8/01/2016

♪ " မတော်မတည့် Keyboard Shortcuts " ♫


ခေါင်းစဉ်ကိုကြည့်လျှင် keyboard shortcut တို့က အသုံးမဝင်သလို ဖြစ်နေသည်။ ထိုသို့မဟုတ်ပါ။ Shortcut ဆိုသည်က အဆင့်များစွာလုပ် ရခြင်းကို အဆင့်နည်းနည်းနှင့် လုပ်နိုင်အောင် တီထွင်ထားခြင်းဖြစ်ရာ ယင်းတို့၌ အသုံးဝင်မှုများစွာရှိပါသည်။ ဖိုင်တစ်ခုကို တစ်နေရာသို့ ကူးယူမည်ဆိုပါစို့။ Ctrl+C နှင့် Ctrl + V တို့ကို တွဲဖက်သုံးစွဲခြင်းက အလုပ်ကို လျင်မြန်စွာပြီးမြောက်စေသည်။ Screen တစ်ခုလုံး app Windows များဖြင့် ပြည့်နှက်နေသည့်အခါ Windows key + D ကို နှိပ်ခြင်းဖြင့် ရှင်းလင်းသော desktop ကို မြင်ရစေနိုင်ပါသည်။ ထိုသို့ အသုံးဝင်သည့် keyboard shortcut အများအပြားရှိသော်လည်း မသုံးတတ်လျှင်အနှောက်အယှက်ဖြစ်သော keyboard shortcut များလည်းရှိပါသည်။

ဥပမာတစ်ခုကို ကြည့်မည်ဆိုလျှင် sticky keys ကို တွေ့ရပါမည်။ ကီးဘုတ်အားအသုံးပြုရန် ကာယပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိသူများအား ကူညီရန် Windows ထဲတွင် sticky keys ကိုထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်း key များကိုဖွင့်ထားမည်ဆိုပါက function key (သို့) system key အား နှိပ်ခြင်းသည် ယင်းကီးအား ဖိထားခြင်းဖြစ်သည်ဟု Windows အား အသိပေးသလိုဖြစ်စေပါသည်။ အဆိုပါကီးများအား နောက်တစ်ကြိမ် ထပ်မနှိပ် မချင်း ဖိထားသည်ဟူသောဘောင်ထဲမှ မထွက်နိုင်ပါ။ ယင်း stickley key လုပ်ငန်းစဉ်သည် Ctrl+ Alt + Del ကဲ့သို့သော တစ်ကြိမ်တွင် key တစ်ခုထက် ပိုနှိပ်ရန်လိုသည့်ကိစ္စများတွင် အသုံးဝင်စေပါသည်။

Sticky key အား on ထားသည့် အခြေအနေတွင် သက်ဆိုင်ရာ key တစ်ခုအား မတော်တဆ နှိပ်မိမည်ဆိုလျှင် ထိုသို့နှိပ်မိလိုက်ခြင်းကို မသိလိုက်ဟုဆိုလျှင် start menu ပေါ်လာတော့မည် မဟုတ်သလို ကျန်သည့် key များကိုနှိပ်လျှင်လည်း သက်ဆိုင်ရာအလုပ်ကို မလုပ်တော့ ပါ။ ဥပမာ Ctrl key ကို နှိပ်မိထားသည်ဟု ဆိုလျှင် နောက်ထပ် S ကို နှိပ်သည့်အခါ S ဟု ပေါ်မည်မဟုတ်ပါ။ Windows အနေဖြင့် Ctrl+ S = Save ဟုယူဆ သောကြောင့် အမြီးအမောက်မတည့်သည့်ကိစ္စများ ဖြစ်လာနိုင်ပါသည်။

Sticky key ကို activate လုပ်မည်ဆိုလျှင် Shift key ကို ငါးကြိမ်ဆက် တိုက်နှိပ်ရန် လိုပါသည်။ Sticky key လုပ်ငန်းစဉ်မှပြန်ထွက်မည်ဆိုလျှင်လည်း Shift key ကို ငါးကြိမ်ဆက်တိုက်နှိပ်ရန် လိုပါသည်။ မည်သည့်အခါ
Sticky keys ကို မသုံးဟုဆိုလျှင် Start > Ease of access အတွင်းသို့ဝင်ပြီး Make the keyboard easier to use ကိုရွေးရပါမည်။ ပြီးလျှင် set up stick keys သို့ ထပ်ဝင်ပြီး Turn on sticky keys when sift is pressed five times ဘေးမှ အကွက်တွင် အမှန်ခြစ်ပျောက်အောင် လုပ်ပေးရပါမည်။ ကံကောင်းသည်မှာ Windows ထဲတွင် sticky keys ကို အသုံးပြုနိုင်မှန်း လူအတော်များများက မသိခြင်းဖြစ်ပါသည်။

ဒုက္ခပေးနိုင်သည့် နောက်ထပ် shortcut key တစ်ခုမှာ Insert key ဖြစ်သည်။ Word အား အသုံးပြုနေစဉ်တွင် ယင်း key ကို နှိပ်မိသည့်အခါ နောက်ထပ်မိမိရိုက်မည့် စာလုံးမှန်သမျှသည် လက်ရှိရိုက်ပြီး စာလုံးများ အပေါ်တွင် over write လုပ်သွားပါမည်။ ထိုသို့ဖြစ်လာပြီဆိုလျှင် ပထမဆုံးလုပ်ရမည့် အလုပ်မှာ Ctrl+ z ကို နှိပ်၍ နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်ပါသည်။ Insert key ကို နှိပ်မိခြင်းကြောင့် ဤသို့ ကသိကအောက်ဖြစ်ရခြင်းအား ပြင်ဆင်ရန် Word ၏ setting ထဲသို့ဝင်ရပါမည်။ ပြီးလျှင် file > options > Advanced အတိုင်း အဆင့်ဆင့်ဝင်ပြီး Use the insert key to control overtype mode in Editing options စာသားဘေးမှ အကွက်တွင် အမှန်ခြစ်ဖြုတ်ပေးရပါမည်။

ကိန်းဂဏန်းအများစုကို ဆက်တိုက်ရိုက်သွင်းဖို့လိုသော spread sheet (ဥပမာ Excel) သုံးဖို့လိုသည့် ကိစ္စမျိုးတွင် number pad ကို အသုံးတည့်ပါသည်။ Number pad သည် ကီးဘုတ်၏ ညာဘက်ခြမ်း တွင်ရှိသော ဂဏန်းအစုအဝေးဖြစ်ပါသည်။ Num Lock ကို on ထားစဉ်မတော်တဆ သွားနှိပ်မိမည်ဆိုပါက အဆိုပါ key အစုအဝေးထဲမှ ဂဏန်းများအလုပ် မလုပ်တော့ပါ။ ကိန်းဂဏန်းများအစား ထက်အောက်ဘယ်ညာ အတက်အဆင်းလုပ်သည့် navigational key များအဖြစ်အလုပ်လုပ်ပါလိမ့်မည်။ ထိုအခါများတွင် ယင်း key များဖြင့် cursor ကို ရွှေ့ယူနိုင်ပါမည်။ Num Lock ကို on လိုက်လျှင် ကီးဘုတ်ပေါ်၌ မီးစိမ်းလေးလင်းနေသည်ကို တွေ့ရပါမည်။ Number pad ပြန်၍ အလုပ်လုပ်ပါမည်။ ရိုက်လိုက်သမျှ ကိန်းဂဏန်းများ document ထဲတွင် အမှန်အတိုင်းပြန်ပေါ်ပါမည်။

ကိန်းဂဏန်းများကို မကြာခဏအသုံးပြုရသည်ဟုဆိုလျှင် num pad ကို အမြဲတစေ activate လုပ်ထားရန်လိုသည်။ ထိုသို့လည်း လုပ်နိုင်ပါသည်။ ယင်းကိစ္စအတွက် Note pad ဖြင့် ရေးထားသော program တစ်ခုလိုသည်။ ယင်း Program ကို run ပေးလိုက်လျှင် ကွန်ပျူတာ၏ registry ကိုပြင်ဆင်ပေးသွားပါလိမ့်မည်။ သို့သော် မတော်မတည့်အဖြစ်များ ဖြစ်မလာစေရန် system restore point တစ်ခုကြိုတင်ဖမ်းထားဖို့လိုပါမည်။ ယင်းနောက် registry ကိုပြင်ဆင်ပေးမည့် code များပါဝင်သည့် RAW Paste Data ကို www.snipca.com/20409 မှရယူပါမည်။

ပြီးလျှင် ယင်း Program code ပါသော document တို့ကို desktop ပေါ်တွင် numlockfix.reg အမည်ဖြင့် သိမ်းဆည်းပါမည်။ ပြီးလျှင် start ကိုနှိပ်၍ ပေါ်လာသောကွက်လပ်ငယ်ထဲတွင် regedit စာသားရိုက်ထည့် ပါမည်။ ပြီးလျှင် ယင်းစာသားနေရာ၌ ညာကလစ်ခေါက်ပါမည်။ ပေါ်လာသည့် pop-up box ထဲမှ Run as administrator တွင်ကလစ်နှိပ်ပါမည်။ ပြီးလျှင် registry editor ထဲတွင် File > import ကို ရွေးပါမည်။ မိမိသိမ်းဆည်းထားသော numlockfix.reg ရှိရာလမ်းကြောင်းကို ပြသပေးရပါမည်။ ပြီးလျှင် open ကိုနှိပ်၍ program rum လိုက်လျှင် registry ကို ပြင်ပေးသွားပါမည်။ ပြီးလျှင် PC ကို restart ပြန်ချရပါမည်။ Windows တက်လာလျှင် Num Lock တွင် မီး စိမ်းအမြဲလင်းပြီး on ဖြစ်နေသည်ကို တွေ့ရပါမည်။

မတော်တဆထိမိလျှင် နောက်ထပ်ဒုက္ခပေးမည့် နေရာတစ်ခုမှာ Laptop ရှိ touch pad ဖြစ်ပါသည်။ သာမန်အချိန်တွင် touch pad က လွန်စွာ အသုံးဝင်ပါသည်။ သို့သော်စာရိုက်နေစဉ်တွင် touch pad အား ထိမိပါက cursor ကို document ထဲတွင်လျှောက်၍ ပြေးနေစေပါသည်။ ထို့ကြောင့် cursor ကို မူလ တည်ထားသည့်နေရာတွင် မတွေ့နိုင်ပါ။ အမှတ်တမဲ့ စာရိုက်လိုက်လျှင် စာလုံးပေါ်သည့်နေရာနှင့် မိမိချိန် ထားသည့်နေရာတလွဲစီ ဖြစ်နေသည်ကို တွေ့ရပါမည်။ ဤသို့ ကြိမ်ဖန်များစွာဖြစ်လာပြီဟုဆိုလျှင် touch pad ကို off ထားပြီး mouse ကိုသာ အသုံးပြုရန် လိုကောင်းလိုပါမည်။ mouse ချိတ်ပြီး သုံးသည့်အခါတိုင်းတွင် touchpad ကို ဒုက္ခမပေးစေရန် ပိတ်ကြပါမည်။

ပထမဦးစွာ taskbar ပေါ်တွင် touch pad ရှိရာသို့ သွားနိုင်မည့် quick access icon ကိုရှာပါမည်။ taskbar ၏ ညာဘက်ခြမ်းတွင်ရှိပါသည်။ အလွယ်နှင့်မတွေ့လျှင် show hidden icons မျှားလေးကိုနှိပ်ဖို့ လိုကောင်းလို နိုင်ပါသည်။ ယင်းထဲတွင် Synaptics pointing Device ကိုရှာရပါမည်။ Device icon နေရာတွင် ညာ ကလစ်ထောက်ပြီး ပေါ်လာသောအကွက်ထဲမှ properties ကို ရွေးရပါမည်။ Start ကို နှိပ်ပြီး ပေါ်လာသော search အကွက်ငယ်ထဲတွင် mouse ဟုရိုက်ထည့်ပြီး Enter ခေါက်လျှင် Mouse properties ပေါ်လာပါမည်။ ယင်းထဲတွင်လည်း Touch pad tab ကို တွေ့ရတတ်ပါသည်။

အချို့သော Laptop touch pad များတွင် Disable internal pointing Device When external USB pointing device is attached ဟူသော option ပါတတ်သည်။ ထို option ပါလျှင် USB အပေါက်မှတစ်ဆင့် mouse ကို ချိတ်လိုက်သည့် အခါ touch pad သည်အလိုလို disable ဖြစ်သွားပါမည်။ mouse ဖြုတ်မှ touch pad ပြန်၍ အလုပ်လုပ်ပါမည်။ ယင်း option ရနိုင်လျှင် ရွေးချယ်ပြီး Apply တွင် ကလစ်နှိပ်ပါ။ ယင်းကို မတွေ့ဟုဆိုလျှင် touch pad အား disable လုပ်နိုင်မည့် နည်းလမ်းတစ်ခုခုကို တွေ့အောင်ရှာရပါမည်။ touch pad အား ပြန်သုံးမည့်အခါ reactivate လုပ်မည့် လမ်းကြောင်းကိုလည်း ကြည့်ထားရပါမည်။

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com