BlackBerry က Passport နှင့် Classic ဖုန်းနှစ်မျိုးကို ပြသလိုက်ပါသည်။
Passport တွင် ၄.၅ လက်မအရွယ် 1440x1440 Pixels Resolution ရှိသည့် မျက်နှာပြင်တပ်ဆင်ထားပြီး QHD အမျိုးအစားဖြစ်ပါသည်။ မျက်နှာပြင်၏ အောက်တွင် အလျားလိုက် အတန်းသုံးခုပါသည့် QWERTY Keyboard ကို တပ်ဆင်ထားပါသည်။ BlackBerry Passport သည် အလျားလိုက်မျက်နှာပြင် ကျယ်ပြီး ၈၀ မီလီမီတာရှိပါသည်။ အခြား Specifications များကို ကြေညာခြင်းမရှိသော်လည်း BlackBerry Z30 တွင် တပ်ဆင်ထားသည့် Snapdragon S4 Pro ထက်စွမ်းဆောင်ရည်မြင့်သည့် Snapdragon 800 Chipset ကို အသုံးပြုထားမည်ဟု သတင်းထွက်ပေါ်နေပါသည်။
BlackBerry Classic သည် Q အမျိုးအစားများ၏ မျိုးဆက်သစ်ဖြစ်ပြီး QWERTY Keyboard ပါရှိပါသည်။ Classic တွင် ၃.၅ လက်မ မျက်နှာပြင်တပ်ဆင်ထားသော်လည်း Resolution ကိုမူကြေညာခြင်းမရှိဟု သိရပါသည်။ Classic တွင် Trackpad လည်းပါရှိပါသည်။
Passport နှင့် Classic တို့ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် BlackBerry ၏ CEO အဖြစ်တာဝန်ယူခဲ့သူ John Chen က ပြသခဲ့ခြင်းဖြစ်ပါသည်။ Chen က နောက်ထုတ်မည့် BlackBerry ဖုန်းအသစ်များတွင် QWERTY Keyboard ပါရှိမည်ဟု ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ဖူးပါသည်။
Passport ကို စက်တင်ဘာလတွင် ရောင်းချမည်ဖြစ်ပြီး Classic ကို နိုဝင်ဘာလတွင် ရောင်းချ မည်ဟု မျှော်လင့်ရပါသည်။
သူရ