆန္ဒရှိတယ်ဆိုရင် message နဲ့အတူ ဖိုင်တစ်ခုကို တွဲပို့လို့ရပါတယ်။ ကိုယ်ပို့ချင်တဲ့ ဘယ်အရာကိုမဆို Drag and Drop နည်းနဲ့ Dukto ရဲ့ Window ထဲဆွဲချလို့ရပါတယ်။ လက်ခံမယ့်သူဖက်အခြမ်းမှာ သွားပြီး အချက်ပြ နေမှာဖြစ်ပါတယ်။ ဘာမှ ပို့စရာမရှိ တော့ဘူးဆိုရင် back arrow ကိုနှိပ်ပြီး နောက်ကြောင်းပြန် နိုင်ပါတယ်။

ပို့လိုက်တဲ့ဖိုင်တွေကို လက်ခံသူရဲ့ Desktop ပေါ်မှာ recent ဆိုတဲ့ notification နဲ့အတူ ပြပေးဖို့ default မှာ သတ်မှတ်ပေးထားပါတယ်။ ဒါမှအလွယ်မြင်နိုင်ပြီး ဖိုင်ကို ကလစ်နှိပ်ဖွင့်ကြည့်နိုင်ပါမယ်။ Message နောက်က လိုက်ပြီး ဖိုင်တွေ folder တွေပို့ချင်တယ်ဆိုရင် သက်ဆိုင်ရာ ခလုတ်ကိုနှိပ်ပြီး လုပ်နိုင်သလို Dukto Window ထဲ Drag and Drop လုပ်နိုင်ပါတယ်။ ဒီ Window ထဲ ထည့်သမျှအရာအားလုံးဟာ လက်ခံသူ ရဲ့ recent tabe ထဲမှာ လာပေါ်ပါမယ်။ အဲဒီ tab ထဲမှာ တခြားဖိုင်တွေ message တွေနဲ့အတူ မြင်ရပါမယ်။ ကိုယ်ပို့လိုက်တဲ့ ဖိုင်တွေ လက်ခံသူရဲ့ Desktop ပေါ်မှာ ပေါ်စေမယ့်အစား တခြားနေရာမှာပေါ်စေချင်ဆိုရင် setting ထဲဝင်ပြီး ပြောင်းပေး လို့ရပါတယ်။ Setting button ကိုနှိပ်ဝင်ပြီး Change folder button မှာကလစ်နှိပ်ရပါမယ်။ ပြီးရင် ကိုယ်ပို့ချင်တဲ့ တခြား folder တစ်ခုကို ရွေးပေးရပါမယ်။ Theme color ပြောင်းချင် တယ်ဆိုရင်လည်း ဒီနေရာကနေ ပြောင်း ပေးနိုင်ပါတယ်။ ကိုယ့်ဆီမှာ Android ဖုန်း ဒါမှမဟုတ် တက်ဘလက် ရှိတယ်ဆိုရင် Dukto mobile version ကို သုံးနိုင်ပါတယ်။

Dukto mobile verison ဟာ Windows version နဲ့ တစ်ထပ်တည်း တူပါတယ်။ တူညီတဲ့ ကွန်ရက်ပေါ်မှာရှိသရွေ့ Android device တွေကို လည်း Windows ကွန်ပျူတာတွေလိုပဲ သုံးနိုင်ပါတယ်။ ဖုန်းပေါ်မှာ သူနဲ့ချိတ်ဆက်ထားတဲ့ တခြား Device တွေအားလုံးကို မြင်နိုင်ပါတယ်။ အပြန်အလှန် ကြည့်မယ်ဆိုရင် ကိုယ့် Android ဖုန်းဟာလည်း အဲဒီ Device တွေရဲ့ screen မှာသွားပြီးပေါ်နေပါမယ်။ iOS အတွက် app ကတော့ သီးခြားဖန်တီးရတာပါ။ ဒါကြောင့် သူ့ version ရဲ့ အလုပ်လုပ် ပုံဟာ တခြား version တွေနဲ့ ကွဲလွဲနေပါမယ်။ iOS version ကို အခမဲ့ပေးနိုင်ဖို့ ကြော်ငြာရှင်တွေရဲ့ အထောက်အပံ့ ယူရပါတယ်။ အလုပ်လုပ်ပုံကတခြား version တွေနဲ့တူပါတယ်။iOS version မှာ ကိုယ်နဲ့ချိတ်ဆက်တဲ့ Device တွေကို အောက်ဘက်မှာ contacts အနေနဲ့တွေ့ရပါမယ်။ Contacts စာရင်းထဲမှာ တွေ့ရသမျှ Device အားလုံးဟာ Compatible ဖြစ်ပါတယ်။ ဒီ Version မှာ app setup လုပ်နိုင်တယ်။ ဥပမာပြောရရင် User tab ကိုခေါက်ပြီး user name ပြောင်းတာမျိုးပေါ့။ Dukto ဟာ Wi-fi တစ်ခုတည်းပေါ်ကနေ အလုပ်လုပ် တာ မဟုတ်ပါဘူး။ အင်တာနက်ပေါ်ကနေလည်း အလုပ်လုပ်ပါတယ်။ အင်တာနက်ပေါ်ကနေ ဖိုင်တွေပို့မယ်ဆိုရင် IP Connection button ကိုနှိပ်ပြီး ဆက်အလုပ်လုပ်ရပါမယ်။



နောင်စိုး (ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com