Device Support - Cherry Mobile
Price - 150,000 Ks
အားသာချက်
ဈေးနှုန်းသင့်တင့်တဲ့ တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ပါဝါအသုံးပြုနှုန်းအတွက် သိုလှောင်မှု ပမာဏမြင့်မားတဲ့ ဘက်ထရီ ပါဝင်တဲ့အတွက် ဖုန်းကိုအချိန်ကြာမြင့်စွာ အသုံးပြုနိုင်တဲ့အပြင် အားပြန်သွင်းဖို့ အတွက်လည်း မြန်ဆန်တဲ့ အားသွင်းစနစ်တွေ ပါဝင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့်ကောင်းမွန်တဲ့အပြင် ကင်မရာတွေကလည်း Megapixel မြင့်မားတဲ့ ကင်မရာတွေကို တပ်ဆင်အသုံးပြု ထားတာတွေ့ရမှာပါ။
အားနည်းချက်
မြန်မာစာစနစ်မှာတော့ ဇော်ဂျီဖောင့် အသုံးပြုနိုင်ပေမယ့် ကီးဘုတ်ကတော့ ပြန်လည်ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး ယူနီကုဒ်မြန်မာစာ စနစ်အသုံးပြုနိုင်တာလည်း မတွေ့ရပါဘူး။ ကင်မရာပိုင်းမှာလည်း ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံနည်းပညာတွေ သိပ်မပါဝင်ဘဲ ပုံမှန်ဓာတ်ပုံ စနစ်တွေကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
ဒီဇိုင်း
ရှေ့ဘက်မြင်ကွင်း သတ္တုဘောင် အနားကွပ်နဲ့ ပလတ်စတစ် ကိုယ်ထည်ကိုတွဲဖက် အသုံးပြုထားတဲ့ပုံစံမျိုး တည်ဆောက်ထားပြီး ဖုန်းရဲ့အနား ထောင့်လေးဘက်ကလည်း ထောင့်ကျကျပုံစံမျိုး ရှိနေပါတယ်။ ရှေ့ဘက်မြင်ကွင်း မျက်နှာပြင် လှပသေသပ်ပြီး နောက်ဘက် ပလတ်စတစ် ကာဗာကလည်း သတ္တုကိုယ်ထည်ပုံစံမျိုး တည်ဆောက်ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၃၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၂ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၉ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစားတော့ မဟုတ်ပါဘူး။ အလေးချိန်ကတော့ ၁၆၅ ဂရမ်ဖြစ်ပြီး ကိုင်တွယ်အသုံးပြု ချိန်မှာတော့ အရွယ်အစားက လက်နဲ့အံဝင်ခွင်ကျရှိပြီး အလေးချိန်ကလည်း သိပ်မများဘူးလို့ ခံစားရစေပါတယ်။
မြင်ကွင်း
၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels HD Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
နည်းပညာ
ဈေးနှုန်းသက်သာတဲ့ တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် ထူးခြားမြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုထားတာတော့ သိပ်မတွေ့ရပါဘူး။ ပါဝါသိုလှောင်မှု ပမာဏမြင့်မားတဲ့ ဘက်ထရီနဲ့ အားသွင်းမြန်ဆန်တဲ့ First Charging နည်းပညာနဲ့ ပါဝါ Saving နည်းပညာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ Lock စနစ်မှာ ဆိုရင်လည်း ပုံမှန် Android Lock စနစ်တွေဖြစ်တဲ့ Pattern, Password, PIN အစရှိတဲ့ စနစ်တွေအပြင် ဖုန်းကိုစကား ပြောသံနဲ့ဖွင့်နိုင်မယ့် Voice Unlock ဆိုတဲ့ နည်းပညာနဲ့ အချက်အလက် ရွှေ့ပြောင်းခြင်းအတွက် Xender ဆိုတဲ့ App ဝန်ဆောင်မှု စနစ်ကိုလည်း ထိတွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ လှုပ်ရှားနေတဲ့ အရာတွေကို ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်မယ့် Motion Track Mode, အလင်းအားနည်းတဲ့ နေရာတွေမှာ အလင်းသိရှိမှုနှုန်းကို အလိုအလျောက် မြှင့်တင်ပေးနိုင်မယ့် Night Shoot Mode စနစ်တွေ ပါဝင်ပါတယ်။
သုံးသပ်ချက်
Cherry Mobile ZOOM ဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လှပတဲ့ပုံစံဒီဇိုင်း ရှိတယ်လို့ဆိုရမယ့် ဖုန်းဖြစ်ပါတယ်။ မှတ်ဉာဏ်ပိုင်း၊ မိုဘိုင်းဖုန်း ကွန်ရက်ပိုင်း၊ ကင်မရာတွေရဲ့ Megapixel ပိုင်းနဲ့ ဘက်ထရီပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ဈေးနှုန်းနဲ့ အသုံးပြုနိုင်မယ့် ကွန်ရက်စနစ်၊ ပါဝါသိုလှောင်မှုစနစ်၊ မှတ်ဉာဏ် စနစ်တွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ သုံးပျော်တဲ့ ဖုန်းပါပဲ။ ပုံစံဒီဇိုင်းလှပ သေသပ်ပြီး ထုထည်အနည်းငယ် ရှိနေပေမယ့် ကိုင်တွယ်အသုံးပြု ချိန်မှာတော့ အရွယ်အစားက လက်နဲ့အံဝင်ပါတယ်။ ဇော်ဂျီမြန်မာစာဖောင့်ကို ဖုန်းရဲ့ Language စနစ်ထဲမှာ ပြောင်းဖို့မလိုဘဲ အသုံးပြုနိုင်ပေမယ့် ကီးဘုတ်ကတော့ မပါဝင်တဲ့အတွက် ဇော်ဂျီကီးဘုတ်ကို ပြန်ထည့်ပြီး အသုံးပြုရမှာပါ။
Network GSM - 2G/ 3G/ 4G
SIM Dual SIM (Micro SIM Dual Standby)
OS Android V 5.1
CPU Quad core 1.0GHz
GPU Mali T720
Memory Internal 16GB, 3GB RAM, Micro SD 128GB
Camera 13 MP, f/2.0, autofocus, LED flash,Geo-tagging, touch focus, face detection, panorama, HDR, Video, Front 8 MP
Wi-Fi b/g/n Wi-Fi Direct
Bluetooth v2.1, A2DP
Battery Li-Ion 4000 mAh Battery
သူတို့အမြင်
ပုံမှန် Android OS စနစ်သုံး ဖုန်းတွေမှာတော့ Pattern, Password, PIN ဆိုတဲ့ Lock စနစ်တွေသာ ပါဝင်ပေမယ့် ဒီဖုန်းမှာ ထူးခြားတဲ့ Lock စနစ်တစ်ခုဖြစ်တဲ့ Voice Unlock ဆိုတဲ့စနစ် ပါဝင်ပါတယ်။ Voice Unlock စနစ် အသုံးပြုမယ် ဆိုရင်တော့ ဖုန်းရဲ့ Settings ထဲက Security ထဲကိုသွားပါ။ Security ထဲမှာ Screen Lock ဆိုတာ ရှိပါတယ်။ Screen Lock ထဲမှာ Voice Unlock စနစ်ရှိပါတယ်။
Voice Unlock ထဲကိုဝင်လိုက်ရင်တော့ wake up command 1, 2, 3 ဆိုပြီး ရှိနေပါလိမ့်မယ်။ အသံသုံးမျိုး မှတ်သားအသုံးပြု နိုင်တဲ့ပုံစံမျိုးပါ။ 1, 2, 3 ထဲက တစ်ခုကိုရွေးချယ်ပြီး နှိပ်လိုက်ပါ။ Select Command ဆိုတဲ့ထဲမှာ အသံနဲ့ဖုန်းကို ဖွင့်တဲ့အခါမှာ ဖုန်းဖွင့်ဖို့အတွက်ပဲ အသုံးပြုမလား ဒါမှမဟုတ် ကင်မရာကို ပွင့်စေချင်လား ဆိုတာကိုလည်း ရွေးချယ်နိုင်ပါတယ်။
ကိုယ့်စိတ်ကြိုက် ပွင့်စေချင်တဲ့ စနစ်ကို ရွေးချယ်ပြီးရင် Continue ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Record Voice Command ဆိုတဲ့ နေရာကို ရောက်ရှိသွားပါလိမ့်မယ်။ ဒီနေရာမှာလည်း အသံကို တိုက်ရိုက်သွင်းလို့ မရသေးပါဘူး။ အောက်နားမှာ ရှိနေတဲ့ Record ဆိုတဲ့ နေရာကို ထပ်နှိပ်လိုက်ပါ။ ဒါမှသာ အသံစပြီး မှတ်သားနိုင်မယ့်နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ဘက်ကအသံ ဘားတန်းလေး ၁၀၀ ရာခိုင်နှုန်း ပြည့်တဲ့အထိ ကိုယ်မှတ်သားချင်တဲ့ အသံကိုပြောပေး နေရမှာ ဖြစ်ပါတယ်။ အသံဘားတန်းလေး ပြည့်သွားရင်တော့ Continue ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် အသံစနစ်နဲ့ မပွင့်တဲ့အချိန်မှာ PIN ဒါမှမဟုတ် Pattern နဲ့ဖွင့်ဖို့အတွက် စနစ်တစ်ခုကို မှတ်သားပေးရမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့ အခါမှာတော့ လုပ်ဆောင်မှု အဆင့်တွေဟာ အနည်းငယ် များပြားနေပါလိမ့်မယ်။
လုပ်ဆောင်ချက် အဆင့်တွေ အားလုံးပြီးသွားပြီ ဆိုရင်တော့ အသုံးပြုလို့ ရနိုင်ပါပြီ။ ဖုန်းကို Lock လုပ်ပြီးပြန် ဖွင့်လိုက်တဲ့အချိန်မှာ အသံနဲ့မှတ်သား ထားတယ်ဆိုရင်တော့ အသံနဲ့ဖွင့်ဖို့အတွက် အသံစနစ်ပေါ်လာ ပါလိမ့်မယ်။ အသံနဲ့ မဖွင့်ဘူးဆိုရင်တော့ ကိုယ်ပေးထား တဲ့ PIN ဒါမှမဟုတ် Pattern ပေါ်လာပါလိမ့်မယ်။
Xender ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေကို လွှဲပြောင်းတဲ့စနစ် ဖြစ်ပါတယ်။
အခြားဖုန်းတွေနဲ့ ချိတ်ဆက်ပြီး လွှဲပြောင်းခြင်း၊ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အချက်အလက် လွှဲပြောင်းခြင်း၊ Android, iOS, Windows Phone, Mac အစရှိတာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ App ဖြစ်ပါတယ်။ ဒီလိုချိတ်ဆက် အသုံးပြုဖို့ အတွက်လည်း အင်တာနက် မလိုအပ်ဘဲနဲ့ Device ကို တိုက်ရိုက်ချိတ်ဆက်တာမျိုး ဒါမှမဟုတ် တူညီတဲ့ Network တစ်ခုအောက်မှာ ချိတ်ဆက်နိုင်ပါတယ်။
E - City
သုံးတဲ့သူတွေ အတွက်တော့ ဈေးနှုန်းသက်သက်သာသာနဲ့ 4G သုံးနိုင်တဲ့ ဖုန်းလို့ပဲ ပြောရမှာပါ။ ဝယ်တဲ့ User တွေကလည်း ဒီဈေးနှုန်းနဲ့ သူ့ရဲ့ဒီဇိုင်းကို ကြိုက်ကြတယ်လို့ပြောတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်လည်း ဒီဇိုင်းကို ကြိုက်ပါတယ်။ အရောင်နဲ့ ဒီဇိုင်းက မိန်းကလေးတွေ အတွက်လည်း သင့်တော်တဲ့ပုံစံမျိုး ရှိပါတယ်။ ပြီးတော့ Sim Card နှစ်ခုနဲ့ SD Card က သပ်သပ်စီ ဖြစ်တဲ့အတွက် ဈေးနှုန်းတစ်သိန်းခွဲ ဝန်းကျင်နဲ့ 4G နဲ့ 3G ကတ်နှစ်ကတ်ကို တစ်ပြိုင်တည်းထည့်ပြီး သုံးနိုင်တာကလည်း သူ့ရဲ့အားသာချက် တစ်ခုလို့ပဲ ပြောချင်ပါတယ်။ Xiaomi နဲ့ ယှဉ်မယ်ဆိုရင်တော့ သူ့မှာ Finger Print မပါဝင်တဲ့ အချက်လေးတစ်ချက်ပဲ ရှိမယ်လို့ ကျွန်တော် မြင်မိပါတယ်။
HD Mobile
သူ့ဈေးနဲ့သူ့ရဲ့ Specification က အဆင်ပြေတယ်၊ Customer ကြိုက်တယ်လို့ ပြောရမယ်။ ဒီဇိုင်းပိုင်း၊ ကင်မရာပိုင်းတွေနဲ့ Memory ပိုင်းတွေကတော့ ပြောစရာသိပ်မရှိလှဘူး။ ဈေးနှုန်းတစ်သိန်းခွဲနဲ့ RAM 3GB, 4G ကွန်ရက်တွေ အသုံးပြုနိုင်တဲ့အပြင် SIM Card နှစ်ကတ်နဲ့ Memory Card ကို တစ်ပြိုင်တည်းထည့်ပြီး သုံးနိုင်တဲ့အတွက် ဒါကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။ ဒါပေမဲ့ ထုထည်က ဒီထက်နည်းနည်း ပိုပြီးပါးရင် Customer တွေ ပိုပြီးကြိုက်ကြ လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ဘက်က သုံးတဲ့သူတွေကလည်း ဖုန်းကို ပါးပါးလျားလျားနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်တာကို ပိုကြိုက်ကြတယ်။ ကျွန်တော့်စိတ် ခံစားချက်အရ ဆိုရင်လည်း ဖုန်းကိုဒီထက် နည်းနည်းပါး စေချင်တယ်လို့ပဲ ပြောရမှာပါပဲ။
ကိုစည်သူ (အသုံးပြုသူ)
အရောင်လေးကတော့ ဆန်းတယ်။ မိန်းကလေးတွေ ကိုင်ရင် ပိုလှမယ်လို့တော့ ထင်မိတယ်။ ကင်မရာကလည်း အဆင်ပြေပါတယ်။ မှတ်ဉာဏ်ကလည်း RAM 3GB ဖြစ်တဲ့အတွက် App တွေ တော်တော်များများ ထည့်ပြီးသုံးလို့ရတယ်။ 4G အထိ သုံးလို့ရတဲ့အပြင် Sim Card နှစ်ကတ်စလုံးနဲ့ SD Card ကို တစ်ပြိုင်တည်း ထည့်ပြီးသုံးလို့ ရတာကလည်း အဆင်ပြေပါတယ်။ တချို့ဖုန်းတွေက SD Card သုံးရင် Sim Card က တစ်ကတ်ပဲ သုံးလို့ရတာ မျိုးတွေလည်း ရှိတယ်လေ။ စိတ်ထဲမှာ သိပ်မကြိုက်တာကတော့ သူငယ်ချင်းတွေရဲ့ ဖုန်းနဲ့ယှဉ်လိုက်တဲ့ အချိန်မှာ ဒီဖုန်းရဲ့ User Interface လို့ခေါ်ရမလား Settings မြင်ကွင်းတွေနဲ့ အခြား App မြင်ကွင်းတွေက အရမ်းရိုးလွန်းတယ်လို့ ခံစားရတယ်။ ဒီအရောင်၊ ဒီပုံစံဒီဇိုင်းနဲ့ကိုပဲ ဒီထက်နည်းနည်းလေး ပိုပါးရင်ကောင်းမယ်လို့လည်း ခံစားရတယ်။
Cherry Mobile ZOOM SIM Slot

www.pyaephyo.com