ကျောကင်မရာနှစ်လုံးပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Huawei P9
စမတ်ဖုန်းဟာ မနေ့က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ
တကယ်တမ်း ကျောကင်မရာနှစ်လုံးနဲ့ ထွက်ရှိလာပါပြီ။
ကမ္ဘာ့တတိယအကြီးဆုံးဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်တဲ့ Huawei ဟာ Apple နဲ့ Samsung တို့ကို အဓိကယှဉ်ပြိုင်သွားဖို့အတွက် P9 စမတ်ဖုန်းမှာ နောက်ဆုံးပေါ်နည်းပညာတွေချည်း အသုံးပြုထားပြီး၊ နာမည်ကျော်ဂျာမန်ကင်မရာကုမ္ပဏီ Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကျောကင်မရာနှစ်လုံး ပါဝင်လာပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ အရင်နှစ်ကထွက်ထားတဲ့ P8 ဒီဇိုင်းကို သိပ်မခွဲထွက်ထားဘဲ၊ Nexus 6P ဖုန်းနဲ့ နည်းနည်း ဆင်ပါတယ်။ Huawei ရဲ့ ပြောကြားချက်အရ P9 ဖုန်းဟာ Galaxy S7 နဲ့ iPhone 6s ဖုန်းထက် ပိုပါးပြီး၊ အလေးချိန် ၁၄၄ ဂရမ်ပဲ ရှိပါတယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို အလူမီနီယမ်နဲ့ လုပ်ထားပြီး၊ ကျောဘက်မှာ လက်ဗွေရာဆန်ဆာပါဝင်ပါတယ်။
မျက်နှာပြင်အကြီးကြိုက်သူတွေအတွက် Huawei P9 ရဲ့ ၅.၂ လက်မအရွယ် IPS display က အနေတော်လောက်ပါပဲ။ resolution မှာတော့ “ဖုန်းတစ်လုံးမှာ resolution 1080p ထက် ပိုသုံးတာက ဖုန်းဘက်ထရီသက်တမ်းအတွက် မကောင်းဘူး” ဆိုတဲ့ Huawei ရဲ့ ခံယူချက်အတိုင်း 1920×1080 pixel ကိုပဲ အသုံးပြုထားပါတယ်။ P9 Plus ဖုန်းမှာတာ့ မျက်နှာပြင်က ၅.၅ လက်မဖြစ်သွားပြီး၊ LCD အစား AMOLED display ကို သုံးထားတာ တွေ့ရပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာတော့၊ Huawei P9 ဖုန်းမှာ ကုမ္ပဏီထုတ် နောက်ဆုံးပေါ် Kirin 955 octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 3GB နဲ့ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 32 GB တို့ ပါရှိပါတယ်။ microSD ကတ်လည်း 128 GB အထိ ထပ်စိုက်သုံးနိုင်ပါတယ်။ P9 ဖုန်းကို RAM 3GB ဗားရှင်းအပြင်၊ RAM 4GB နဲ့ storage 64GB ပါတဲ့ မော်ဒယ်ဆိုပြီး မော်ဒယ်နှစ်မျိုး ၀ယ်ယူနိုင်မှာပါ။ P9 Plus ကတော့ RAM 4GB/64 GB မော်ဒယ်ပဲ ထွက်မှာဖြစ်ပါတယ်။
ဖုန်းဂရပ်ဖစ်ပိုင်းမှာ လက်ရှိအချိန်ထိ Huawei ဖုန်းတွေထဲမှာ အကောင်းဆုံးဂရပ်ဖစ်ကတ်ဖြစ်တဲ့ Mali-T880 MP4 GPU ကို သုံးထားပါတယ်။ Samsung Galaxy S7 ရဲ့ Mali-T880 MP12 ဂရပ်ဖစ်ကတ်ထက် မဆိုစလောက်လေး နိမ့်ပါတယ်။
Huawei P9 ရဲ့ အထူးခြားဆုံးအချက်ကတော့ နာမည်ကျော်ဂျာမန်ကင်မရာကုမ္ပဏီ Leica ရဲ့ SUMMARIT lens တွေ အသုံးပြုထားတဲ့ 12 MP ကျောကင်မရာနှစ်လုံးတွဲ ပါရှိလာတာဖြစ်ပြီး၊ ဖုန်းတွေရဲ့ ကင်မရာလောကကို ပြောင်းလဲပစ်မယ့်ဖုန်းလို့ Huawei က ကြွေးကြော်ထားပါတယ်။ ဒီကင်မရာဆန်ဆာနှစ်လုံးတွဲမှာ တစ်လုံးက monochrome ဆန်ဆာနဲ့ နောက်တစ်လုံးက ကာလာဆန်ဆာဖြစ်ပြီး၊ monochrome ဆန်ဆာက အလင်းရောင်ဖမ်းယူနိုင်မှု ၃၀၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။ ရှေ့ကင်မရာကတော့ 8-megapxiel ပါ။ ဒီ့အပြင် ကင်မရာအတွက် သီးသန့် depth ဆန်ဆာပရိုဆက်ဆာတစ်ခုကိုလည်း သုံးထားတာ တွေ့ရပါတယ်။ ကင်မရာဆန်ဆာနှစ်လုံးပါဝင်တာကြောင့် ဓာတ်ပုံရိုက်ပြီးမှ focus ပြန်ချိန်တာမျိုးပါ လုပ်နိုင်ပါတယ်။
manual camera mode မှာလည်း ISO ၊ exposure ၊ shutter speed တွေကို ပို ထိန်းလာနိုင်လာနိုင်သလို၊ RAW format နဲ့လည်း ရိုက်ထားတဲ့ပုံတွေကို သိမ်းဆည်းနိုင်တာကြောင့် ဓာတ်ပုံဝါသနာရှင်တွေအတွက် အကြိုက်တွေ့မယ့်စမတ်ဖုန်းဖြစ်ပါတယ်။
အရောင်ခြောက်မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မယ့် Huawei P9 နဲ့ P9 Plus စမတ်ဖုန်းတွေရဲံ ဈေးနှုန်းကတော့ P9 RAM 3GB မော်ဒယ်က မြန်မာငွေ ရှစ်သိန်းခန့်၊ RAM 4GB နဲ့ storage 64GB မော်ဒယ်က ၈ သိန်း ၈ သောင်းခန့်ရှိပြီး၊ မျက်နှာပြင်ပိုကြီးတဲ့ P9 Plus ကတော့ ဆယ်သိန်းခန့် ရှိပါတယ်။ အာရှဘက်ထုတ် P9 ဖုန်းတွေပဲ dual-SIM နဲ့ ဖြစ်ကာ၊ ဧပြီလ ၁၆ ရက်နေ့ကစတင်ပြီး၊ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲ ဘယ်အချိန်ဝင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: Android Authority
Credit to ==> Digital Times