8/04/2017

♪ “ပြင်ပလူနေမှုဘဝကို ရိုက်ခတ်နိုင်သော အွန်လိုင်းအသုံးပြုမှု” ♫

Image may contain: one or more people

အွန်လိုင်းအသုံးပြုမှုဟာ ကမ္ဘာနှင့်အဝန်း ကျယ်ပြန့်လာခြင်းကြောင့် လူငယ်လူကြီးအရွယ်စုံ လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိလာကြပါတယ်။ အရွယ်မရောက်သေးသော အသက်မပြည့်သေးသည့် ကလေးငယ်များပါ လူမှုကွန်ရက်သုံးစွဲမှု ရှိလာ ကြပါတယ်။ စာသင်ကြားနေကြသည့် ကျောင်းနေအရွယ် လူငယ်များပါ အင်တာနက်စနစ်ကို သုံးစွဲနေကြခြင်း ကြောင့် စိုးရိမ်ဖွယ်ရာ အနေအထားပါ။ ခေတ်အခြေအနေကြောင့် ကလေးငယ်များ၏ အင်တာနက်သုံးစွဲမှုအနေအထားကို မိဘများအနေဖြင့် ပိတ်ပင်ဟန့်တားရန်မှာ ခက်ခဲပါတယ်။ အင်တာနက်ကို အသုံးပြု၍ ကောင်းမွန်သော အရာများကို ရှာဖွေလေ့လာခြင်းပြုကြသူများရှိသော် လည်း အချို့သောသူများမှာ အဆိပ်အတောက်ဖြစ်စေသော အရာများ ကိုသာ ဆွတ်ယူစားသုံးမှုပြုကြပါတယ်။ အင်တာနက် အသုံးပြုရာတွင် အသက်အရွယ်ကန့်သတ်ချက်အလိုက် အသုံးပြုနိုင်ရန် စီမံပေးထားသော app များရှိသော်လည်း အဆိုပါ app များကို လူငယ်များအသုံးပြုဖို့ လိုအပ်ပါသေးတယ်။ အရာရာကို စူးစမ်းလေ့လာချင်သော လူငယ် လူရွယ်များဟာ ပိတ်ပင်ထားမှုကိုကျော်ဖြတ်ဖို့ ကြံရွယ်ကြစမြဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုမှုဟာ လက်တွေ့ဘဝကို အကျိုးသက်ရောက် စေမှုများ ရှိလာပါတယ်။ နေထိုင်မှုဘဝပုံစံကိုများစွာ ထိခိုက်စေသော အရာကတော့ ဂုဏ်သိက္ခာ ထိခိုက်အောင် ဆောင်ရွက်ခြင်း၊ လိင်ပိုင်း ဆိုင်ရာ ထိခိုက်ကျူးလွန်ခြင်း၊ ငွေကြေးပိုင်းဆိုင်ရာခြိမ်းခြောက် ရယူခြင်းနှင့် အခြားသောကိုယ်ဆင်းရဲ စိတ်ဆင်းရဲစရာများကို ကွန်ရက် ပေါ်မှာကျူးလွန်ခြင်းတို့ဖြစ်ပါတယ်။

အင်တာနက်ပေါ်တွင် မည်သူမည်ဝါမှန်းမသိရှိဘဲ စကားပြောဆိုခြင်း၊ ချိန်းဆိုခြင်းများပြုလုပ်ပြီး အပြင်လက်တွေ့တွင် တွေ့ဆုံကြသည့်အခါ ထိခိုက်နစ်နာဆုံးရှုံးရခြင်းများ ဖြစ်ပေါ်သလို၊ အွန်လိုင်းပေါ်တွင် web cam နဲ့စကားပြောခြင်း၊ Video call ပြုလုပ်ခြင်းများ ဆောင်ရွက်သည့် အခါ မှာလည်း အယုံမလွယ်ရန်လိုအပ်ပါတယ်။ အွန်လိုင်းကို ကြားခံပြု၍ ခြိမ်းခြောက်ငွေညစ်ရန် အတွက် သားကောင်ရှာဖွေသည့်အခါ မိန်းကလေးငယ်များကိုသာမက ယောကျာ်းလေးများကိုလည်း ပစ်မှတ် ထားတတ်ကြပါ တယ်။ အချို့သောယောကျာ်းလေးများမှာ မိန်းကလေး များကို အယုံလွယ်ခြင်း၊ ထိခိုက်နစ်နာစရာအကြောင်းအရင်းမရှိဟု ထင်မှတ်ခြင်းတို့ကြောင့် မုဆိုးမှသည် သားကောင်ဖြစ်သွားကြရပါတယ်။ အင်တာနက် (သို့) အွန်လိုင်းပိုင်းဆိုင်ရာ ခြိမ်းခြောက် တိုက်ခိုက်မှုများကို သတိပြုမိစေရန်အတွက် အချို့နိုင်ငံများသည် ကွန်ဒိုတိုက်ခန်းများ၏ ဓာတ်လှေကားများတွင် သတိပေး ပိုစတာများကိုကပ်ထားကြပါတယ်။ အွန်လိုင်းမှ အတိုးများစွာဖြင့် ငွေချေးသည့်သူများ၊ ငွေကြေးနဲ့ပတ်သက်၍ မက်လုံးပေးသူ များ၏ရန်ကိုလည်း ရှောင်ကြဉ်ရန်လိုအပ်ပါတယ်။ အဆိုပါငွေချေးသည့်သူများ၊ ငွေကြေးပေးမည်ဆိုသည့်သူများဟာ တခြားနိုင်ငံမှ အလုပ်လာလုပ်ကြသည့် နိုင်ငံခြားသားများ၊ ရွှေ့ပြောင်း လုပ်သားများ၊ ခရီးသွားများကို ပစ်မှတ်ထားကြပါတယ်။ အွန်လိုင်းမှ နေ၍ငွေကြေးပိုင်းဆိုင်ရာလိမ်လည် သူများသည်အဖွဲ့လိုက်လှုပ်ရှား တတ်ကာ၊ နေအိမ်လိပ်စာသိရှိပြီး၊ တောင်းခံသည့် ငွေကြေးမရပါကနေ အိမ်ရှိသော့များကိုကော်များလောင်းထည့်၍ ဖျက်ဆီးခြင်း၊ ပတ်ဝန်းကျင် သိ၍ အရှက်ရစေရန်တံခါးများ၊ နံရံများတွင်မှုတ်ဆေးများဖြင့် စာသား များရေးသားခြင်း ပြုတတ်ကြပါတယ်။ နိုင်ငံခြားတိုင်းပြည်အချို့တွင် စောင့်ကြည့်ကင်မရာ များတပ်ဆင်ထားသော်လည်း အချို့ဒုစရိုက် အမှု များမှာ အရေးယူနိုင်ခြင်းမရှိပါဘူး။

အွန်လိုင်းစနစ်များဟာ သာမန်လူများအတွက်သာမက နိုင်ငံခေါင်း ဆောင်များအတွက်လည်း အရေးပါကြောင်း Apple မဂ္ဂဇင်းတွင် နည်းပညာဆောင်းပါးများ ရေးသားသူတစ်ဦးကမှတ်ချက်ပြုပါတယ်။ အမေရိကန် သမ္မတ Donald Trump ရဲ့ လူမှု ကွန်ရက်စနစ်တစ်ခုဟာ ရက်ပိုင်းအတွင်း ပရိသတ်အရေအတွက် သိသိသာသာတိုးလာခြင်းကြောင့် စောင့်ကြည့် လေ့လာသူများ ၏သံသယဖြစ်မှုကိုခံခဲ့ရပါတယ်။ သမ္မတ Trump ရဲ့အချို့သောပွဲသွား၊ ပွဲလာပုံရိပ်များမှလွဲမှားမှုများကိုလည်း အွန်လိုင်းမီဒီယာ အချို့က ကောက်နှုတ်ဖော်ပြတတ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံ အကြီးအကဲများရဲ့စကားများ၊ လှုပ်ရှားမှုများဟာ အွန်လိုင်းမီဒီယာ ခေတ်တွင်အဖြတ် အတောက်မရှိဘဲအချိန်ပိုင်းအတွင်း ကမ္ဘာအနှံ့သို့ပျံ့နှံ့သွားနိုင်ပါတယ်။ လူမှုကွန်ရက်စနစ်များ အသုံးပြုတဲ့ အခါ လူသုံးများလာသော စွမ်းရည်တစ်ခုကတော့ Live လွှင့်ခြင်းဖြစ် ပါတယ်။ Live လွှင့်တင်ဆက်မှုဟာ ထူးခြားသော အကြောင်း အရာများ ဗဟုသုတများကို အချိန်နှင့်တစ်ပြေးညီ သိရှိစေနိုင်ပြီး ကြည့်ရှုသူများနဲ့ အမေး၊ အဖြေပြုလုပ်နိုင်ခြင်း စကားစမြည်ပြော နိုင်ခြင်းတို့ကြောင့် ပျော်ရွှင်ဖွယ်ကောင်းသော်လည်း မသင့်လျော်သောအပြုအမူများ Live ဗီဒီယိုထဲတွင်ပါရှိသွားပါက၊ ရုန်းရင်း ကြမ်းတမ်းသောအပြောအဆိုများ Live ရိုက်ကူးနေစဉ် ပါရှိသွားပါက အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နိုင် ပါတယ်။

အသိဥာဏ်မကြွယ်ဝသေးသော လူငယ်များဟာ လူမှုကွန်ရက်ပေါ်မှ မကောင်းသောအကျင့်စရိုက်များကို လက်တွေ့ဘဝ ထဲကို ယူဆောင် လာကြောင်း နည်းပညာအရေးသုံးသပ်သူများက ယခုဇူလိုင်လအတွင်း တွင် သုံးသပ်ပြောဆိုထားကြပါတယ်။ အွန်လိုင်းအသုံးပြုသူများ၊ Page ထောင်ထားသူအချို့ဟာ လူကြိုက်များစေမယ့် သတင်းများကိုသာ တင်ဆက်မှုပြုလုပ်ကြခြင်း ကြောင့် ယဉ်ကျေးမှုကင်းမဲ့သော ပုံရိပ်များ၊ စာသားများ၊ ပိုမိုပေါများလာရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုကြပါတယ်။ ''Social လောကပေါ်က အတုယူဖွယ်မကောင်းတဲ့ အပြုအမူများကို လက်တွေ့ ဘဝထဲသို့ ယူဆောင်လာခြင်းဟာ သွေးထွက်သံယိုမှုများ ကို ပိုမိုဖြစ်ပွားစေမယ့်အနေအထားရှိပါတယ်။ ကျွန်မတို့က Social မီဒီယာ အသုံးပြုသူတွေကို ကောင်းမွန်တဲ့အလေ့အထတွေ အတုယူပြီး မိမိရဲ့ လက်တွေ့ပတ်ဝန်းကျင်မှာကျင့်သုံးဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပရိသတ်စိတ်ဝင်စားမှုအများအပြားရရှိထား သော လူမှုကွန်ရက်ပေါ်မှ အချို့သောထင်ရှား ကျော်ကြားသူများဟာ ဆန့်ကျင်ဘက်အမူအရာများ ကိုသာ လုပ်ဆောင်နေကြပါ တယ်''ဟု University of Southern California ရဲ့ဒါရိုက်တာနှင့် Psychologistပညာရှင်ဖြစ်သူ Karen North က သုံးသပ်ပြော ဆိုပါတယ်။ လူမှုကွန်ရက်အသုံးပြုသော မိဘများရဲ့ အချို့အပြုအမူများဟာ လည်းကလေးငယ်များအပေါ် ဆိုးရွားစွာထိခိုက်စေ နိုင်ကြောင်း Psychologist ပညာရှင်နှင့် စာရေးဆရာမဖြစ်သူ Catherine Steiner-Adair က မှတ်ချက်ပြုပါတယ်။ ''နည်းပညာ ခေတ်မှာ မိဘနဲ့ သားသမီးဆက်သွယ်မှု၊ အိမ်ထောင်စုအရေးခိုင်မြဲအောင် လုပ်ဆောင် ရမှုဟာ ခက်ခဲပါတယ်။ ကျောင်းသားလူငယ်တွေကို နည်းပညာ စနစ်အသုံးပြုမှုနဲ့ပတ်သက်၍ ထိန်းကျောင်းရတာလည်း မလွယ်ကူ ပါဘူး''ဟု သူမက ပြောဆိုပါသေးတယ်။

အမေရိကန်မှ ဆယ်ကျော်သက်အချို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်တတ်ခြင်းကြောင့် အွန်လိုင်း ဗီဒီယိုရိုက်ကူးမှုအချို့တွင် သွေးထွက်သံယိုပုံရိပ်များကို မြင်တွေ့ရတတ်ပါတယ်။ ထို့အပြင် မိမိကိုယ် ကို သတ်သေသောကိစ္စရပ် များကို ဗီဒီယိုရိုက်ကူးခြင်းနှင့်ပတ်သက်၍ လည်း အငြင်းပွားမှုများဖြစ်ပွားခဲ့ပါတယ်။ ကလေးငယ်များဟာ အကြမ်း ဖက်သော မြင်ကွင်းများ၊ သွေးထွက်သံယိုမြင်ကွင်းများကို တွေ့မြင် ပြီးနောက်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ခံစားရနိုင်ပြီး အတူနေ မိသားစု များကိုလည်း နောက်ပိုင်းတွင် ထိခိုက်နာကျင်အောင် လုပ်ဆောင်လာနိုင်ကြောင်း Karen North က မှတ်ချက်ပြုပါတယ်။

အွန်လိုင်းမှနေ၍ တိုက်ခိုက်ခြင်းများဟာလည်း ယနေ့ခေတ်တွင် ပိုမိုခေတ်စားထိရောက်လာကြောင်း Ohio ပြည်နယ်မှ တက္ကသိုလ် ပါမောက္ခ တစ်ဦးဖြစ်သူ Janey Lee က မှတ်ချက်ပြုပြောဆိုပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏အကျိုးကိုသာ ထိခိုက်စေရုံသာမက ရွေးကောက်ပွဲရလဒ်များကိုလည်း အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် လူမှုကွန်ရက်စနစ်များဟာ ကောလာဟလသတင်းများနှင့် ပတ်သက်၍ စိစစ်ရန်ကြံရွယ်လာကြပါတယ်။ အွန်လိုင်းအသုံးပြုမှုဟာ နေထိုင်မှုပုံစံရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်လာခဲ့ပြီး တန်ဖိုးရှိသောအချိန်များစွာ ကိုလည်း ဖဲ့ပေးနေရပါတယ်။

ငြိမ်းချမ်းတိုး

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com