သင့် စမတ်ဖုန်းမှာ နှစ်သက်တဲ့ သီချင်းများစွာကို ထည့်သွင်း
နားဆင်နိုင်ပေမယ့် Storage အကန့်အသတ်ရှိပါတယ်။ အဲဒီအတွက် အွန်လိုင်း
အခြေပြု သီချင်း ထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုများစွာ ထွက်ပေါ်လာတာ
ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီ ၀န်ဆောင်မှုများထဲမှာ Spotify က
အအောင်မြင်ဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် ၀န်ဆောင်မှု တစ်ခုစီမှာ အားသာချက်၊
အားနည်းချက်များ ရှိပါတယ်။ အဲဒီအတွက် သင်နဲ့ သင့်တော်မယ့် ၀န်ဆောင်မှုကို
ရွေးချယ်နိုင်ဖို့ သုံးသပ်ရေးသားပေးလိုက်ပါတယ်။
Comparison Table

Apple Music

Apple Music ကို ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး လက်ရှိမှာ သီချင်းပေါင်း သန်း ၃၀ ခန့်ရှိပါတယ်။ iOS Device များကနေ သာမက Android Users များအတွက် App ကို ဖန်တီးပေးထားပါတယ်။ အဆိုတော်များက သူတို့ရဲ့ ပရိတ်သတ်များနဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်ပြီး သီချင်းများ၊ ဓါတ်ပုံများ မျှဝေနိုင်တဲ့ Connect စွမ်းဆောင်ချက်လိုမျိုး အခြား ၀န်ဆောင်မှုများမှာ မပါတဲ့ စွမ်းဆောင်ချက်များ ပါရှိပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ ရေဒီယို စတေရှင်များမှ သီချင်းများကို ၂၄ နာရီ နားဆင်နိုင်တဲ့ Beats 1 Internet Radio Station လည်း ပါပါတယ်။ အကောင်းဆုံးကတော့ ၃ လတောင် စမ်းသပ် အသုံးပြုခွင့်ပေးထားခြင်း ဖြစ်ပါတယ်။
Spotify

Spotify ဟာ အခပေး ၀န်ဆောင်မှု အပြင် အခမဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အခမဲ့ အသုံးပြုရင် ကြော်ညာများကို ပြသထားမှာပါ။ အကောင်းဆုံးကတော့ အခမဲ့ အသုံးပြုရင်လည်း အခပေး ၀န်ဆောင်မှုရဲ့ သီချင်းများအားလုံးကို နားဆင်နိုင်တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အယ်လ်ဘမ် အသစ်များကို အခပေး အသုံးပြုသူများကိုသာ နားဆင်ခွင့်ပေးမယ့် သတင်းများလည်း ထွက်နေပါတယ်။ အခမဲ့ သုံးသူများအတွက် အားနည်းချက်များက အသံအရည်အသွေး နိမ့်ကျခြင်း၊ ကြော်ညာများ မြင်ရခြင်းနဲ့ Offline နားဆင်နိုင်မှု မရှိခြင်းတို့ ဖြစ်ပါတယ်။ Spotify က မိုဘိုင်းအပြင် Web-Player နဲ့ Desktop App ကိုလည်း ဖန်တီးပေးထားပါတယ်။ သင့်ရဲ့ သီချင်းများကို Device များ အကြားမှာ Sync လုပ်ပေးမှာပါ။ Spotify ရဲ့ သီချင်း ရှာပေးတဲ့ ဆော့ဖ်ဝဲကလည်း ဥာဏ်ရည်မြင့်ပြီး Discover Weekly က တနင်္လာနေ့တိုင်း သင့်အတွက် အကောင်းဆုံး Playlist တစ်ခုကို အကြံပြု ပြသပေးမှာပါ။ Spotify က မကြာခင်ကပဲ Google Play Music နဲ့ Apple Music တို့လို မိသားစုဝင်များအကြားမှာ သီချင်းများ မျှဝေ နားဆင်နိုင်တဲ့ ၀န်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါတယ်။ တစ်လလျှင် ၁၅ ဒေါ်လာဖြင့် အကောင့် ၆ ခုအထိ Family Sharing မှာ ပါဝင်နိုင်ပါတယ်။
Google Play Music

Music Player App အဖြစ် စတင် ဖြန့်ချီခဲ့တဲ့ Google Play Music ဟာ အခုဆိုရင် သီချင်း ၃၅ သန်းကျော်ရှိတဲ့ Music Streaming ၀န်ဆောင်မှု ဖြစ်လာပါပြီ။ သူ့ရဲ့ ၀န်ဆောင်မှု ဈေးနှုန်းဟာ Spotify နဲ့ တူညီပေမယ့် အားသာချက်မှာ YouTube Red ကို သုံးနိုင်တာ ဖြစ်တဲ့အတွက် ကြော်ညာများ မပါတဲ့ YouTube Video များကို ကြည့်နိုင်မှာပါ။ ဒါ့အပြင် Offline ကြည့်နိုင်ခြင်း၊ Background Playback စတဲ့ စွမ်းဆောင်ချက်များကို သုံးနိုင်ပြီး ရုပ်ရှင်နဲ့ တီဗီစီးရီးများကိုလည်း ကြည့်နိုင်ပါတယ်။
Soundcloud and Soundcloud Go

Soundcloud ကတော့ တစ်မူထူးခြားတဲ့ App ဖြစ်ပါတယ်။ အဆိုတော်များက သူတို့ရဲ့ သီချင်းများကို Soundcloud မှာ လွှင့်တင်ပေးဖို့အတွက် ကုမ္ပဏီကို အခကြေးငွေ ပေးဆောင်ရပါတယ်။ Soundcloud ကို အခမဲ့ အသုံးပြုနိုင်သလို ကြော်ညာများ မပါတဲ့ အခပေး ၀န်ဆောင်မှုကိုလည်း ပံ့ပိုးပေးထားပါတယ်။ Users များက သီချင်းများမှာ မှတ်ချက်များ ပေးနိုင်ပြီး အခြား သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။ အဆိုတော်က ခွင့်ပြုရင် သီချင်းများကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Soundcloud ဟာ အဆိုတော် အသစ်များကို ဦးဦးဖျားဖျား ရှာဖွေချင်သူများအတွက် သင့်တော်ပါတယ်။
Tidal

Tidal ကို ခရက်ဒစ်ကဒ် သို့မဟုတ် PayPal အကောင့်များနဲ့ အသုံးပြုနိုင်ပါတယ်။ တစ်လလျှင် ၉.၉၉ ဒေါ်လာကျသင့်ပြီး မြင့်မားတဲ့ အသံ အရည်အသွေး(Hi-Fi Mode) ဖြင့် နားဆင်ချင်ရင် ၁၉.၉၉ ဒေါ်လာ ကျသင့်မှာပါ။ ရက်ပေါင်း ၃၀ အခမဲ့ အသုံးပြုနိုင်တာက အခြား ၀န်ဆောင်မှုများနဲ့ တူညီပါတယ်။ စမ်းသပ် သုံးစွဲတဲ့ ကာလမှာ ဗီဒီယိုများကိုတော့ ကြည့်ရှုလို့ မရပါဘူး။ Hi-Fi Mode ကို စမ်းသပ်ကာလမှာ အသုံးပြုနိုင်ပေမယ့် ခရက်ဒစ်ကဒ် သတင်းအချက်အလက်များကို ပေးအပ်ရမှာပါ။ Tidal App ရဲ့ User Interface ဟာ လှပပြီး သီချင်းများ ရှာဖွေပေးတဲ့ Tidal Rising လို ထူးခြားတဲ့ စွမ်းဆောင်ချက်များ ထည့်သွင်းပေးထားပါတယ်။
အနှစ်ချုပ်
• Google Play Music မှာ ၀န်ဆောင်မှု အပိုများ ပါပါတယ်။ YouTube ကို သုံးနိုင်ပြီး သီချင်းပေါင်း ၃၅ သန်းကျော်ကို နားဆင်ရမှာပါ။
• Apple Music ကတော့ သီချင်းကို အသားပေးထားပြီး တီဗီနဲ့ ဗီဒီယိုများကို ကြည့်ရှုလို့တော့ မရပါဘူး။ ဒါပေမယ့် သီချင်း အရေအတွက် သာလွန် များပြားပြီး သီချင်းအသစ်များကို လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။
• Spotify မှာ အရည်အသွေးမြင့် သီချင်းများကို နားဆင်ရမှာ ဖြစ်ပြီး Devices များအကြားမှာ Sync လုပ်နိုင်ပါတယ်။ မိသားစုဝင်များ အတူတကွ အသုံးပြုဖို့ သင့်တော်ပါတယ်။
• Soundcloud ကို အခမဲ့ အသုံးပြုနိုင်တာက အကောင်းဆုံး စွဲဆောင်မှု ဖြစ်ပြီး အဆိုတော် အသစ်များရဲ့ သီချင်းများကို ရှာဖွေ နားဆင်ချင်သူများအတွက် ရွေးချယ်စရာပါ။
• Tidal ကတော့ အသံအရည်အသွေးမြင့်မားတဲ့ သီချင်းများကို အခပေး နားဆင်ချင်သူများ အတွက် အဆင်အပြေဆုံး ဖြစ်ပါတယ်။