Mobile World Congress (MWC) မှာ စမတ်ဖုန်း အသစ်များစွာကို
မိတ်ဆက်ခဲ့တဲ့အတွက် စမတ်ဖုန်းအသစ်ဝယ်မယ့် လူများအတွက် ကျေနပ်စရာပါ။
စမတ်ဖုန်း အသစ် မ၀ယ်ချင်သူများအတွက်လည်း လက်ရှိ စမတ်ဖုန်းကိုပဲ
အဆင့်မြှင့်ပေးမယ့် စမတ်ဖုန်း Accessories များကို MWC မှာ
မိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီအတွက် ပွဲမှ အကောင်းဆုံး စမတ်ဖုန်း Accessories
များကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
PNY USB-C Duo-Link

သင့် စမတ်ဖုန်းမှာ USB-C ပါပေမယ့် microSD Card Slot မပါတဲ့အတွက် စိတ်ပျက်စရာ မလိုပါဘူး။ ဥပမာအားဖြင့် Google Pixel ဖုန်းမှာ microSD Card စိုက်လို့ မရပါဘူး။ PNY က အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် သင့်ဖုန်းမှ USB-C မှာ တိုက်ရိုက်တပ်ဆင်နိုင်မယ့် Memory Stick ကို မိတ်ဆက်ပေးလိုက်ပါတယ်။ Storage မြင့်မားတဲ့ ဖုန်းကို ရွေးချယ်နိုင်ပေမယ့် PNY ရဲ့ Stick က ပိုမိုတန်ဖိုးသက်သာပါတယ်။ 64GB သိမ်းဆည်းနိုင်ပြီး ဒေါ်လာ ၂၀ လောက်သာ တန်ကြေးရှိပါတယ်။ iPhone 7 နဲ့ ယခင် iPhone များရဲ့ Lightning Port နဲ့ ချိတ်ဆက်နိုင်တဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပြီး 64GB ကို ၃၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။
PNY USB-C to micro USB adapter

USB-C ဟာ micro USB ထက် စွမ်းရည်မြင့်မားပါတယ်။ သင့်ဖုန်းမှာ USB-C ပါပြီး အားသွင်းကြိုး အလွယ်တကူ ရှာမရလို့ ခေါင်းကိုက်နေရင်တော့ PNY USB-C to micro USB adapter ကို ၀ယ်ယူထားနိုင်ပါတယ်။ သူက micro USB အားသွင်းကြိုးများဖြင့် သင့်ဖုန်းမှ USB-C Port မှာ ချိတ်ဆက်အားသွင်းပေးနိုင်ပါတယ်။
SanDisk 256GB A1-class microSD card

လက်ရှိ microSD Card များနဲ့ ယှဉ်ရင် SanDisk 256GB A1-class microSD card ဟာ 256GB အထိ ၀င်ဆန့်ပြီး Reading Speed ကလည်း 95MB/s ရှိလို့ ပိုမိုလျှင်မြန်ပါတယ်။ ၁၉၉ ဒေါ်လာ တန်ကြေးရှိလို့ ဈေးကြီးပေမယ့် ဈေးကွက်ထဲမှာတော့ အလျှင်မြန်ဆုံး ကဒ် ဖြစ်ပါတယ်။ ဖိုင်များကူးပြောင်းခြင်း၊ Apps များစွာဖွင့်ခြင်းတို့ပြုလုပ်ရာမှာ မကြုံစဖူး လျှင်မြန်ပါတယ်။ ကဒ်ရဲ့ အားသာချက်နောက်တစ်ခုက ဖုန်းအဟောင်းများနဲ့ တွဲဖက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
Samsung Mobile Photo Printer

ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံများကို ချက်ချင်း ပရင့်ထုတ်ပေးနိုင်တဲ့ Poloroid ခေတ်က ကုန်သွားပါပြီ။ Samsung က USB ကြိုးဖြင့် Samsung Galaxy S7 ကို တိုက်ရိုက်ချိတ်ဆက်၍ စမတ်ဖုန်းမှ ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံများကို ချက်ချင်း ပရင့်ထုတ်ပေးနိုင်တဲ့ မိုဘိုင်းပရင်တာကို မိတ်ဆက်လိုက်ပါတယ်။ အခြား စမတ်ဖုန်းများနဲ့ တွဲဖက် သုံးနိုင်သလားဆိုတာနဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။
Moto Mods

Moto Mods ကတော့ Moto Z , Moto Z Force နဲ့ Moto Z Play တို့အတွက် Accessory များ ဖြစ်ပါတယ်။ Motorola က Amazon နဲ့ ပူးပေါင်း၍ Echo Mod နဲ့ Nintendo Switch ဂိမ်းစက်နဲ့တူတဲ့ Mod များကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် ကုမ္ပဏီက ယခုနှစ်ထဲမှာ ရောင်းချမယ်လို့ ပြောပါတယ်။ လာမယ့်နှစ်မှာလည်း Mod အသစ်များကို မိတ်ဆက်ဦးမယ်လို့ ဆိုပါတယ်။

www.pyaephyo.com