12/02/2014

♪ ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Samsung နှင့် Huawei အမှတ်တံဆိပ်များ၏ ဝယ်လိုအားများ မြင့်တက် လာပြီး ဈေးကွက် ကွာဟချက်လည်း ပိုမိုကျဉ်းမြောင်းလာ ♫


ပြည်တွင်း၌ စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာပြီး နောက်ပိုင်း Android မိုဘိုင်းထုတ်ကုန်များ အနက် Huawei နှင့် Samsung အမှတ်တံဆိပ်တို့၏ ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုအားကောင်းလာပြီး ဈေးကွက် ကွာဟချက်မှာလည်း ပိုမိုကျဉ်းမြောင်းလာကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းများမှ စုံစမ်း သိရသည်။
ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းလုပ်ငန်းအချို့၏ အဆိုအရ  Samsung အမှတ် တံဆိပ် မိုဘိုင်းထုန်ကုန်များ၏ ဝယ်လိုအားသည် ပိုမိုမြင့်တက်လာနေခြင်းကြောင့် Huawei ဈေးကွက် ဝေစု အချို့လျော့ နည်းလာကြောင်း သိရသည်။

“Samsung ကိုပိုသုံးလာကြတယ်။ ဒါပေမဲ့ Huawei ဖုန်းတွေရဲ့ရောင်းအားလည်း သိသိသာသာ ကျဆင်းသွားတာမျိုး မရှိပါဘူး။ Android မှာဆို ဒီအမှတ်တံဆိပ်နှစ်ခုကို ပိုပြီးသုံးလာကြတဲ့ သဘောပါ။ အဲ့ဒီအတွက် Samsung နဲ့ Huawei ရဲ့ ဈေးကွက်ကွာဟချက်ကလည်း ပိုပြီးကျဉ်းမြောင်းလာတဲ့ သဘောပါ”ဟု Mr.Fone မိုဘိုင်းဖုန်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုမှု နှင့်ပတ်သက်ပြီး ဗြိတိန် နိုင်ငံအခြေစိုက် On Device Research က ယခုနှစ်လယ်ပိုင်းက စစ်တမ်းတစ်ခုကောက်ယူခဲ့ရာတွင်  Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်း သည် ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်၌ ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး  ယင်းနောက်တွင်  Samsung အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များက ဒုတိယနေရာမှရပ်တည်နေသည်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများနှင့် ကိုရီးယားနိုင်ငံ၏ Samsung  တံဆိပ်မိုဘိုင်းထုတ်ကုန်များ၏ ဈေးကွက်ကွာဟချက် ကျဉ်းမြောင်းလာခြင်းသည် ယခုနှစ်အတွင်း  ပိုမို သိသာလာကြောင်း အထက်ပါ မိုဘိုင်းဖုန်းလုပ်ငန်းမှ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
“Samsung ရဲ့ဈေးကွက်ဝယ်လိုအားက ဒီနှစ်ထဲမှာတက်လာတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် Huawei ကပဲ ဈေးကွက်မှာတခြား တံဆိပ်တွေထက် သိသိသာသာ ဦးဆောင်နေခဲ့တာပါ" ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။

On Device Research ၏စစ်တမ်းတွင်လည်း Huawei ကပြည် တွင်းမိုဘိုင်းဖုန်းဈေးကွက် တစ်ခုလုံး၏  ၆၃  ရာခိုင်နှုန်းနှင့် Samsung က ၅၈ ရာခိုင်နှုန်းကို ရယူထား ကြောင်းဖော်ပြထားသည်။

“လက်ရှိဈေးကွက်မှာ Huawei အမှတ်တံဆိပ်နဲ့ Samsung ရဲ့ ဈေးကွက်ကွာဟချက်က တဖြည်းဖြည်း နည်းလာပြီ။ ဒါက Huawei အနေနဲ့   လာမယ့်နှစ်ဈေးကွက် ယှဉ်ပြိုင်မှုတွေမှာ ပိုပြီးပြင်ဆင်ရတော့မယ့် အနေအထားလို့ ပြောလို့ရတယ်"ဟု လူကြီးမင်းမိုဘိုင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Huawei ကုမ္ပဏီသည် ၎င်းတို့၏ အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များကို မြန်မာနိုင်ငံဈေးကွက်တွင် နှစ်စဉ် ဆယ်သိန်းနှင့်အထက် ဈေးကွက်အတွင်းရောင်းချနိုင်ရန် ရည်မှန်းထားသည်။ ပြည်တွင်း မိုဘိုင်းဖုန်း ထုတ်ကုန် ဈေးကွက်တွင် Huawei နှင့် Samsung အမှတ်တံဆိပ်များပြီးလျှင်  Apple အမှတ်တံဆိပ် iPhone  မိုဘိုင်းထုတ်ကုန်များက လူသုံးအများဆုံးဖြစ်ပြီး ယခုနှစ်ပိုင်းတွင် LG အမှတ်တံဆိပ်ကို သုံးစွဲသူလည်း များပြားလာကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com