Huawei ကုမ္ပဏီရဲ့ တန်ဖိုးနည်းစမတ်ဖုန်းအမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor
ရဲ့ နောက်ဆုံးမော်ဒယ်အသစ် Honor 8 မနေ့ကပဲ ထွက်ရှိလာပါပြီ။ Honor 8
စမတ်ဖုန်းမှာ Huawei ရဲ့ အဓိကမော်ဒယ်ဖြစ်တဲ့ P9 လိုပဲ
ကျောကင်မရာနှစ်လုံးပါဝင်လာတာကို တွေ့ရပြီး၊ ဒီဇိုင်းပိုင်းအရလည်း P9 နဲ့
တော်တော်ဆင်တာကို တွေ့ရပါတယ်။
Honor ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတစ်လုံးလို့ ဆိုနိုင်ပြီး၊ RAM 4GB နဲ့ လက်ဗွေရာဆန်ဆာတို့လည်း ပါဝင်တဲ့ တန်ဖိုးသင့်၊ စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးဖြစ်ပါတယ်။
Honor 8 စမတ်ဖုန်းမှာ ၅.၂ လက်မအကျယ်ရှိ 1080p မျက်နှာပြင်၊ f/2.2 အပါချာရှိတဲ့ 12MP ကျောကင်မရာနှစ်လုံးတွဲတို့ ပါဝင်ပြီး၊ ရှေ့ကင်မရာကတော့ f/2.4 အပါချာရှိ 8MP ကင်မရာဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ P9 မှာသုံးထားတဲ့ Kirin 955 ပရိုဆက်ဆာကို မသုံးတော့ဘဲ၊ octa-core Kirin 950 ပရိုဆက်ဆာကို သုံးထားပါတယ်။
4G LTE သုံးစွဲနိုင်တဲ့ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ SIM ကတ်ထည့်တဲ့နေရာက နှစ်မျိုးစပ် (hybrid) ဖြစ်တာကြောင့်၊ SIM တစ်ကတ်နဲ့ microSD ကတ် (သို့) SIM နှစ်ကတ် သုံးရမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ 3000mAh ဘက်ထရီပါရှိပြီး၊ ကောင်းမွန်တဲ့အချက်တစ်ခုက USB Type-C အပေါက် ပါဝင်တာကြောင့် အားသွင်းမှုနဲ့ ဒေတာကူးပြောင်းမှုမှာ မြန်ဆန်မှုရှိပါတယ်။
Android 6.0 Marshmallow စနစ်အခြေခံ Huawie ရဲ့ EMUI 4.1 နဲ့ လာမှာဖြစ်ပြီး၊ ဆော့ဖ်ဝဲပိုင်းမှာ P9 နဲ့ အတူတူပါပဲ။
Honor 8 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ ဂျူလိုင်လ ၁၉ ရက်က စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ ပုလဲဖြူရောင်၊ ရွှေအိုရောင်၊ အနက်ရောင်၊ ပန်းရောင်၊ အပြာရောင် တို့ရရှိမှာဖြစ်ပါတယ်။ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB မော်ဒယ် Honor 8 လည်းထွက်ရှိမှာဖြစ်ပြီး၊ ဒီမော်ဒယ်ကကတော့ ၂၉၈ ဒေါ်လာဈေးရှိပါတယ်။ RAM 4GB ၊ ဖုန်းတွင်း storage 32 GB မော်ဒယ်က ၃၄၃ ဒေါ်လာရှိကာ၊ RAM 4GB နဲ့ storage 64GB မော်ဒယ်ကတော့ ၃၇၃ ဒေါ်လာအထိရှိပါတယ်။

www.pyaephyo.com