တရုတ်ဟန်းဆက်ကုမ္ပဏီ
Coolpad မှ တင်ပို့ရောင်းချသည့် ဖုန်းများတွင် ပြင်းထန်သည့်
လုံခြုံရေးအားနည်း ချက်တစ်ခု ပါဝင်ကြောင်း Palo Alto Networks မှ
သုတေသီများက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာသစ် တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ
အစီရင်ခံစာအရ သုတေသီများ စမ်းသပ်ခဲ့သည့် Coolpad ဖုန်းအများစုတွင်
CoolReaper ဟုခေါ်သည့် backdoor တစ်ခု ပါဝင်ကြောင်း ၎င်းသည် ဖုန်း၏ software
အား app များကို download ပြုလုပ်ခြင်း၊ install/uninstall ပြုလုပ်ခြင်း၊
သုံးစွဲသူ အချက်အလက်များ ဖျက်ခြင်း၊ ဖုန်းခေါ်ဆို/လက်ခံခြင်း၊ text message
များ ပေးပို့/လက်ခံခြင်းနှင့် Coolpad ဆာဗာများထံ သုံးစွဲသူအချက်အလက်များ
upload လုပ်ခြင်းစသည့် ကိစ္စရပ်များအတွက် အလိုအလျောက် လုပ်ဆောင်စေကြောင်း
သိရသည်။
ထုတ်ကုန်ထုတ်လုပ်သူများ အနေဖြင့် Android ပေါ်တွင် software များထည့်သွင်းပြီး အပိုဆောင်း လုပ်ဆောင်ချက်များနှင့် စိတ်ကြိုက်ပြင်ဆင်ခြင်းတို့အတွက် ပြုလုပ်ရန် မျှော်လင့်ထားကြောင်း၊ အချို့သော မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများသည် application များ ထည့်သွင်းကာ ထုတ်ကုန်၏ စွမ်းဆောင်မှုအတွက် သုံးစွဲမှုအချက်အလက်များနှင့် အခြားအချက်အလက်များကို ရယူကြကြောင်း၊ သို့သော်လည်း CoolReaper သည် အချက်အလက် ရယူစုဆောင်းကာ Coolpad ထုတ်ကုန်များ၏ backdoor တစ်ခုအသွင် လုပ်ဆောင်နေကြောင်း Palo Alto Networks ၏ blog post တွင်ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံရှိ Coolpad သုံးစွဲသူများကလည်း backdoor မှတစ်ဆင့် မလိုအပ်သည့် application များ ထည့်သွင်းခြင်းနှင့် push-notification ကြော်ငြာများ အတွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် လည်း အဆိုပါ တိုင်ကြားမှုများအပေါ် Coolpad က လစ်လျူ ရှုခဲ့သည်။
အထက်ပါ အစီရင်ခံစာသည် တရုတ်လုံခြုံရေးကုမ္ပဏီ Qihoo 360 နှင့် Coolpad တို့က အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အပေါ် အတည်ပြုပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ Qihoo သည် ယခင်က သုံးစွဲသူများအား အထင်မြင်မှားစေသည့် ကိစ္စရပ် တစ်ခု ပြုလုပ်ခဲ့ဖူးသောကြောင့် Qihoo နှင့် Coolpad ပူးပေါင်းဆောင်ရွက်မှုမှာ ယုံကြည်စိတ်ချရဖွယ် မရှိကြောင်း အချို့သော သတင်းများတွင် ဖော်ပြခဲ့ကြသည်။
Ref: TechInAsia

Internet Journal