အမေရိကန် ပြည်ထောင်စု ချီကာဂိုမှ ရဲများက အသက် ၁၅ နှစ်အရွယ်
မိန်းကလေးငယ်အား အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ပြီး Facebook မှာ Live
လွှင့်သွားတဲ့ လူများအား စုံစမ်းနေပါတယ်။ အဓမ္မ ပြုကျင့်သူများဟာ ၅ ယောက်ကနေ ၆
ယောက်အထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီ Live Video ကို ကြည့်ရှုသူ ၄၀
ရှိပေမယ့် ရဲဌာနကို တိုင်ကြားသူ တစ်ယောက်မှ မရှိခဲ့ဘူးလို့ အာဏာပိုင်များက
ပြောပါတယ်။ Facebook က အဲဒီဗီဒီယိုကို စစ်ဆေးတွေ့ရှိပြီးနောက်မှာ သူ့ရဲ့
လူမှုကွန်ရက်ကနေ ဖယ်ရှားခဲ့ပါတယ်။
ယခင်လ အနည်းငယ်ကလည်း Facebook မှာ Live လွှင့်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကိုလည်း ချီကာဂို ရဲများက စုံစမ်းခဲ့ရပါသေးတယ်။ ဇန်န၀ါရီလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်အရွယ် တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ လူ ၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
အဓမ္မကျင့်ခံရတဲ့ မိန်းကလေးငယ်ကို အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ မတိုင်ခင်က မိခင်ဖြစ်သူက Screenshot များကို ပြသ၍ ရဲများအား တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ သမီးငယ်အား ရှာဖွေ မတွေ့ခင်မှာ မိခင်ဖြစ်သူက အလွန် စက်ဆုတ်ရွံရှာဖို့ ကောင်းပြီး သမီးငယ်ဟာ အလွန် ကြောက်ရွံနေတယ်လို့ CBS Chicago သတင်းဌာနကို ပြောပါတယ်။
Facebook က Live Video များကို ထုတ်လွှင့်ခွင့် ပြုလုပ်ခဲ့ပြီးနောက်မှာ လူသတ်မှုနဲ့ ကိုယ့်ကိုကိုယ် သတ်သေမှုများ အပါအ၀င် ဥပဒေကို ချိုးဖောက်တဲ့ ဗီဒီယိုပေါင်း အနည်းဆုံး ၅၀ ရှိတယ်လို့ The Wall Street Journal က ပြောပါတယ်။