Samsung က Google ၏ ချပ်ဝတ်တန်ဆာကွန်ပြူတာများအတွက် သီးသန့်ပြုလုပ်ပေးထားသည့် Android Wear OS မောင်းနှင်လည်ပတ်သော
စမတ်နာရီအသစ်တစ်လုံးကို ဇွန်လ (၂၅) ရက်နေ့တွင် ကျင်းပမည့် Google I/O
ပွဲတွင် ကြေညာမည်ဟု Cnet က ဖော်ပြထားပါသည်။ သတင်းအရင်းအမြစ်များက Samsung
သည် စမတ်နာရီနှစ်ခု တီထွင်ထားပြီး တစ်ခုတွင် Qualcomm Chipset နှင့်
အခြားတစ်ခုတွင် Samsung ၏ ကိုယ်ပိုင် Chipset တပ်ဆင်ထားပါသည်။ ဇွန်လ ၂၅
ရက်တွင် မည်သည့် စမတ်နာရီတစ်လုံးကို ပြသမည်ဆိုသည့် သတင်းမှာ
ထွက်ပေါ်ခြင်းမရှိသေးဟု သိရပါသည်။
Google က Android Wear OS ကို ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့ပြီး ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း တို့၏ အမြန်နှုန်းနှင့် အကွာအဝေးများကို အချိန်နှင့် တစ်ပြေးညီ စမတ်နာရီတွင် ပြသနိုင်သည်ဟု ပြောခဲ့ပါသည်။ Google က Android Wear ကို ကြေညာအပြီးတွင် LG နှင့် Motorola တို့က Android Wear ကို မောင်းနှင်လည်ပတ်မည့် စမတ်နာရီများကို ထုတ်လုပ်မည်ဟု ကြေညာခဲ့ပါသည်။ LG နှင့် Motorola တို့က Android Wear စမတ်နာရီများကို Google I/O ပွဲတွင်ကြေညာမည်ဟု မျှော်လင့်ရပါသည်။ Samsung က စမတ်နာရီဈေးကွက်တွင် ဦးဆောင်လျှက်ရှိပါသည်။ Galaxy Gear ကို ၂၀၁၃ ခုနှစ်တွင် ရောင်းချခဲ့ပြီးနောက် Tizen OS မောင်းနှင်လည်ပတ်သည့် Gear 2 နှင့် Gear 2 Neo တို့နှင့်အတူ Gear Fit စမတ်လက်ပတ်ကို ရောင်းချခဲ့ပါသည်။
သူရ