ရုပ်သံခေါ်ဆိုခြင်း၊ စာတိုပို့ခြင်း၊ အခမဲ့ဖုန်းခေါ်ခြင်း စသည့်
ဝန်ဆောင်မှုများ ပေးလျက်ရှိသော Viber သည် Social Game Plat-form
အစီအစဉ်တစ်ရပ်ကို စတင်မိတ်ဆက်လိုက်ပြီး အဆိုပါ အစီအစဉ်အရ Viber ၏ စတစ်ကာ
ဇာတ်ကောင်များပါဝင်သော Viber မှဂိမ်းများကို Viber တွင်
ကစားနိုင်မည်ဖြစ်ကြောင်း ၊ ပြည်တွင်း၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင်
၎င်းဂိမ်းများကို ရယူကစားနိုင်မည်ဖြစ်ကြောင်း Viber Myanmar မှ သိရသည်။
"လက်ရှိကတော့ နိုင်ငံ ၅ နိုင်ငံမှာ ကစားနိုင်ပါပြီ။ ပြည်တွင်းမှာတော့ နောက်နှစ် ဇန်န၀ါရီလောက်တော့ စတင် အသုံးပြုနိုင်မှာပါ။ ဂိမ်းတွေကတော့ Viber ရဲ့ စတစ်ကာ ဇာတ်ကောင်တွေကို အသုံးပြုပြီး ဖန်တီးထား တဲ့ အွန်လိုင်းဂိမ်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်အတွက်လည်း သီးသန့် မြန်မာမှုပြုထားတဲ့ ဂိမ်းတွေ သိပ်မကြာခင်မှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်" ဟု Viber Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Viber ဂိမ်းများကို Android OS နှင့် iOS စနစ်သုံး Device များတွင်သာ ကစားနိုင်ဦးမည်ဖြစ်ပြီး ဂိမ်းကစားခြင်းအပြင် Viber သုံးစွဲသူများအချင်းချင်း ဂိမ်း invites များ ပေးပို့ခြင်း၊ အခြားသူများ ကစားနေသည့် ဂိမ်းများကို ရှာဖွေကြည့်ရှုခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် Viber ဂိမ်းများကို ဘီလာရုစ်၊ မလေးရှား၊ အစ္စရေး၊ စင်ကာပူနှင့် ယူကရိန်း စသည့် နိုင်ငံပေါင်း ၅ နိုင်ငံတွင် စတင်ကစားနိုင်ပြီဖြစ်ပြီး မကြာမီတွင် တစ်ကမ္ဘာလုံးတွင် ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Internet Journal