3/10/2017

♪ LG G6 ကို ဝေဖန် သုံးသပ်ခြင်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/1-4.jpg?fit=800%2C450&ssl=1

LG က အရှုံးပေါ်နေတဲ့ မိုဘိုင်းဌာနကို ပြန်လည်ဦးမော့လာဖို့အတွက် G6 ဖြင့် ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ G5 ရဲ့ မအောင်မြင်တဲ့ Modular Design ကို အသုံးမပြုတော့ဘဲ သမားရိုးကျ စမတ်ဖုန်း ဒီဇိုင်းကို G6 မှာ သုံးထားပါတယ်။ G6 မှာ ဘက်ထရီကို အသေတပ်ထားပြီး ရေစိုခံနိုင်တဲ့ ဒီဇိုင်းကို ဖန်တီးထားပါတယ်။ ဒါပေမယ့် နောက်ဆုံးထုတ် Snapdragon 835 ကို သုံးထားခြင်း မရှိတာက ယခုနှစ်ထုတ် အခြားစွမ်းရည်မြင့် စမတ်ဖုန်းများနဲ့ ယှဉ်ရင် အားနည်းမှာပါ။ မျက်နှာပြင်ကိုတော့ ထူးခြားဆန်းသစ်ထားပြီး 18:9 Ratio Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် အခြား အစိတ်အပိုင်းများကတော့ ပြောပလောက်အောင် စွမ်းရည်မြင့်မားခြင်း မရှိပါဘူး။

ဒီဇိုင်း
G6 ကို သတ္တုနဲ့ ဖန် ပေါင်းစပ်တည်ဆောက်ထားပြီး အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass ဖြင့် ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းကတော့ စွဲဆောင်မှု ရှိပါတယ်။ စမတ်ဖုန်းဟာ တောက်ပြောင်လှပပြီး G5 ရဲ့ ဒီဇိုင်းနဲ့ လုံးဝကွဲပြားနေပါတယ်။ အနောက်ဘက်ကလည်း ချောမွတ်ပြီး ကင်မရာက ငေါထွက်နေခြင်း မရှိပါဘူး။ ဖုန်းရဲ့ အနောက်ဘက် Power Button လို အသုံးပြုနိုင်တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာဝိုင်းရဲ့ အထက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ စတင်ရောင်းချချိန်မှာ ပလက်တီနမ်၊ အနက်နဲ့ အဖြူရောင်များကို ထုတ်လုပ်ပေးမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အရောင်သစ်များကို ရောင်းချပေးမှာပါ။ အောက်ခြေမှာ စပီကာတစ်ခုနဲ့ USB-C Port တပ်ဆင်ထားပြီး Headphone Jack ကိုတော့ အထက်မှာ တပ်ဆင်ထားပါတယ်။

၇.၉ မီလီမီတာ အထူရှိတဲ့ ကိုယ်ထည်ထဲမှာ 3300mAh Battery ကို တပ်ဆင်ထားပါတယ်။ microSD Card Slot ကို SIM Tray မှာ တပ်ဆင်ထားပြီး 2TB အထိ ၀င်ဆန့်တဲ့ ကဒ်စိုက်နိုင်ပါတယ်။ Google ရဲ့ နောက်ဆုံးထုတ် Android Nougat မောင်းနှင်မှာက ကောင်းမွန်ပါတယ်။ LG က G6 ရဲ့ 18:9 Display ကို FullVision အဖြစ် တင်စားထားပြီး LG Display က ဖန်တီးထားတာပါ။ 2880×1440 Pixels QHD Resolution ဖြစ်ပြီး OLED အစား LCD ကိုပဲ သုံးထားပါတယ်။ ဖုန်းရဲ့ ထောင့်စွန်းများကို လုံးဝန်းအောင် ဖန်တီးထားပါတယ်။ OLED မဟုတ်တဲ့အတွက် Google ရဲ့ Daydream VR Headset နဲ့ တွဲဖက် သုံးလို့ မရပါဘူး။

G6 မှာ Dolby Vision / HDR 10 တို့ကို ထောက်ပံ့တဲ့အတွက် HDR Content များကို ကြည့်ရှုတဲ့အခါမှာ အလွန် အရောင်အသွေးစုံပြီး အသေးစိတ်ကျတဲ့ ပုံရိပ်များကို ခံစားရမှာပါ။ LG က Always On Display စွမ်းဆောင်ချက်ကို ထည့်ပေးထားတဲ့အတွက် ဖုန်းကို Unlock လုပ်စရာ မလိုဘဲ အချိန်ကြည့်နိုင်မှာပါ။


User Interface အသစ်
FullVision 18:9 Display ဟာ ရှည်လျားတဲ့အတွက် App ၂ ခုကို အပေါ်၊ အောက် တစ်ပြိုင်နက် အသုံးပြုရာမှာ ကောင်းမွန်ပါတယ်။ Multi Windows Mode ကို Samsung နဲ့ အခြား စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားတာ ကြာပြီ ဖြစ်တဲ့အတွက် ထူးခြားမှုတစ်ခုလို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် G6 ရဲ့ ရှည်လျားတဲ့ မျက်နှာပြင်က အဲဒီ Mode အတွက် ပိုမို အဆင်ပြေစေပါတယ်။ အခြား Third-Party Apps များကို Multi Windows Mode နဲ့ သုံးရင်တော့ အဆင်မပြေမှုများ ရှိနေပါတယ်။ ဥပမာအားဖြင့် YouTube Video များကြည့်တဲ့အခါမှာ ဘယ်နဲ့ ညာဘက်မှာ အနက်ရောင်ဘားတန်းပေါ်လာပါတယ်။ ဒါပေမယ့် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်မှာ ဂိမ်းများ ကစားတဲ့အခါမှာ အလွန် ကောင်းမွန်တာကို တွေ့ရပါတယ်။ App Drawer မပါဘဲ Home Screen ပေါ်မှာ Apps များအားလုံးကို ထားရှိပေးထားပါတယ်။ အိုင်ကွန်များရဲ့ ထောင့်လေးဘက်ကိုလည်း လုံးဝန်းအောင် ဖန်တီးထားပါတယ်။

ကင်မရာ
LG က G6 ကင်မရာကို အဆင့်မြှင့်ထားပေမယ့် ကျန်တဲ့ကင်မရာ စွမ်းဆောင်ချက်များဟာ G5 အတိုင်းပဲ ဖြစ်ပါတယ်။ G5 မှာလိုပဲ Normal နဲ့ Wide-Angle Camera ၂ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပေမယ့် 13MP သို့ အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့် အလင်းဝင်ပေါက်နဲ့ Pixel အရွယ်အစားကတော့ တိုးတက်လာခြင်း မရှိပါဘူး။ G6 ရဲ့ ကင်မရာဟာ G5 ထက် သိသာစွာ အဆင့်မြင့်မားခြင်း မရှိပါဘူး။ အဓိက Camera မှာ Optical Image Stabilization နည်းပညာနဲ့ ပိုမိုလျှင်မြန်တဲ့ f/1.8 Aperture ပါတဲ့အတွက် ဓါတ်ပုံများက အရည်အသွေးကောင်းမွန်ပါတယ်။ Wide-Angle Camera မှာတော့ OIS မပါတဲ့အတွက် ကြည်လင်ပြတ်သားမှု အားနည်းနိုင်ပါတယ်။ ဒါပေမယ့်လည်း အားလုံးခြုံကြည့်ရင်တော့ ဓါတ်ပုံအရည်အသွေးက ကောင်းမွန်သင့်တင့်ပါတယ်။ ကင်မရာ ဆော့ဖ်ဝဲ အပိုင်းမှာတော့ ဖုန်း စကရင်တစ်ခြမ်းကနေ ဓါတ်ပုံရိုက်နိုင်ပြီး အခြားတစ်ခြမ်းကနေ Full Screen Preview ကြည့်နိုင်တဲ့ စွမ်းဆောင်ချက်က သဘောကျစရာပါ။

ဘက်ထရီ
G6 မှာ G5 ရဲ့ 2800mAh ထက် ပိုမိုကြီးမားတဲ့ 3300mAh Battery တပ်ဆင်ထားတာက ကောင်းမွန်ပါတယ်။ တပ်ဆင်ထားတဲ့ စွမ်းရည်မြင့် Snapdragon 821 Processor ကို ထောက်ပံ့နိုင်ပြီး ဘက်ထရီသက်တမ်းကိုလည်း ရှည်ကြာစေဖို့ အင်ဂျင်နီယာများက Chip ကို အချိန်များစွာယူ လေ့လာခဲ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဘက်ထရီ အပူလွန်ကဲမှု မဖြစ်အောင်လည်း ဒီဇိုင်းထုတ်ထားပါတယ်။ ဘက်ထရီ အားသွင်းတဲ့ အပိုင်းမှာတော့ နိုင်ငံအပေါ်မူတည်၍ ကွဲပြားမှာပါ။ အမေရိကန်မှာ ရောင်းချမယ့် G6 မှာ ကြိုးမဲ့အားသွင်းစနစ် ပါလာမှာပါ။ အခြားနိုင်ငံများအတွက်တော့ ကြိုးမဲ့အားသွင်း စနစ်မပါဘဲ QuickCharge 3.0 ကိုသာ သုံးနိုင်မှာပါ။

အနှစ်ချုပ်
G6 ကို ရောင်းချခြင်း မရှိသေးဘဲ MWC ပွဲမှာသာ ခဏတာ စမ်းသပ် အသုံးပြုခွင့်ပေးခဲ့တဲ့အတွက် အသေးစိတ် ဝေဖန်သုံးသပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ G6 ရဲ့ သတ္တုနဲ့ ဖန် ပေါင်းစပ်ထားတဲ့ ဒီဇိုင်းက စွဲဆောင်မှု ရှိပါတယ်။ ကြီးမားတဲ့ မျက်နှာပြင်ဟာ Multi Windows Mode နဲ့ သုံးရင် ကောင်းမွန်ပေမယ့် Third-Party App များနဲ့ ဆိုရင်တော့ စိုးရိမ်စရာ ရှိနေပါတယ်။ Netflix နဲ့ Amazon တို့ထံမှ HDR Content များကို ကြည့်နိုင်မယ်ဆိုပေမယ့် ၀န်ဆောင်မှု စတင်မယ့် အချိန်ဟာ မသေချာသေးပါဘူး။ G6 ရဲ့ အားသာချက်တစ်ခုက ဈေးနှုန်းပါ။ LG က G6 ကို ကုန်ကျစားရိတ် သက်သာအောင် ဖန်တီးထားတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် နောက်ဆုံးထုတ် မဟုတ်တဲ့ တန်ဖိုးနည်း Chipset ကို အသုံးပြုထားခြင်းနဲ့ နိုင်ငံအချို့အတွက် စွမ်းဆောင်ချက် အချို့ကို ဖယ်ရှားပေးထားခြင်းတို့ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ ထူးခြားဆန်းသစ်ပါတယ်။ ဘက်ထရီ သက်တမ်း ကောင်းမွန်ပြီး ကင်မရာ အရည်အသွေးက သင့်တင့်ပါတယ်။ G6 ကို နိုင်ငံအလိုက် ရောင်းချမယ့် ဈေးနှုန်းများကတော့ စိတ်ဝင်စားစရာကောင်းမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com