8/18/2015

♪ INTEX Aqua Power ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာနှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
Power Bank တစ်လုံးနီးပါး ပမာဏရှိသည့် ဘက်ထရီ အမျိုးအစားကို အသုံးပြုထားပြီး ဖုန်းကို Stand by အနေဖြင့် နာရီ ၅ဝဝ ကြာထားရှိ အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်း၏လုပ်ဆောင်ချက် စနစ်များမြန်ဆန် ကောင်းမွန်သည့်အပြင် တန်ဖိုးသင့်တင့်မှုရှိသော မြင်ကွင်းကျယ် ဖုန်းအမျိုးအစားဖြစ်သည်။

အားနည်းချက်
ဖုန်း၏ကျောဘက် ကာဗာသည်  ပလတ်စတစ်ကာဗာ အမျိုးအစားဖြစ်ပြီး အနည်းငယ် ချောမွေ့သည့်အတွက် ဖုန်းပြောစဉ် မတော်တဆ လွတ်မကျအောင် သတိပြုကိုင်တွယ် ရမည်ဖြစ်သည်။ ဖုန်းတွင် Built-in ပါဝင်သည့် များပြားလှသော Application များသည် ဖုန်းမှတ်ဉာဏ် တစ်ဝက်စာလောက်ကို နေရာယူထားသည်။

ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ အနားထောင့်လေးဘက် အနည်းငယ်ဝိုင်းသော ပုံစံမျိုးရှိပြီး အရွယ်အစားမှာ လက်ထဲတွင် ကိုင်တွယ်အသုံးပြုချိန်၌ လက်နှင့်အံဝင် ခွင်ကျရှိနေသော အရွယ်အစားမျိုး ဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၁ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ၇.၁၉ စင်တီမီတာနှင့် ထုထည်မှာ ၀.၉၃ စင်တီမီတာ ဖြစ်ခြင်းကြောင့်  အနည်းငယ် ထူသော်လည်း  ကိုင်တွယ်ရတာ ပါးလွှာမှုရှိသလို ခံစားရမည်ဖြစ်သည်။ အလေးချိန် ၁၆ဝ ဂရမ်ရှိသည့်အတွက် ကိုင်တွယ် အသုံးပြုခြင်းအတွက် အလေးချိန် အနည်းငယ်ရှိသော ဖုန်းဖြစ်သည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး  ဘေးဘောင်ပေါ်တွင် ရွှေရောင်ဘောင်လိုင်းနှစ်လိုင်း ထည့်သွင်းထားသည်။ နောက်ဘက်ကာဗာမှာ ဖြုတ်နိုင်တပ်နိုင်သည့် ပလတ်စတစ်ကာဗာ ဖြစ်သည်။ USB ပေါက်နှင့် နားကြပ်ပေါက်တို့အား ဖုန်း၏အပေါ်ထိပ် ဘောင်တွင်တပ်ဆင် ပေးထားသည်။

နည်းပညာ
တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစား တစ်ခုဖြစ်ခြင်းကြောင့် မြင့်မားသော နည်းပညာပိုင်းများအား အများအပြား အသုံးပြုထားခြင်း မရှိသော်လည်း စမတ်ဖုန်း တစ်လုံးတွင် ပါဝင်ရမည့် လုပ်ဆောင်ချက်များ စုံလင်စွာ ပါဝင်မည်ဖြစ်သည်။ အန္ဒိယနိုင်ငံထုတ် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ပြည်တွင်းတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာစာနှင့် ဖောင့်စနစ်များကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ ကင်မရာတွင် HDR နှင့် Panorama ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်ပြီး မိမိရိုက်ကူးလိုက်သည့် ဓာတ်ပုံများကို resolution 2448x3264 pixel ထိ အမြင့်ဆုံးထား၍ Export အနေဖြင့် ပြောင်းလဲထုတ်နိုင်မည့်အပြင် ဓာတ်ပုံများကိုလည်း ရိုက်ကူးပြီးပါက ဖုန်း၏ကင်မရာ စနစ်ဖြင့်ပင် ဘောင်ထည့်သွင်းခြင်း၊ Filter စနစ်များ ထည့်သွင်းခြင်း စသည့် ဓာတ်ပုံကိုစိတ်ကြိုက် edit တည်းဖြတ်နိုင်မည် ဖြစ်သည်။ ထို့ပြင် INTEX ၏ App စနစ်များဖြစ်သည့် Intex Zone, Askme, Intex Care, Intex Play, Hungama, Paytm, OLX စသည့် Application ၁၇ မျိုးသည် သုံးစွဲသူများအား ဖုန်းအသုံးပြုမှု အတွေ့အကြုံသစ်များကို ရရှိစေနိုင်မည်ဖြစ်သည်။

မြင်ကွင်း
ရှေ့ဘက် Screen မျက်နှာပြင်မှာ FWVGA IPS Display မျက်နှာပြင်ကို အသုံးပြုထားသည်။ မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး 480 x 854 Pixels (~240 dpi pixel density) ထိရှိနိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Sim Card နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး Micro Sim တစ်ကတ်နှင့်ပုံမှန် Sim Card တစ်ကတ် ထည့်သွင်းအသုံးပြု ရမည်ဖြစ်သည်။ Octa-core 1.4GHz ARM Cortex-A7 CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက် Mali-450MP GPU ကို ထည့်သွင်းပေးထားသည်။ နောက်ဘက်ကင်မရာမှာ 8 Mega Pixel ကင်မရာဖြစ်ပြီး ရှေ့ကင်မရာမှာ 2 Mega Pixel ကင်မရာဖြစ်သည်။ Internal Memory 8GB, RAM 1GB ပါဝင်ပြီး မှတ်ဉာဏ်ထပ်တိုး အသုံးပြုရန်အတွက် Micro SD Card 32GB ထိထည့်သွင်း အသုံးပြုနိုင်သည်။ Android OS Version 4.4.2 (Kitkat) ဖြစ်ပြီး Bluetooth 4.0 နှင့် USB 2.0 စနစ်များ ပါဝင်သည်။ ဘက်ထရီမှာ Li-Po  4000 mAh ဖြစ်ပြီး non-removable အမျိုးအစား ဘက်ထရီအသေ ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက INTEX Aqua Power သည် တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း CPU, GPU အစရှိသော Hardware ပိုင်းမြင့်မားမှုရှိပြီး ဒီဇိုင်းပိုင်းလည်း သေသပ်လှပမှု ရှိမည်ဖြစ်သည်။ ဖုန်း၏ Home, Back, Menu ခလုတ်တွေကို Touch ခလုတ်တွေ အနေဖြင့် ထည့်သွင်းပေးထားသည်။ တန်ဖိုးသင့်တင့်သော စမတ်ဖုန်းကို အသုံးပြုချင်သူများနှင့် ဘက်ထရီကြာကြာ အသုံးပြုနိုင်သော မြင်ကွင်းကျယ် စမတ်ဖုန်းကို ကိုင်တွယ်ချင်သူများ ရွေးချယ်သင့်သည့် ဖုန်းတစ်လုံး ဖြစ်သည်။

Device Support - Niti MyanmarInt,Co.Ltd,
Price - 149,000 Ks
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com