Android မှာ VPN App များကို အသုံးပြုခြင်းဖြင့် သင့်နိုင်ငံကနေ
ကြည့်လို့မရအောင် ပိတ်ပင်ထားတဲ့ ၀က်ဆိုက်များကို ကြည့်နိုင်သလို
အင်တာနက်မှာလည်း သင့်ကို နောက်ယောင်ခံလို့ မရအောင် ကာကွယ်ပေးနိုင်ပါတယ်။
Android အတွက် အခမဲ့နဲ့ အခပေး VPN App များစွာ ရှိတဲ့အထဲကမှ အကောင်းဆုံး ၃
ခုကို ရွေးချယ်ပေးလိုက်ပါတယ်။
VPN ဆိုတာ ဘာလဲ ?
VPN (Virtual Private Network ) ဟာ သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို Remote Server တစ်ခုကနေ ဖြတ်သန်းစီးဆင်းစေတာ ဖြစ်ပါတယ်။ သူက သင့်ရဲ့ IP လိပ်စာ အမှန်ကို ဖုံးကွယ်ထားပေးပြီး သင်ဟာ အခြားနိုင်ငံတစ်ခုကနေ အသုံးပြုနေတယ်လို့ ထင်ရအောင် လိမ်ညာပေးထားပါတယ်။ သူက သင့် စမတ်ဖုန်းနဲ့ ၀က်ဆိုက်များအကြားမှ ပေးပို့ရယူနေတဲ့ ဒေတာများကိုလည်း Encrypt လုပ်ပေးထားတဲ့အတွက် အခြားလူများ ကြားဖြတ်ခိုးယူလို့ မရစေပါဘူး။
သင်ဟာ အခြားနိုင်ငံတစ်ခုကနေ အသုံးပြုနေသလို ဖြစ်တဲ့အတွက် BBC, Netflix, Hulu တို့လို ၀က်ဆိုက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ VPN များဟာ သင့်ရဲ့ အင်တာနက် ဆက်သွယ်မှုကို ဆာဗာတစ်ခုကနေ ဖြတ်သန်းစေတဲ့အတွက် အမြန်နှုန်းနှေးကွေးတဲ့ ပြဿနာများလည်း ရှိနိုင်ပါတယ်။ အဲဒီအတွက် အမြန်နှုန်း အပါအ၀င် အခြားအရာများကို အခြေခံ၍ အကောင်းဆုံး VPN Apps များကို ဖော်ပြလိုက်ပါတယ်။
TunnelBear

TunnelBear ရဲ့ အမြန်နှုန်းကတော့ အလွန်ကောင်းမွန်ပြီး ကြော်ညာများလည်း ထည့်သွင်းထားခြင်း မရှိပါဘူး။ အခြား အခမဲ့ VPN များထက် စွမ်းဆောင်ရည် မြင့်မားပါတယ်။ ကမ္ဘာအနှံ့မှာ ဆာဗာများ ရှိတဲ့အတွက် သင်နှစ်သက်တဲ့ နိုင်ငံကို ရွေးချယ်နိုင်ပါတယ်။ အားနည်းချက်ကတော့ အခမဲ့ အသုံးပြုရင် တစ်လလျှင် 500MB သာ ရရှိမှာ ဖြစ်ပါတယ်။ ဒီထက်ပိုလိုချင်ရင်တော့ Twitter မှာ သူတို့ရဲ့ ၀န်ဆောင်မှုကို ကြော်ညာပေးနိုင်ပါတယ်။ အကန့်အသတ် မရှိ အသုံးပြုချင်ရင်တော့ တစ်လလျှင် ၄ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ TunnelBear ကို အသုံးပြုဖို့ အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Opera VPN

Opera VPN ရဲ့ User Interface ဟာ လှပပြီး Material Design ဖြစ်ပါတယ်။ အမြန်ဆုံး VPN များထဲမှ တစ်ခု ဖြစ်ပေမယ့် တုန့်ဆိုင်းမှု အနည်းငယ်တော့ ရှိပါတယ်။ အခမဲ့ အသုံးပြုခွင့်ပေးထားလို့ ကြော်ညာများ ထည့်သွင်းပေးထားပေမယ့် ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ အကန့်အသတ် မရှိ အသုံးပြုနိုင်ပေမယ့် Torrent ၀က်ဆိုက်များကိုတော့ ပိတ်ပင်ထားပါတယ်။ ဆာဗာတည်နေရာ ၅ ခုကို ရွေးချယ်နိုင်ပါတယ်။
Betternet

Betternet ကတော့ ပြည့်စုံကောင်းမွန်ပေမယ့် ဒီဇိုင်းက မလှပပါဘူး။ ကြော်ညာများက နည်းပါးပေမယ့် စဖွင့်ချိန်မှာတော့ စကရင်အပြည့် ကြော်ညာများကို မြင်ရတာ စိတ်ရှုပ်စရာဖြစ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ အလွန်လျှင်မြန်ခြင်း မရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် megabit အမြန်နှုန်းကိုတော့ ပံ့ပိုးပေးနိုင်ပါတယ်။ အခမဲ့ အသုံးပြုရင် နိုင်ငံများကို ရွေးချယ်လို့ မရပါဘူး။ အဲဒီအတွက် မကောင်းတဲ့ ဆာဗာများကို ရရှိရင် အမြန်နှုန်း နှေးကွေးနိုင်ပါတယ်။ တစ်လလျှင် ၁၂ ဒေါ်လာ ဖြင့် အခပေး အသုံးပြုရင်တော့ လျှင်မြန်တဲ့ အမြန်နှုန်းကို ရရှိမှာဖြစ်ပြီး ကြော်ညာများ မပါသလို နိုင်ငံများစွာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

www.pyaephyo.com