6/20/2014

♪ iPhone များထက် Samsung Phone များကို ခိုးယူမှုများပြား ♫

Photo: iPhone များထက် Samsung Phone များကို ခိုးယူမှုများပြား
==========================================

iPhone များသည် ပြန်လည်ရောင်းချလျှင် ငွေကြေးများစွာ ရရှိသည့်အတွက် သူခိုးများအကြိုက်ဖြစ်သည်ဟု သိရပါသည်။ နယူးယောက်ရဲဌာနက နယူးယောက်တွင် ဖြစ်ပွားသည့် ရာဇ၀တ်မှုအားလုံး၏ ၁၄ ရာခိုင်နှုန်းမှာ iPhone ခိုးယူမှုများဖြစ်သည်ဟု ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့ပါသည်။ 

သို့သော် မကြာမီက ထွက်ပေါ်လာသော သုတေသနစစ်တမ်းအရ ဖုန်းသူခိုးများသည် iPhone ထက် Samsung ဖုန်းများကို ပိုမိုအကြိုက်တွေ့လာကြသည်ဟု သိရပါသည်။ ၂၀၁၄ ခုနှစ်၏ ပထမငါးလတွင် နယူးယောက် ၌ iPhone ခိုးယူမှုများမှာ ၁၉ ရာခိုင်နှုန်းကျဆင်းသွားပါသည်။ ထိုသို့ကျဆင်းသွားခြင်းသည် Apple ၏ Activation Lock စွမ်းဆောင်ချက်ကြောင့်ဖြစ်ပါသည်။ အဆိုပါစွမ်းဆောင်ချက်သည် Apple ID နှင့် Password မရှိဘဲ iPhone ကို အသုံးပြု၍မရ၊ ဒေတာများကို ဖျက်ဆီး၍မရ၊ Reactivate ပြုလုပ်၍မရဟု သိရပါသည်။ Apple က Activation Lock ကို iOS7 တွင် ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ရာဇ၀တ်မှုနှိမ်နင်းသူများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါသည်။ 

iPhone ခိုးယူမှုများကျဆင်းသွားသော်လည်း နယူးယောက်ရဲဌာနသည် Samsung ဖုန်းခိုးယူခံရသည့် ရာဇ၀တ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ၂၀၁၄ ခုနှစ်ပထမငါးလတွင် Samsung ဖုန်းခိုးယူမှုများသည် လေးဆယ်ရာခိုင်နှုန်းမြင့်တက်လာပါသည်။ 

နယူးယောက်တွင်သာမက ဆန်ဖရန်စစ္စကိုမြို့တွင်လည်း Activation Lock ကို မိတ်ဆက်ပြီး ခြောက်လအကြာတွင် iPhone ခိုးယူမှု ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Samsung ဖုန်းခိုးယူမှု ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ 

အာဏာပိုင်များက စမတ်ဖုန်းများတွင် Kill Switch နည်းပညာကို ထည့်သွင်းရန် စမတ်ဖုန်းထုတ်လုပ်သူများကို ဖိအားပေးလျှက်ရှိပါသည်။ Kill Switch သည် Apple ၏ Activation Lock နှင့် ဆင်တူသည့် လုံခြုံရေး နည်းပညာဖြစ်ပါသည်။ Apple နှင့် Samsung က သူတို့၏ စမတ်ဖုန်းများတွင် Kill Switch ကို ထည့်သွင်းရန် ငြင်းဆန်နေကြပြီး Microsoft နှင့် Google က ၀င်းဒိုးဖုန်းများနှင့် Android ဖုန်းများတွင် Kill Switch ကို ထည့်သွင်းရန် ဇွန်လ(၁၉) ရက်နေ့တွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပါသည်။ 

Kill Switch ကို စမတ်ဖုန်းအားလုံးတွင် ထည့်သွင်းရန် စီမံကိန်းမှာ အချိန်ကြာမြင့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ၂၀၁၄ ခုနှစ်၏ ပထမလများတွင် ဆန်ဖရန်စစ္စကိုမြို့တွင် ဖြစ်ပွားသည့် ရာဇ၀တ်မှုများ၏ ၆၇ ရာခိုင်နှုန်းမှာ စမတ်ဖုန်းခိုးယူမှုများဖြစ်သည်ဟု သိရပါသည်။

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>