8/07/2017

♪ မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ ရှောင်ရန် ဆောင်ရန်များ ♫


မိုဘိုင်းဖုန်းရဲ့ ဗီဒီယိုကွာလတီကလည်း ပိုမိုကောင်းမွန်လာတဲ့အတွက် အပျော်တမ်း ရိုက်ကူးသူတွေအနေနဲ့ အရင်ကလို ဗီဒီယိုတွေကို DV cam တွေနဲ့ ရိုက်ကူးမနေတော့ဘဲ မိုဘိုင်းဖုန်းနဲ့သာ အဆင်သင့်ရိုက်ကူး လိုက်ကြပါတယ်။ ဗီဒီယိုတွေရဲ့ ရုပ်ထွက်တွေဟာ ဆိုရင်လည်း မိုဘိုင်းဖုန်းတွေမှာ အရင်ကဆိုရင် ရုပ်ထွက်က သိပ်မကောင်းပေမယ့်လည်း အခုအချိန်မှာတော့ 4K အဆင့်အထိကို ရောက်ရှိနိုင်လောက်တဲ့ အနေအထားအထိ ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးခြင်းကို အပျော်တမ်းအဆင့်ကနေ Professional အဆင့်အထိပါ သုံးနိုင်လောက်အောင် ဖန်တီးလာကြပါတယ်။ အချို့သော ရုပ်ရှင်တွေကို မိုဘိုင်းဖုန်းနဲ့ ထုတ်လုပ်လာကြပါတယ်။ အချို့သော သတင်းဌာနတွေက ရုပ်သံရိုက်ကူးရေးတွေကို မိုဘိုင်းဖုန်းနဲ့ အလွယ်တကူ လုပ်ကိုင်လာတာကို တွေ့လာရပါ တယ်။ ဈေးကွက်ထဲမှာဆိုရင် မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးတဲ့ နေရာမှာ အသုံးပြုနိုင်ဖို့အတွက် Accessories မျိုးစုံကို ရောင်းချနေတာကို တွေ့ရပါတယ်။ အသံဖမ်းလို့ရနိုင်မယ့် ပစ္စည်းတွေ၊ တည်ငြိမ်အောင် ထားနိုင်မယ့်ပစ္စည်းတွေ Flash စတာတွေကို ဈေးကွက်ထဲမှာ ရနိုင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းနဲ့ ဗီဒီယို ရိုက်ကူးတဲ့အခါမှာ ဘယ်လိုအချက်လေးတွေ ရှောင်သင့်တယ်။ လုပ်ဆောင်သင့်တယ်ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပိုကောင်းတဲ့ Landscape ရိုက်ဟန်

မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကြတဲ့သူတွေ တော်တော်များများမှာ အဆင် သင့်သလို ဖုန်းကိုထောင်လျက် သို့မဟုတ် ကန့်လန့်အနေအထားနဲ့ ရိုက်ကြတာ တွေ့ရပါတယ်။ ထောင်လျက်ရိုက်ကူးလို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ ဗီဒီယိုတွေ အများအပြားကို တစ်ပြိုင်တည်း ဆက်တဲ့နေရာ Edit လုပ်တဲ့နေရာတွေမှာ အချိုးမညီမျှမှုတွေ ရှိတဲ့အတွက် ကြောင့်မို့ မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးသူ တစ်ယောက်အနေနဲ့ အနေအထား တစ်ခုကို အသေအချာ ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။ Landscape ပုံစံကိုသာထားပြီး ရိုက်ကူးသင့်တယ်လို့ ဆိုရတာဟာ ဓာတ်ပုံပညာရဲ့ အယူအဆ တော်တော်များများကို Landscape မှာ ထည့်သွင်းရိုက်ကူးနိုင်မှာဖြစ်ပြီး မြင်ကွင်းကျယ်ဆိုတဲ့ အနေအထားကို ပြန်ကြည့်တဲ့သူတွေ ခံစားမိမှာကြောင့်ပဲ ဖြစ်ပါတယ်။

၁၀ စက္ကန့် သီအိုရီ

ဗီဒီယိုရိုက်ကူးတဲ့အခါမှာ အကြောင်းအရာတစ်ခုကို အကြာကြီးတစ်နေရာတည်းက ရိုက်ကူးတာထက် လိုချင်တဲ့ အကြောင်းအရာလေး တွေကိုပဲ ဖြတ်ဖြတ်ပြီး ရိုက်ကူးတာလဲ ပိုမိုကောင်းမွန်စေပါတယ်။ editing လုပ်တဲ့အခါမှာ မတူညီတာလေးတွေကို စုပေါင်းပြီးတော့ ရသာတစ်ခုရအောင် ဖန်တီးလိုက်တဲ့အခါ ကြည့်လို့ကောင်းတဲ့ ဗီဒီယိုလေးတွေကို ရရှိစေပါတယ်။ ဗီဒီယို Frame တစ်ခုကို ရိုက်ကူးမယ်ဆိုရင် ၁၀ စက္ကန့်လောက်ပဲ ကြာသင့်ပြီး အဲဒီဖိုင်လေးတွေ အများကြီး စုပေါင်းလိုက် မယ်ဆိုရင် ပိုကောင်းတဲ့ ဗီဒီယိုတွေ ရရှိနိုင်မှာ။ ဒါပေမဲ့ အချို့အပျော် တမ်းတွေက Video Frame တစ်ခုအတွက် ကြိုက်သလောက် ရိုက်ကူးထားနိုင်ပြီး ပြီးမှလိုသလို ဖြတ်တောက်လို့လည်း ရပါတယ်။ ဒါပေမဲ့ကိုယ်လိုချင်တဲ့ အပိုင်းတွေကို လိုက်ရှာရတာကြောင့် အချိန်ကိုပိုကြာ စေပါတယ်။

ရှောင်သင့်တဲ့ Zoom ဆွဲရိုက်ကူးခြင်း

မိုဘိုင်းဖုန်းမှာ ဗီဒီယိုရိုက်ကူးတဲ့အခါ Zoom ချဲ့ ရိုက်ကူးရင် အဆင်သိပ်မပြေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် Zoom ဆွဲလိုက်တဲ့အတွက် Digital Zoom ဖြစ်တာကြောင့် Pixel တွေက ဖွာထွက်သွားပြီး ဗီဒီယိုကွာလတီက မကောင်းတော့တာကို တွေ့ရ ပါတယ်။ Edit လုပ်ပြီး ကားဆက်တဲ့အခါမှာ အဲ့ဒီနေရာရောက်ရင် ကွာလတီအရမ်းကို ကွာခြားပြီး ကြည့်လို့ မကောင်းတော့သလို ခံစားရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ အကောင်းဆုံးက Zoom ဆွဲမရိုက်ဘဲနဲ့ ရိုက်မယ့် Subject ရှိတဲ့နေရာကို အတတ်နိုင်ဆုံးကပ်ပြီး ရိုက်ကူးတာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

အလင်းပေးရိုက်ကူးမှု

ဗီဒီယိုမှာ အလင်းအားနည်းတဲ့ အခါမှာ ရုပ်ထွက်ကွာလတီကို ထိခိုက်စေပါတယ်။ အချို့မိုဘိုင်းဖုန်းတွေမှာ အလင်းအမှောင်ကို ဆွဲတင်လို့ ရတယ်ဆိုပေမယ့် တော်ရုံမှောင်နေတဲ့ နေရာလောက်ကိုပဲ အလင်းကို ဆွဲတင်လို့ရပြီး တော်တော်ကြီးကို မှောင်နေမယ်ဆိုရင်တော့ မီးကူတာဟာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ မီးကူမယ်ဆိုရင် မိုဘိုင်းဖုန်းအတွက် ဘယ်လိုမီးကူရမလဲ စဉ်းစားရမှာပါ။ အချို့မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ Flash တွေက အားနည်းတာကြောင့် အလင်းကို သိပ်ပြီးအားရလောက်အောင် ထုတ်မပေးနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် Third party Flash တွေ ကူပြီးရိုက်လို့လည်း ရပါတယ်။ အလင်းအား အရမ်းကောင်းတဲ့ မီးဘန်းကြီးတွေ သုံးစရာမလိုဘဲ မိုဘိုင်းဖုန်းမှာ တင်သုံးလို့ရတဲ့ LED မီးတွေ တပ်ဆင်ပြီး ရိုက်ကူးလို့ ရပါတယ်။

Background Lignting များခြင်း

ဗီဒီယိုသမားတွေမှာ အဓိကကြုံတွေ့ရတာက Subject အနောက်မှာရှိနေတဲ့ တောက်ပတဲ့အလင်းရောင်ပဲ ဖြစ်ပါတယ်။ အချို့သူတွေက အလေးမမူမိဘဲ ရိုက်ကူးတဲ့အခါမှာ ရှေ့ကိုပြချင်တာက မှောင်မည်းပြီး နောက်ကအလင်းကြီးက ပိုပြီးကြီးစိုး နေတတ်ပါတယ်။ အဲဒါကို ရှောင်ရှားဖို့အတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ Background မှာ အလင်းဖြစ်နေတာကို ရှောင်ရှား ရိုက်ကူးဖို့ပဲ ဖြစ်ပါတယ်။ အလင်းဖြစ်နေတဲ့ နေရာကို Subject ကို မျက်နှာမူ ရိုက်ကူးလိုက် တာပဲဖြစ်ဖြစ်၊ တကယ်လို့ ရှောင်မရတဲ့ အနေအထားဆိုရင်တော့ မီးအလင်းပေးပြီး ရိုက်ကူးရမှာပဲ ဖြစ်ပါတယ်။ မီးအလင်းကလည်း အဆင်သင့်မရှိသေးတဲ့ အနေအထားဆိုရင်တော့ နောက်ကအလင်းတိုက်ရိုက် မထိအောင် Subject ရဲ့ ဘေးဘက်နေရာတွေကနေ ကြိုးစားရိုက်ကူးရမှာပါပဲ။

Timelapse ပုံစံရိုက်ကူးခြင်း

ဗီဒီယို ရိုက်ကူးတဲ့အခါမှာ တမူထူးတဲ့ အမြင်မျိုး ဖြစ်ပေါ်ဖို့အတွက် ဆိုရင် Timelapse နဲ့ ရိုက်ကူးကြည့်သင့်ပါတယ်။ အချိန်ကြာမြင့်စွာ စောင့်စားရတဲ့ အခြေအနေမျိုးတွေကို ဖမ်းယူရိုက်ကူးခြင်းဖြင့် ပြန်ကြည့်တဲ့အချိန်မှာ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သယောင်ပြန်ပြီး မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ Timelipse ကို အထင်ကရ နေရာတွေကို လူတွေစုရုံး လာကြတယ်ဆိုတာကို ရိုက်ကူးချင်တယ်ဆိုရင် သုံးစွဲနိုင်သလို နေထွက်လာတာပဲဖြစ်ဖြစ်၊ နေဝင်သွားတာပဲဖြစ်ဖြစ်ကို မိုဘိုင်းကင်မရာ တစ်လုံးကို Stand မှာထားပြီး ပါဝါအပြည့်နဲ့ အချိန်ပေးရိုက်ကူးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရရှိလာတဲ့ အရုပ်တွေပြန်ကြည့်တဲ့အခါမှာ ထူးခြားတဲ့ တင်ဆက်မှုပုံစံကို မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

Accessories သုံးခြင်း

မိုဘိုင်းဖုန်းနဲ့ ဗီဒီယို ရိုက်ကူးဖို့အတွက် အခုခေတ်ကြီးမှာ ဆက်စပ်ပစ္စည်းတွေများစွာ သုံးစွဲရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ Trolly တွေ၊ Stabelizerတွေ မှန်ဘီလူးတွေ၊ အသံဖမ်း Mic တွေနဲ့ Flash light မျိုးစုံကို ဝယ်ယူတပ်ဆင်ပြီး Pro ဆန်ဆန်ကို ရိုက်ကူးနိုင်အောင် ထုတ်လုပ် ထားပေးတာကို တွေ့ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးသူအတွက် Idea တစ်ခု ရှိတယ်ဆိုရင် အဲဒါကို အထောက်အပံ့ ပေးနိုင်မယ့် ပစ္စည်းကိရိယာမျိုးစုံ ဈေးကွက်ထဲမှာ ရှာဝယ်လို့ရပါတယ်။ အွန်လိုင်းကနေလည်း ကြည့်ရှုပြီးမှာ ဝယ်လို့ရနေပါတယ်။ Accessory တွေ သုံးရိုက်ခြင်းနဲ့ အချို့နည်းပညာအားနဲ့ လိုက်မမီတဲ့ဟာတွေကို ဒီပစ္စည်းတွေကပဲ အကူအညီကောင်းကောင်း ပေးသွားမှာ ဖြစ်ပါတယ်။


-စည်သူ
Credit to ==>  Internet Journal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com