11/07/2016

♪ “ဈေးဝယ်နည်းပညာသစ် Amazon Dash” ♫


မိုဘိုင်းခေတ်ကြီးထဲတွင် အွန်လိုင်းပေါ်တက်ပြီး ဈေးဝယ်ခြင်းမှာ အထူးအဆန်း မဟုတ်။ တိုက်ရိုက်ဈေးဝယ်သော app သုံးပြီး ၀ယ်သူတွေရှိသလို browser မှတစ်ဆင့် website ထဲဝင်ပြီး ၀ယ်သူတွေလည်းရှိသည်။ သို့သော် Amazon Dash မှာ ယင်းတို့နှင့်မတူ ကွဲပြားခြားနား ၍နေသည်။ Amazon Dash ဆိုသည်မှာ အဘယ်နည်း။ Amazon Dash ဆိုသည်မှာ မိမိဝယ်လိုသည့် အိမ်သုံးပစ္စည်းများကို ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ချက်ချင်းမှာကြားဝယ်ယူ နိုင်သော ဈေးဝယ်နည်းပညာသစ်ဖြစ်သည်။ ပြတ်လပ်မသွားစေလိုသော အိမ်သုံး ပစ္စည်းအနီးတွင် Wi-Fi ချိတ်ဆက်ထားသော device တစ်ခုကို ထားပေးရုံသာလိုအပ်သည်။ ထိုအိမ်သုံးပစ္စည်း (ဥပမာ-ဆပ်ပြာမှုန့်) ပြတ်လပ် ကာနီးပြီဆိုလျှင် နောက်တစ်ခုကို အချိန်မီအရောက်ပို့ပေးရန် ခလုတ်နှိပ်ပြီး မှာကြားနိုင်သည်။

Amazon Dash သည် လက်ဖြင့် ကိုင်တွယ်အသုံးပြုရသော ပစ္စည်းအမှာစနစ် ဖြစ်သည်။ နည်းလမ်းအသွယ်သွယ်ဖြင့် အသုံးပြုနိုင်သည်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ပြီးသောကုန်ပစ္စည်းအမှာစနစ်လည်း ဖြစ်သည်။ ဤပစ္စည်းကို အသုံးပြုခြင်းအားဖြင့် Amazon Website ထဲဝင်ဖို့ မလိုအပ်သလို Amazon app ကိုလည်း အသုံးပြုရန် မလိုအပ်ပါ။ Dash ၏ button တစ်ခုသည် သက်ဆိုင်ရာ ပစ္စည်းတစ်မျိုးကို ကိုယ်စားပြုသည်။ ယင်းခလုတ်နှိပ်သည်နှင့် မည်သည့်ပစ္စည်းမှာယူရန် ကြိုးစားကြောင်း Amazon က ချက်ချင်းသိသည်။
ထို့ကြောင့် မိမိမှာလိုသော ပစ္စည်းအပေါ်မူတည်ပြီး သက်ဆိုင်ရာ ခလုတ်
(ဥပမာ-အိမ်သာသုံးစက္ကူ၊ ကြောင်စာထုတ်) ကို နှိပ်ရန်လိုအပ်သည်။ ခလုတ်အမှန်ကိုသာ နှိပ်မည်ဆိုလျှင် ပစ္စည်းလွဲမှားပြီး ပို့ပေးခြင်း မဖြစ်စေရန် စီစဉ်ထားပါသည်။ မိမိ၏အိမ် တွင် Dash ကို တပ်ဆင်ပြီးသည့်အခါ မိမိမှာ လိုသည့်ပစ္စည်း၊ ၀ယ်မည့်ပမာဏ၊ အရွယ်အစား စသည်တို့ကို ခလုတ်တစ်ခု ချင်း အလိုက် သတ်မှတ်ပေးရန်လိုသည်။ ခလုတ်မှားပြီး နှိပ်မိမည်ကိုလည်း စိုးရိမ်စရာမရှိပါ။ ခလုတ်တစ်ခုစီပေါ်တွင် brand logo ပါဝင်နေသောကြောင့် ဖြစ်ပါသည်။

Dash button မည်မျှသုံးနိုင်ပါသည်။ မိမိဆန္ဒရှိသလောက် အရေအတွက်ကို www.amazon.com/dashbutton မှနေ၍ အော်ဒါမှာနိုင်သည်။ ခြွင်းချက် အနေဖြင့် Amazon prime subscriber ဖြစ်ရန် လိုအပ်ချက်ရှိသည်။ လောလောဆယ်တွင် Amazon Prime ၏ နှစ်စဉ်ကြေးမှာ (၇၉) ပေါင်ဖြစ် သည်။ Dash button တစ်ခုစီအတွက် ကျသင့်ငွေမှာ (၅) ပေါင်ဖြစ်သည်။ သို့သော် ပထမအကြိမ် ပစ္စည်းမှာယူပြီးသွားသည်နှင့် တစ်ပြိုင်နက် ယင်း button အတွက် ပြန်အမ်းငွေကို ရရှိပါမည်။ ထို့ကြောင့် button အခမဲ့သုံးရ သည်ဟုဆိုနိုင်သည်။ ယင်း စနစ်မှာ ၀ယ်ယူသမျှ button တိုင်းအတွက် အကျိုးသက်ရောက်မှုရှိပါသည်။Dash အား မိမိထားလိုသော နေရာအပေါ် မူတည်ပြီး တစ်ခုမက ၀ယ်ရခြင်းဖြစ်နိုင်သလို မှာလိုသော ပစ္စည်းတစ်မျိုး အတွက် button တစ်ခုမက ၀ယ်ရခြင်းလည်းရှိနိုင်သည်။ ပမာဆိုရသော် တစ်ရှူး၊ စက္ကူလိပ်ခလုတ်ကို အိမ်သာတွင်တစ်ခု၊ ဧည့်ခန်းတွင်တစ်ခု ၀ယ်ရ ခြင်းမျိုးဖြစ်သည်။ ပစ္စည်းတစ်မျိုးအတွက် ခလုတ်တစ်ခုမက ၀ယ်ရခြင်း ဖြစ်လျှင် ပထမအကြိမ် ပစ္စည်း မှာပြီးသည်နှင့် ယင်းခလုတ်အားလုံးအတွက် ပြန်အမ်းငွေကို ရရှိပါမည်။

တစ်ဦးတစ်ယောက်က Dash button ကို တစ်ကြိမ်မက နှိပ်မိလျှင် မည်သို့ ဖြစ်လာမည်နည်း။ ခလုတ်ကို အကြိမ်ရေ မည်မျှပင် နှိပ်စေကာမူ ပစ္စည်း အရေအတွက်များစွာမှာယူမှုဖြစ်မည်မဟုတ်ပါ။ Dash မှနှိပ်သော နှိပ်ချက် များအတွက် ပထမဆုံး အချက်ကိုသာ Amazon က အတည်ယူပါသည်။ အချက်များစွာနှိပ်ထားပါက ပစ္စည်းအော်ဒါနှင့်ပတ်သက်ပြီး အသိပေးချက် တက်လာပါမည်။ ယင်းအော်ဒါကို ဖျက်သိမ်းနိုင်ပါသည်။ အကယ်၍ ဖျက်သိမ်း ခြင်းမပြုခဲ့လျှင် မှာယူသော ပစ္စည်းအိမ်သို့ ရောက်လာ သည်အထိ ယင်း button ကို နောက်ထပ်နှိပ်၍ ရမည်မဟုတ်ပါ။ပစ္စည်းတစ်မျိုးကို တစ်ကြိမ်သာ မှာသော်လည်း ပမာဏများစွာ မှာယူမိလျှင် မည်သို့ပြုလုပ်ရပါမည်နည်း။ ဤအဖြစ်မျိုး ရှိနိုင်သည်။ ထို့ကြောင့် Dash button ကို မနှိပ်မီစပ်ကြား၌ မိမိဝယ်ယူမည့် ပစ္စည်းပမာဏကို စစ်ဆေးကြည့်ရပါမည်။ အိမ်သာ သုံးစက္ကူ တစ်လိပ်ဝယ်ခြင်းနှင့် စက္ကူအလိပ် (၄၅) လိပ်ပါဝင်သော ပါကင်ထုတ်တစ်ထုပ် ၀ယ်ခြင်းတို့အကြားတွင် မှားယွင်းနိုင် သောကြောင့် ဖြစ်ပါသည်။ သို့ရာတွင် device page သို့ဝင်ကြည့်ပြီး အရေအတွက် မည်မျှမှာမိသည်ကို ရှာဖွေ ကြည့်ရှုနိုင်သည်။ ယင်းကိစ္စအတွက် see what you can order with this Dash button link ကို ကလစ်နှိပ်ရန်သာလိုပါသည်။

ပစ္စည်းတစ်ကြိမ်မှာလျှင် မည်မျှကြာမည်နည်း။ မည်သည့် Amazon prime order မဆို မှာပြီး နောက်တစ်ရက်တွင် အရောက်ပို့သော အကျိုးကျေးဇူးကို ခံရပါမည်။ ပစ္စည်းမကုန်အောင် သတိထားပြီး သုံးနေသည်ဆိုလျှင်လည်း ပစ္စည်းလုံးလုံး ပြတ်သည်အထိ စောင့်ရမည်မဟုတ်ပါ။ အိမ်အတွက် အဓိက ကျသော ပစ္စည်းများ အချိန်မီပြန်လည် ဖြည့်တင်းနိုင်စေရန် သတိထား လုပ်ဆောင်မှု လိုအပ်ပါမည်။ Dash button သည် လောလောဆယ်တွင် လူကြိုက်များသော တံဆိပ် (၄၈) မျိုးအထိ ၀ယ်ယူရရှိနိုင်သည်။ ယင်းတို့ အထဲတွင် အေရီရယ် အ၀တ်လျှော်ဆပ်ပြာမှုန့်မှသည် ဒက်တော သန့်စင် ဆေးရည်အထိ ပါပါသည်။Dash button အတော်များများမှာဝယ်ပြီး မကြာမီ တွင် အသုံးပြုနိုင်သော်လည်း အချို့ button များမှာ အသုံးပြုနိုင်ရန် တစ်ပတ်မှ နှစ်ပတ်အထိ စောင့်ဆိုင်းရနိုင်ပါသည်။ အများဆုံး ငါးပတ်အထိ စောင့်ဆိုင်းရသော ပစ္စည်းအချို့လည်း ရှိပါသည်။ Brand တစ်ခုတည်း ဖြစ်သော်လည်း ပစ္စည်းအမျိုးအမည်မတူပါက button နှစ်ခု ၀ယ်ရခြင်းလည်း ရှိနိုင်သည်။ button တစ်ခုကို ပစ္စည်းတစ်မျိုးအတွက် setting ချိန်ကာ ၀ယ်ယူ နိုင်ပြီး ယင်း button ကို reset ပြန်လုပ်ကာ ပစ္စည်းအသစ်ဝယ်ယူနိုင်ခွင့် ရှိသည်။ သို့သော် သီးခြားခလုတ်ထားခြင်းက ပို၍အဆင်ပြေပါလိမ့်မည်။ button ကိုနှိပ်သည်နှင့် Amazon account တွင် ပိုက်ဆံ ဖြတ်ပါမည်။

ယင်းနောက်တွင် စိတ်ရှုပ်စရာမလိုဘဲ ပစ္စည်းကို အရောက်ပို့ပါမည်။ Amazon က Dash ကို တီထွင်ရခြင်းမှာ ရှုပ်ထွေးမှုနည်းပါးစေရန်နှင့် ၀ယ်နေကျပစ္စည်း များကို လွယ်ကူစွာဝယ်နိုင်ရန်ဖြစ်သည်။ Dash သည် အရောင်းပိုင်းဆိုင်ရာ နည်းဗျူ ဟာအရ ချီးကျူးလောက်သည်ဟု ဆိုရပါမည်။ လုပ်ရကိုင်ရ လွယ်ကူမှု ဖြင့် brand တစ်ခုအပေါ် ယုံကြည် ကိုးစားလာအောင် ဆောင်ရွက်ပေးနိုင် သည်။ ယင်းလွယ်ကူမှုကပင် Amazon ထံမှ ပစ္စည်းဝယ်ယူဖြစ်အောင်လည်း အားပေးပါသည်။လောလောဆယ်တွင် Dash ကို အသုံးပြု၍ ၀ယ်ယူနိုင်သော ပစ္စည်းအရေအတွက်မများသေးသော်လည်း နောင်အနာဂတ်တွင် ပစ္စည်း အမျိုးအမည်သာမက brand လည်း ပိုများလာနိုင်ပါသည်။ Dash ကို ၂၀၁၆ ခုနှစ် မတ်လက အမေရိကန်နိုင်ငံ တွင် မိတ်ဆက်ခဲ့ပြီး အခြားအလားအလာ ကောင်းသော နိုင်ငံများတွင်လည်း တိုးချဲ့ရန် စီစဉ်နေသည်။ Amazon ကမူ Dash အား တစ်ထစ်ချင်းသာတိုးချဲ့သွားမည်ဟု ဆိုထားပါသည်။

လောလောဆယ်တွင် Dash ကိုသုံးပြီး Amazon က ၀ယ်ယူနိုင်သော Brand
(၁၅၀) ကျော်ရှိသည်။ Dash ကို သုံး၍၀ယ်သော ပစ္စည်းပမာဏသည် မကြာမီ တွင် သုံးဆအထိ တိုးလာမည်ဟု Amazon မှ မျှော်လင့်ထားပါသည်။
Dash ကို ဖွင့်လှစ်ပေးခဲ့သည်မှာ ကာလတိုတောင်းသော်လည်း Amazon က ရှေ့ခြေလှမ်းများကို စဉ်းစားထားပါသည်။ ခလုတ်အနေဖြင့်သာမက Dash Replenishment ဟူသော ၀န်ဆောင်မှုအား gadget သို့မဟုတ် app ပေါ်မှ နေ၍ သုံးစွဲနိုင်ရန် စီမံချက်ရှိသည်။ Dash စနစ်ပါသော Samsung printer များနှင့် Whirlpool ၊ Siemens စသော အ၀တ်လျှော်စက်များမှာလည်း ပေါ်ထွက်လာမည်ဖြစ်ရာ အနာဂတ်တွင် မင်ကုန်ကာနီး သို့မဟုတ် အ၀တ် လျှော်ဆပ်ပြာမှုန့် ကုန်ကာနီးတွင် dash ခလုတ်ကို နှိပ်၍ မှာယူနိုင်ပါလိမ့်မည်။ Iot များနှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် Cloud စနစ်ကိုလည်း ဖန်တီးမည်ဖြစ် ရာ အနာဂတ်တွင် Dash ၏ နယ်ပယ်မှာ များစွာကျယ်ဝန်းလာဖွယ်ရှိပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com