12/02/2014

♪ ဈေးကွက်ချဉ်းကပ်ပုံ မတူကြတဲ့ Apple နဲ့ Google ♫


ကိုယ်နဲ့မကွာ အသုံးပြုနေကြရမယ့် ကိရိယာပစ္စည်းလေးများနဲ့ ပတ်သက်ပြီး လူမှုဘဝမှာ Apple အကြောင်းနဲ့ Google အကြောင်းကို ပြောဆိုနေကြ ရလေ့ရှိတယ်။ Apple ရဲ့ ထုတ်ကုန်တွေနဲ့ Google ရဲ့ Android စနစ်သုံး ထုတ်ကုန်ပစ္စည်းတွေက ဒီနေ့လူမှုဘဝမှာ ကြီးစိုးနေရာ ယူထားတယ် ဆိုတာကပိုပြီး ပီပြင်ပါလိမ့်မယ်။ ပီစီကွန်ပျူတာတွေနဲ့ ပတ်သက်လို့ Microsoft ရဲ့ Windows စနစ်ကြီးက အများဆုံး လွှမ်းမိုးယူထား နိုင်ခဲ့ပေ မယ့် ကိုယ်နဲ့မကွာ သယ်ယူသွားကြလေ့ရှိတဲ့ ကိရိယာ ပစ္စည်းလေးတွေနဲ့ စမတ်ဖုန်း နယ်ပယ်မှာတော့ Microsoft ရဲ့ Windows စနစ်က အမြင့်ဆုံး တတိယနေရာကိုသာ တက်လှမ်းနိုင်ခဲ့တယ်။ ဒီလိုထွေထွေရာရာ ကိရိယာလေးတွေကို လည်ပတ်ဆောင်ရွက် စေနိုင်တဲ့ ထုတ်ကုန်မျိုးတွေအပေါ် နောက်ကျပြီး ဝင်လာ တာကြောင့်လို့ အကြောင်းပြနိုင်တယ်။

စမတ်ဖုန်းတို့၊ တက်ဘလက်တို့အပြင် Wearable Computer လို့ဆိုထားတဲ့ ကိရိယာတန်ဆာ ပလာတွေ အပါအဝင် အီလက်ထရွန်နစ် ကိရိယာ လောကမှာတော့ လောလောဆယ် Apple နဲ့ Google တို့က ထိပ်ဆုံးနေရာ ရနိုင်ဖို့ ယှဉ်ပြိုင်နေကြတာ အမှန်ပင်ဖြစ်တယ်။ ဈေးကွက်ရှယ်ယာ ကြီးကြီးမားမား ရနိုင်ရေးအတွက် သူတို့နှစ်ဦးရဲ့ ချဉ်းကပ်ပုံချင်းကတော့ မတူကြပေ။ လေ့လာကြည့်မယ်ဆိုရင် အင်မတန် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

၂၀၁၄ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်း ပွဲတော်များ မတိုင်မီကာလအတွင်း Google အနေနဲ့ Android 5.0 Lollipop နဲ့အတူ Nexus 6 စမတ်ဖုန်း တို့၊ Nexus 9 တက်ဘလက်တို့ကို တင်ပို့ရောင်းချမယ်လို့ ကြေညာလိုက်တယ်။ တစ်ချိန်တည်းမှာ Apple ကလည်း OSX Yosemite နဲ့အတူ iOS 8.1 တို့ iPad အသစ်တွေအပြင် Retina Display တပ်ဆင်ထားတဲ့ iMac အသစ်တို့ကို တင်ပို့ရောင်းချမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပြီး ဖြစ်တယ်။ ကွန်ပျူတာ ပရိသတ်တွေကတော့ Core M "Broadwell" based 2-in-1s တို့ကို အသုံးပြုထားမယ့် ထုတ်ကုန်တွေကို မျှော်လင့်နေကြတယ်။ အလုပ်နားရက် ရာသီလို့ သတ်မှတ်ထားတဲ့ နှစ်ကုန်ပိုင်းကာ လမှာ သူ့ပရိသတ်နဲ့ သူရွေးချယ်စရာ အခွင့်အလမ်းတွေ များစွာရှိနေကြ ပါလိမ့်မယ်။

မကြာသေးခင် ရက်ပိုင်းမှာ Apple အနေနဲ့ မိနစ် ၈၀ ကြာ သတင်းစာရှင်းလင်းပွဲ တစ်ခုနဲ့ သရုပ်ပြပွဲ ကျင်းပပြီး တင်ပို့ရောင်းချတော့မယ့် ပစ္စည်းများအတွက် ဆွဲဆောင်မှု ပြုလုပ်ခဲ့တယ်။ iPhone 6 နဲ့ iPhone 6 plus စတင်ရောင်းချ ပွဲလောက်တော့ ခမ်းခမ်းနားနား မဟုတ်လှပေ။ တစ်ချိန်တည်းမှာ Google အနေနဲ့ ရိုးရှင်းတဲ့ Blog post လေးတစ်ခုကသာ သူတို့ရဲ့ထုတ်ကုန်တွေ အကြောင်းသတင်း ထည့်သွင်းကြေညာ ပေးခဲ့တယ်။

Apple နဲ့ Google တို့ရဲ့ လည်ပတ်စနစ်တွေ အနေနဲ့စတင် ကြေညာတွေချက်တွေနဲ့ လက်တွေ့တင်ပို့ ရောင်းချတဲ့ အခြေအနေတွေ ကွာဟမှုတွေ ရှိခဲ့ကြတယ်။ ဇွန်လမှာ ကျင်းပပြီးစီးခဲ့တဲ့ Google I/O ညီလာခံမှာ Android L ဆိုတဲ့ လည်ပတ်စနစ် အသစ်ကို နမူနာကြည့်ရှုစေပြီး မိတ်ဆက်ပေးတယ်။  ထုတ်လုပ်မှု အမှတ်စဉ်အရ နောက်ဆုံးထုတ် Android က Android 5.0 လို့ ပြောဆိုရမှာ ဖြစ်တယ်။ ကုတ်အမည်ရ Android L လို့ ဆိုထားခဲ့ပေမယ့် တရားဝင် ကြေညာတဲ့အခါ Android Lollipop ဖြစ်လာတယ်။  နောက်ဆုံး ထုတ်ပြန် ကြေညာချက်အရ မတူညီတဲ့ ကိရိယာတွေအကြား ဖြတ်သန်းဆောင်ရွက် နိုင်စေဖို့ ရည်ရွယ်ပြီး UI ကို Material Design နဲ့ ဆောင်ရွက် ယူစေတယ်လို့ သိရှိကြရတယ်။ ဒါ့အပြင် ဘက်ထရီပါဝါ သုံးစွဲမှု လျော့နည်းစေတဲ့ အင်္ဂါရပ်ကိစ္စ အဝဝအတွက် နှိုးဆော်ပေးနေမယ့် intelligent notifications တို့ ပါဝင်လာမှာ ဖြစ်ကြောင်း အထူးတလည် ဖော်ပြထားတယ်။ နောက်ထပ်အင်္ဂါရပ် အသစ်တွေအဖြစ် ပါရှိလာတဲ့ multiple accounts တို့ quest  user mode တို့ default encryption တို့ ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

WWDC-2014 ညီလာခံ ကျင်းပစဉ်က Apple အနေနဲ့ iOS 8 ကိုစတင် ထုတ်ဖော် ကြေညာပေးခဲ့ တယ်။ အောက်တိုဘာလက စတင်ရောင်းချခဲ့တဲ့ iPhone 6 နဲ့ iPhone 6 Plus တို့မှာ iOS 8 ကို ထည့်သွင်းပြီး စတင်အသုံးချခဲ့တယ်။ ဝယ်ယူသုံးစွဲသူတွေ အနေနဲ့ notification screen ပိုကောင်းလာ တာ တွေ့ကြရတယ်။ Android စနစ်သုံး ကိရိယာတွေမှာ အတော်ကြာကြာ အသုံးပြုခွင့် ပေးခဲ့ပေမယ့် Apple က မထွက်ပေးနိုင်ခဲ့တဲ့ predictire typing suggestions ကို အခုတစ်ကြိမ်မှာ ထည့်သွင်း ပေးလိုက်တယ်။

အလွန်အသုံးဝင်လှတဲ့ အင်္ဂါရပ်ဖြစ်ပါတယ်။ ဒါ့အပြင် Healthkids Platform အသစ်အတွက် Health app အသစ် ပါဝင်လာတယ်။ နိုဝင်ဘာလ ပထမပတ်မှာတော့ iOS 8.1 နဲ့ upgrade လုပ်ပေးတဲ့ အကြောင်းထပ်ပြီး ကြေညာလာပြန်တယ်။ iOS 8.1 ကြေညာစဉ်မှာ Apple Pay အကြောင်းနဲ့ iCloud Photo Library အကြောင်းကို မီးမောင်းထိုးပြပြီး ဆွဲဆောင်မှု ပြုခဲ့တယ်။ iCloud နဲ့ပတ်သက်ပြီး အရင်က 5GB ပမာဏကို အခမဲ့ ပေးခဲ့ပြီး 20 GB အထိ တစ်လကို ၉၉ ဆင့် သတ်မှတ်ထားပုံနဲ့ 300 GB ယူပါက တစ်လကို 3.39 ဒေါ် လာသာ ကျသင့်ကြောင်းတို့ကို ရှင်းလင်းတင်ပြသွားတယ်။ ဒါ့အပြင် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်ပြီးတဲ့နောက်  iOS 8.1.1 ကို ဆက်လက် ထုတ်ပေးမယ့် သတင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။

ဟာ့ဒ်ဝဲပိုင်းကို ကြည့်မယ်ဆိုရင် Motorola နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ၆၄၉ ဒေါ်လာတန် Nexus 6  ကို Google အနေနဲ့ အသေးစိတ် ညွှန်းဆိုမှုတွေ လုပ်ခဲ့တယ်။ 2.7 GHz quad-core Qualcom Snapdragon 805 ပရို ဆက်ဆာကို အသုံးပြုထားပြီး ၆ လက်မအရွယ် HD (2560 x 1440) Display နဲ့ 13MP Camera လေး ပါရှိတဲ့ Phablet လေးက နာမည်ကြီး iPhone 6 နဲ့ Samsung Galaxy Note 4 တို့ကို ပြိုင်ဆိုင်စေတယ်။ ၁၅ မိနစ် အားသွင်းချိန် ရယူလိုက်တာနဲ့ နောက်ထပ် ၆ နာရီကြာ အသုံးပြုနိုင် သွားစေတဲ့ Turbo Charger လည်း ထည့်သွင်းထားရှိတယ်။  အသစ်စက်စက် ချပေးတဲ့ Android 5.0 နဲ့ လည်ပတ် ဆောင်ရွက်စေ တာကြောင့် ခေတ်အမီဆုံးနဲ့ နောက်ဆုံးထုတ် ပီပီသသကြီး ဖြစ်နေပါလိမ့်မယ်။ ၃၉၉ ဒေါ်လာနဲ့ ရောင်းချတဲ့ Nexus 9 တက်ဘလက်ကို HTC နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတယ်။ ၈.၉ လက်မအရွယ် display လေးတပ်ဆင် ထားတယ်။ Nvidia 64-bit Tegra K1ပရိုဆက်ဆာ သုံးထားတယ်။ မျက်နှာစာဘက်မှာ Boom Sound စပီကာနဲ့ 1.6 MP ကင်မရာပါပြီး နောက်ဘက် ကင်မရာရဲ့ အရည်အသွေးက 8MP ရှိတဲ့ Windows Tablet တွေကို စိန်ခေါ်ထားတယ်လို့ ဆိုညွှန်းရေးသားကြတယ်။

Apple ရဲ့ iPhone 6 နဲ့ iPhone 6 Plus တို့ကတော့ ဈေးကွက်ထဲကို အသင့်ရောက်ရှိပြီး ဖြစ်နေပါပြီ။ iPad တွေနဲ့  Retina Display ပါတဲ့ iMac အသစ်တို့၊ upgrade လုပ် ထားတဲ့ Mac Mini တို့ကတော့ မကြာမီ ရောက်လာမှာ ဖြစ်တယ်။ iPad Air 2 ကိုတော့ လာမယ့် Apple ထုတ်ကုန်တွေထဲမှာ စိတ်​ဝင်စားစရာ အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။ A8 X ပရိုဆက်ဆာ အသစ်ကို အသုံးပြုထားတာကြောင့် iPad Air ထက် ၄၀ ရာခိုင်နှုန်းပိုမြန်တဲ့ ပရိုဆက်ဆာကို သုံးထားတယ်လို့ ညွှန်းဆိုခဲ့တဲ့အပြင် GPU ကလည်း ၂.၅ ဆပိုမြန်မှာ ဖြစ်တယ်လို့ဆိုတယ်။ ချိတ်ဆွဲရောင်းချမယ့် ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာ ဖြစ်တယ်။

၃၉၉ ဒေါ်လာနဲ့ ရောင်းဈေး သတ်မှတ်လာတဲ့ iPad mini 3 အသစ်ကတော့ Touch ID ထည့် ပေးလိုက်တာလွဲလို့ mini 2 ထက် သိသိသာသာကြီး ကွဲပြားခြားနား သွားတာ မတွေ့ရပေ။ ပရိုဆက် ဆာ ကလည်း mini 2 မှာလို A7 ပရိုဆက်ဆာကိုသာ သုံးထားတာ တွေ့ရတယ်။

Apple အနေနဲ့ ဒီတစ်ကြိမ် ထုတ်လုပ်ဖြန့်ချိရောင်းချမှု ပုံစံက ယှဉ်ပြိုင်ဘက်တွေရဲ့ အားသာ ချက်ကို အထူးအလေးထားဆောင် ရွက်လာတာကို ဂရုပြုမိကြသလို ဖက်ရှင်စတိုင်တွေနဲ့ အလှအပကို ဦးစားပေးလေ့ရှိတဲ့ Apple ရဲ့ တိုက်ကွက်ကို Google ကလည်း ဟာ့ဒ် ဝဲကုမ္ပဏီများနဲ့ ပူးပေါင်းပြီး အထူး အာရုံစိုက် ဖြည့်ဆည်းလုပ်ကိုင် လာတာ တွေ့နိုင်ပါလိမ့်မယ်။ အ မေရိကန်နိုင်ငံ ဈေးကွက်မှာတော့ Apple ရဲ့ ထုတ်ကုန်ရောင်းအား အများဆုံး နေရာယူပြီး ကမ္ဘာဈေး ကွက်မှာလည်း Google ကကြီး မားတဲ့ ဈေးကွက်ရှယ်ယာရနေမှာ  အသေအချာ ဖြစ်တယ်။ ဝယ်ယူ သုံးစွဲသူတွေနဲ့ ဈေးကွက်အပေါ် ချဉ်းကပ်ပုံ မတူညီကြတဲ့ Apple နဲ့ Google တို့ကို စောင့်ကြည့်ရင်း ၂၀၁၅ ခုနှစ် ကူးချိန်မှာ ဘယ်သူ မှန်ကန်တယ်ဆိုတာ တွက်လာနိုင် စရာ အကြောင်းရှိတယ်လို့ တင်ပြ ပေးလိုက်ရပါတယ်။
-ဦးသောင်းဝင်း (ပန်းချယ်ရီ)

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com