ပြည်တွင်း၌ မိုဘိုင်းဖုန်းအရောင်း ဆိုင်များပေါများလာခြင်းနှင့်အတူ ဝန်ဆောင်မှုပိုင်း အပိုပစ္စည်းလဲလှယ်တပ်ဆင်ခြင်း ဟာ့ဒ်ဝဲဆားဗစ်နှင့် ဆော့ဖ်ဝဲဆားဗစ်လုပ်ငန်းများ ပေါ်ပေါက်လာခဲ့ပြီး မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် မိမိတို့ ဖုန်းများကို ဈေးသက်သာခြင်းထက် စိတ်ချယုံကြည်ရသော ဆားဗစ်ကိုသာ ရွေးချယ်အသုံးပြုသင့်ကြောင်း ဈေးကွက်မှစုံစမ်း သိရှိရသည်။ မိုဘိုင်းဖုန်းဆိုင်ရာ အပိုပစ္စည်းများတွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သော အပိုပစ္စည်း (Compatible parts) နှင့်နဂိုစက်ရုံထုတ် အရည်အသွေးအတိုင်း ထုတ်လုပ်ထားသော အောရီဂျင်နယ် အပိုပစ္စည်း (Genuine parts) ဟူ၍နှစ်မျိုးရှိပြီး အရေအသွေးပိုင်းမှာလည်း မတူညီဘဲကွာခြားသည်။ “ဈေးကွက်မှာ spare parts ကနှစ်မျိုးရှိတယ်။ ဈေးသက်သာတဲ့ Compatible parts နဲ့အော်ရီဂျင်နယ် Genuine parts ဆိုပြီးရှိတယ်။ Compatible parts ဆိုတာက ဈေးသက်သက်သာသာနဲ့ သုံးနိုင်အောင်သီးသန့် ထုတ်ထားတဲ့ အပိုပစ္စည်းမျိုးပါ။ အရည်အသွေးကတော့ အော်ရီဂျင်နယ်လို မကောင်းနိုင်ပါဘူး။ ဥပမာ LCD စကရင်ကွဲလို ပျက်လို့လဲတာမျိုးဆိုရင် ဆိုင်ကလဲပေးလိုက်တာက ဈေးသက်သာတဲ့ compatible ပစ္စည်းဆိုရင်တော့ နဂိုဖုန်းရဲ့အော်ရီဂျင်နယ် LCD စကရင်ကထောက်ပံ့ပေးနိုင်တဲ့ resolution လောက်တော့ အပြည့်အဝ ပုံဖော်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု LG Mobile ၏ပြည်တွင်းတရားဝင် ကိုစားလှယ်တစ်ဦးဖြစ်သော NMC (New Myanmar Channel) Co., Ltd မှပရောဂျက်ဒါရိုက်တာ ကိုစိုးငွေရက ရှင်းပြသည်။ ဈေးကွေက်တွင်ဈေးနှုန်းကို အဓိကထား၍ ပြိုင်ဆိုင်ရောင်းချနေပြီး ဝယ်ယူသူများမှလည်း ဈေးနှုန်းအနည်းဆုံးကိုသာ ရွေးချယ်ဝယ်ကြခြင်းကြောင့် မိမိဝယ်ယူမည့်ဆိုင်၏ after sales services ကောင်းကောင်းပေးနိုင်ခြင်း ရှိမရှိကိုစဉ်းစားဆုံး ဖြတ်ပြီးဝယ်ယူသင့်ကြောင်း ဈေးနှုန်းသက်သာခြင်းထက် ဆားဗစ်ပိုကောင်းသည့် ဆိုင်များကိုရွေးချယ်သည့်အတွက် နောင်အချိန် ဖုန်းနှင့်ပတ်သက်သော အကုန်အကျသက်သာမည် ဖြစ်ကြောင်းကို ချိုင်းနားတောင်း iMotion မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ပြည်တွင်းဈေးကွက်၌ မိုဘိုင်းဖုန်းတရားဝင် အရောင်းကိုယ်စားလှယ်မှ ဖွင့်လှစ်ထားသော ဆားဗစ်စင်တာများ၊ အရောင်းဆိုင်များမှ ဝန်ဆောင်မှုပေးဆားဗစ်နှင့် ဆားဗစ်သီးသန့် ဝန်ဆောင်မှုပေးသော ဆိုင်များရှိကာ အပိုပစ္စည်း တပ်ဆင်ပြင်ဆင်ခြင်း၌ အမျိုးအစားတူ ပစ္စည်းအပေါ်တွင် တန်ဖိုးကွာခြားခြင်းများရှိကြောင်း သိရသည်။ “Supplier (Distributor) ကသွင်းတဲ့ အပိုပစ္စည်းတွေက တင်သွင်းခစရိတ်တွေ ရှိတာကြောင့် Compatible parts တွေထက်ဈေးပိုကြီးပါတယ်။ ပစ္စည်းရဲ့ အရည်အသွေးက ဖုန်းရဲ့နဂိုစက်ရုံထုတ် အရည် အသွေးတိုင်း ထုတ်ထားတာလည်း ဖြစ်ပါတယ်။ တရားဝင်ဖြန့်ချိရေး ကိုယ်စားလှယ်က ဖွင့်လှစ်ထားတဲ့ ဆားဗစ်စင်တာတွေမှာ Compatible parts တွေလဲလှယ် တပ်ဆင်ရင်မရရှိနိုင်တဲ့ အပို ပစ္စည်းအတွက် သီးသန့်အာမခံအပြင် တခြားထပ်ပေါင်း ဝန်ဆောင်မှုတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ထပ်ပေါင်းဝန်ဆောင်မှုဆိုတာက ဘယ်လိုမျိုးလဲဆိုတော့ HTC မှာဆိုရင် Butterfly အတွက် စကရင်လဲရင် ဘက်ထရီကိုပါ အခမဲ့အသစ်လဲလှယ် ပေးတာမျိုးပါ။ တရားဝင်အရောင်း ကိုယ်စားလှယ်တွေအနေနဲ့ ပြင်ဆင်တဲ့အစိတ်အပိုင်းနဲ့ ဆက်စပ်နေတဲ့ဟာ့ဒ်ဝဲ အစိပ်ပိုင်းတွေကောင်းစွာ ဆက်လက် အလုပ်လုပ်မလုပ်ကိုပါ တပါးတည်းစစ်ဆေး ပြင်ဆင်ပေးတာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်အပြင် ဆားဗစ်တွေထက် ဆားဗစ်ခဈေးပိုကြီးတာပါ” ဟု ကိုစိုးငွေရမှ ဆက်လက် ရှင်းပြသည်။ ပြည်တွင်းဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သော compatible parts အပိုပစ္စည်းများ ဟောင်ကောင်ဘက်မှ ဝင်ရောက်ခြင်းများပြီး ၎င်းပစ္စည်း များအနေဖြင့် ဈေးသက်သာစွာ တပ်ဆင်အသုံးပြုနိုင်ရုံသာ ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် အဆိုပါပစ္စည်းများကြောင့် တခြားဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် မိမိဖုန်းသုံးစွဲလျက်ရှိသော ဖုန်းအမျိုးအစား၏ တရားဝင်တင်သွင်း ရောင်းချသောဆားဗစ်စင်တာများ (Authorized Services Centre) တွင်သာပြသသင့်ကြောင်း၊ တရားဝင်ဆားဗစ်စင်တာများတွင် ပြသပြင်ဆင်ခြင်းဖြင့် မိမိတို့ အသစ်လဲလှယ်သော အပိုပစ္စည်းအတွက် အာမခံထပ်မံ ရရှိနိုင်ကြောင်းသိရသည်။ “အသစ်လဲတဲ့ အပိုပစ္စည်းအတွက်တော့ အာမခံသီးသန့်ထပ် ပေးတာမျိုးတော့မရှိဘူး။ ကျွန်တော်ဆီမှာက ဆားဗစ်လာပြတဲ့ အလုံးရဲ့မော်ဒယ်တူ ပစ္စည်းရှိရင်ဆားဗစ်အတွက် လိုအပ်တဲ့အစိတ်အပိုင်းကို အလုံးသစ်ထဲက ယူပြီးလဲထည့်ပေးတာများတယ်။ ကျွန်တော်ဆီမှာ မော်ဒယ်တူအပိုပစ္စည်းမရှိတော့မှ ယုဇနပလာဇကနေ အပိုပစ္စည်းဝယ်ပြီး ထည့်ပေးတာ” ဟုအိုင်တီနှင့် မိုဘိုင်းပစ္စည်း များတွဲဖက်ရောင်းချလျက်ရှိသော T-Land မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောသည်။ ဖုန်းဟာ့ဒ်ဝဲအပိုပစ္စည်း တင်သွင်းရောင်းချသော အရောင်းဆိုင်အရေအတွက်မှာ ဖုန်းအရောင်းဆိုင်များထက် နည်းပါးလျက်ရှိရာ ဖုန်းအရောင်းဆိုင်အများစုမှာ ဈေးနှုန်းသက်သာပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သော အပိုပစ္စည်းများကိုသာ အသုံးပြုဝန်ဆောင်မှု ပေးလျက်ရှိကြောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။ မကြာမီအချိန်အတွင်း၌ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာများမှ ဆင်းမ်ကတ်များကို အပြိုင်အဆိုင်ဝန်ဆောင်မှုပေး ရောင်းချသွားမည်ဖြစ်သည့်အတွက် မိုဘိုင်းဖုန်းသုံးစွဲမှု ပမာဏမှာ အရင်ကထက် ပိုမိုများပြားလာနိုင်ခြင်းကြောင့် ရောင်းချသူများအနေနှင့် ပိုမိုကောင်းမွန်သော အရောင်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ဆားဗစ်ပိုင်းဆိုင်ရာ ဝန်ဆောင်များကို အားထားယှဉ်ပြိုင် သွားသင့်ကြောင်း အရောင်းဆိုင်အများစုမှ အကြံပြုပြောကြားသည်။
-ရဲထွဋ်ဝင်း
Internet Journal
-ရဲထွဋ်ဝင်း
Internet Journal