9/07/2016

♪ ခပ်မြန်မြန်ပဲ နေဝင်တော့မလား ပိုကီမွန် ♫


စမတ်ဖုန်း ဂိမ်းလောကတွင် နေ့ချင်း ညချင်း အလွန်အမင်း အအောင်မြင်ဆုံး ဂိမ်းကို ပြောပါဆို “Pokemon Go” ကလွဲလို့ တခြား ရှိလိမ့်မည်မထင်။  သို့သော် ခပ်မြန်မြန်ပင် အောင်မြင်ခဲ့သော ပိုကီမွန်၊ ခပ်မြန်မြန်ပင် နေဝင်တော့မလား စိုးရိမ်စရာများ ရှိလာသည်။

ဇူလိုင်မှာ စဖြန့်ကတည်းက ကမ္ဘာတစ်ဝန်းက မွန်းစတား ဖမ်းလိုသူတွေ တစ်ပြုံတစ်မကြီးကို ပိုကီမွန်က ကောင်းကောင်း ဖမ်းစားနိုင်ခဲ့သည်။ အမေရိကန်မှာ စဖြန့်ပြီး တစ်ပတ်အကြာမှာပင် Apple က ပိုကီမွန်ကို ဂုဏ်ပြုချီးကျူးခဲ့ရသည်။ Apple App စတိုး သမိုင်းတစ်လျှောက် စတင်တင်ချင်း တစ်ပတ်အတွင်း download ဆွဲခံရဆုံး ဂိမ်းအဖြစ် ပိုကီမွန်က စံချိန်တင်သွားသည်။ Pikachu , Snorlax စသည့် မွန်းစတား ကောင်လေးတွေ လိုက်ဖမ်းနေကြသည့် လူအုပ်ကြီးတွေကို နယူးယောက်မြို့ ဗဟိုပန်းခြံကြီးထဲမှာ တွေ့နိုင်သည်။ လမ်းတွေပေါ်မှာ၊  လမ်းကြားတွေထဲမှာ တွေ့နိုင်သည်။ လက်ထဲ ဖုန်းတကိုင်ကိုင်နဲ့ ပိုကီမွန်ကောင်တွေနောက် လိုက်နေကြသည့် လူအုပ်ကြီးတွေ နေရာတကာမှာ တွေ့နိုင်သည်။

Pokemon Go စတင် မိတ်ဆက်သည်မှာ တစ်လကျော်သွား ပြီးနောက်တွင်တော့ အခြေအနေက တစ်မျိုးဖြစ်လာသည်။ ပိုကီမွန် နာမည်ကျော်မှု ပြန်ကျဆင်းလာနေပြီဟု ကျွမ်းကျင်သူတို့က သုံးသပ်သည်။
နာမည်ကြီး App များ၊ ဂိမ်းများကြုံရသည့် ဓမ္မတာကို Pokemon Go  လည်း ကြုံရခြင်းဟု ဆိုနိုင်သည်။ နာမည်သိပ်ကြီး နေပြီဆိုလျှင် ကိုယ်လည်း မသိလိုက်ရ မရှိရလေအောင် စမ်းသုံးကြည့်ချင် ဆော့ကြည့်ချင် တတ်ကြသည်မှာ ယနေ့ စမတ်ဖုန်းခေတ် လူသားတို့ သဘာဝ။  တစ်ဟုန်ထိုး နာမည်ကြီးနေသော Pokemon Go  ကို ဒေါင်းကြည့်ပြီး စမ်းဆော့ကြည့်၊ ပြီးတော့ မကြိုက်လို့ ပစ်ထားလိုက်ကြသူတွေ ဒုနဲ့ဒေး။ ထို့ကြောင့်ပင် ပိုကီမွန်သည် ပထမလအတွင်း လူသုံး တစ်ဟုန်ထိုးတက်၊ နောက်လကျတော့ သိသိသာသာ ပြန်ကျသွားတာမျိုး ကြုံလာရခြင်း ဖြစ်သည်။

Pokemon Go ကိစ္စမှာ စိတ်ဝင်စားစရာ ကောင်းတာက ယခုကာလသည် အာရှ၊ လက်တင်အမေရိကနှင့် ပြင်သစ်တို့တွင် စတင်မိတ်ဆက်နေဆဲ ကာလသာ ရှိသေးသည့်တိုင် Pokemon Go ကစားသူ ပမာဏက ယခင်လောက်တောင် မများတော့ခြင်း ဖြစ်သည်။

ကစားသူ မည်မျှ ပိုကီမွန် ဆုံးရှုံးသွားပြီလဲ။
Pokemon Go ကစားသူ မည်မျှ ပြန်လျော့သွားပြီကို တရားဝင် ထုတ်ပြန်စာရင်း မရှိသေး။ သို့သော် Axiom Capital Management ဈေးကွက် သုတေသနလုပ်ငန်းက ထုတ်ပြန်ချက်အရ ဇူလိုင်လလယ်ပိုင်းမှသည် လက်ရှိအချိန်ထိ ပိုကီမွန် ကစားသူ ၁၀ သန်းလောက်ထိ Pokemon Go ကို စွန့်ခွာသွားပြီဟု သိရသည်။
ဇူလိုင် ၁၇ ရက်နေ့ စာရင်းအရ Pokemon Go ကို ကမ္ဘာတစ်ဝန်း တစ်ရက်လျှင် လူ ၄၅ သန်းလောက် ဝင်ကစားလျက်ရှိသည်။ နောက် တစ်လအကြာ ဩဂုတ် ၁၆ တွင်မူ သန်း ၃၀ သာ ရှိတော့ကြောင်း Axiom Capital  Management က ဖော်ပြသည်။

တစ်လအတွင်း နေ့စဉ် ဝင်ဆော့သူ ၁၀ သန်းလောက် ဆုံးရှုံးရခြင်းမှာ နည်းနည်းနောနောမဟုတ်။ နေ့စဉ် ဝင်ဆော့နေသူ လေးပုံ တစ်ပုံနီးပါး ဆုံးရှုံးရခြင်း ဖြစ်သည်။ ပိုဆိုးသည်မှာ ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ဒါဇင်ပေါင်းများစွာတွင် Pokemon Go ကို ယခုမှ စဖြန့်နေချိန်မှာပင် နေ့စဉ် အသုံးပြုသူ ပမာဏကတက်မလာဘဲ ကျပင် ကျသွားခြင်းကိုကြည့်လျှင် ဒေသသစ်များကနေ တိုးလာသည့်ဆော့သူ ပမာဏထက်ပင် စွန့်သွားသူ ပမာဏက သိသိသာသာ များနေသည့် အဓိပ္ပာယ်ဖြစ်သည်။

နေ့စဉ် Pokemon Go ကို download လုပ်နှုန်း၊ ဂိမ်းကို အချိန်ပေးကာ ဆော့နှုန်းတွေလည်း ကျပြီးရင်း ကျလာနေကြောင်း Axiom ၏ စာရင်းများက ဖော်ပြသည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်ထိတော့ Apple ၏ ဗြိတိန် App Store တွင် Pokemon Go က အဆင့် ၇ မှာ ရပ်တည်နေဆဲ ဖြစ်သလို၊ Top-grossing ဇယားတွင်လည်း ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်သည်။ Google Play store တွင်လည်း Pokemon Go က ရလဒ်ကောင်းနေဆဲ  ဖြစ်သည်။

Pokemon Go အရှိန်နှေးလာခြင်းကြောင့် ဘာဆိုးကျိုးရှိလဲ
Axiom ၏ စစ်တမ်းကို ထုတ်ပြန်ပြီးနောက် The Pokemon Company ကို သုံးပုံ တစ်ပုံ ပိုင်ဆိုင်သော Nintendo ၏ ရှယ်ယာဈေး ၃ ရာခိုင်နှုန်း ထိုးကျခဲ့သည်။ ရှယ်ယာဈေး အတက်အကျ မငြိမ်သော Nintendo အဖို့ ၃ ရာခိုင်နှုန်းဟူသည် ပြောပလောက်သော နှုန်းတော့မဟုတ်။ Pokemon Go စထုတ်ပြီး ချက်ချင်း လူကြိုက်များမှုကြောင့် ကျိုတို အခြေစိုက် Nintendo ၏ ရှယ်ယာဈေးများ ခုန်တက်ခဲ့သည်။ Pokemon Go ရေပန်းစားမှုကြောင့် ကုမ္ပဏီ၏ဝင်ငွေ သိသိသာသာ တက်လာစရာမရှိဟု Nintendo က ထုတ်ပြန်ခဲ့ ပြန်သဖြင့် ရှယ်ယာဈေး ပြန်ကျခဲ့ပြန်သည်။

Pokemon Go ယခုလို သုံးသူရနှုန်း ပြန်ကျဆင်းသွားသည့်အတွက် ပိုကီမွန်ကြောင့် Instagram,  Snapchat,  Twitter စသည့် အခြား နာမည်ကျော် App များ လူသုံးနည်းသွား နိုင်သည်ဟူသော စိုးရိမ်သောကလည်း ပြေပျောက်သွားပြီ။ အမေရိကန်တွင် Pokemon Go စသုံးခွင့်ပေးသည့် ဇူလိုင်လကဆိုလျှင် Android စနစ်ဘက်တွင် Pokemon Go ဆော့သူက Twitter သုံးသူထက်ပင် ပိုများခဲ့သည်။

ရှောင်လွှဲမရနိုင်သောကျ ဆင်းမှုလား
Android နှင့် iOS သုံးစွဲသူများ၏ဓလေ့၊ Pokemon Go ၏ မြန်နှုန်းမြင့် အောင်မြင်မှုများကို ယှဉ်ထိုး သုံးသပ် ကြည့်လိုက်လျှင် နာမည်ကျော်ကြားမှုက အတိုင်းအတာ တစ်ခုအထိတော့ ပြန်ကျဆင်းသွားနိုင်သည်မှာ လက်မခံလို့ကို မရသော အမှန်တရား ဖြစ်သည်။

“Pokemon Go လောက် နေ့ချင်း၊ ညချင်း ကမ္ဘာကျော် အောင်မြင်သွားတဲ့ ဂိမ်းမျိုးက နှစ်ခုမရှိသေးဘူး။ ဒါပေမဲ့  ဂိမ်းသမိုင်းကို အခြေခံပြီး သုံးသပ်ရရင်တော့ တစ်ဟုန်ထိုး အောင်မြင်ခဲ့တဲ့ ဂိမ်းတိုင်းဟာ မကြာမတင်မှာပဲ သုံးသူ ပြန်ကျသွားတာ ဓမ္မတာပါ။ ရေရှည်မှာသုံးသူ ပုံမှန်လေး တိုးတက်နေအောင် ဆွဲဆောင်နိုင်ဖို့က အဓိကပါ” ဟု မိုဘိုင်းဂိမ်း ဝက်ဘ်ဆိုက် pocketgamer.biz အယ်ဒီ တာ ခရစ်ဂ်ျချက်ပယ်က ပြောသည်။

“ဂိမ်းတစ်ခုဟာ လူပြောလည်းများမယ်၊ အခမဲ့လည်း download ဆွဲဆော့လို့ရမယ်ဆိုရင် လူတွေက စမ်းဆော့ ကြည့်ကြတာ သဘာဝပဲ။ အဲ့ဒါကြောင့်ပဲ နာမည်ကြီး  ဂိမ်းသစ်တွေဟာ  အစပိုင်းရက်တွေမှာ သုံးသူတအား တိုးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မကြိုက်လို့ စွန့်သွားသူ၊ ဂိမ်းထဲမှာ ပိုက်ဆံပေးဆော့ရမယ့် အခန်းတွေရောက်တော့ ဆက်မဆော့တော့ သူတွေကြောင့်သုံးသူ ပြန်ကျလာတယ်။ ဥပမာ Supercell ကထုတ်တဲ့ Clash Royale ကို ကြည့်။ သူလည်း အစပိုင်းတုန်းက ဝင်ဆော့သူ သိပ်များတယ်။ နောက်ပိုင်းကျတော့ ဆော့သူ ကျသွားတယ်။ ဝင်စမ်းသပ်သူတွေ ရပ်သွားတော့ ပုံမှန်ဆော့သူတွေပဲ ကျန်တယ်။ ဒါတောင် Clash Royale ဟာ နေ့စဉ် ဒေါ်လာသန်းချီ ဝင်ငွေရအောင် ထိန်းထားနိုင်တယ်” ဟု မစ္စတာ ချက်ပယ်က ပြောသည်။

ဘာဆက်ဖြစ်လာမလဲ
Pokemon Go ဂိမ်းကို ရေးဆွဲ ထုတ်လုပ်သော Niantic ကုမ္ပဏီ ကိုယ်တိုင်က Pokemon Go ထိုမျှ အောင်မြင်လိမ့်မည်ဟု မမျှော်လင့်မိခဲ့။ စဖြန့်ဖြန့်ချင်းမှာပင် ကမ္ဘာကျော်သွားပြီး နေ့စဉ် ဝင်ဆော့သူ သန်းချီခဲ့သဖြင့် Niantic ကိုယ်တိုင်ပင် မနိုင်မနင်းတွေ ဖြစ်ခဲ့ရသည်။ ပြဿနာတွေလည်း များစွာရှင်းခဲ့ရသည်။
“Pokemon Go လို ဂိမ်းမျိုးကို ကိုင်တွယ်ရတာ သိပ်ကြီးမားတဲ့ စိန်ခေါ်မှုပါ” ဟု Niantic က ၎င်းတို့ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ရေးသားခဲ့သည်။

Pokemon Go ကို အာရှနှင့် အာဖရိကနိုင်ငံ အတော်များများမှာ ဆက်ဖြန့်ဖို့ ကျန်နေသေးသည်။ ထိုဒေသတွေမှာ ဖြန့်လိုက်နိုင်လျှင် သုံးသူ ပြန်တက်လာဖို့တော့ မျှော်လင့်ချက်ရှိသည်။ ရလာသည့် လူသစ်တွေထဲမှာ Pokemon Go ကို စမ်းဆော့ပြီး စွန့်ပစ်မည့်သူ နည်းကာ၊ စွဲစွဲမြဲမြဲ ဆော့မည့်သူများအောင် ဆွဲ ဆောင်နိုင်ဖို့တော့ လိုမည်။

Pokemon Go ၏ အနှစ်သာရကိုက မိမိနေထိုင်ရာ ဝန်းကျင်ဒေသထဲမှာ လျှောက်သွားကာ အကောင်တွေဖမ်းရင်း အခြား ကစားဖော်များဖြင့်ပါ ပေါင်းသင်းဆက်ဆံ ဖြစ်သွားစေဖို့၊ လူမှုကဏ္ဍ ချဲ့ထွင်ပေး နိုင်စေဖို့ ဖြစ်သည်။ သုံးသူ ကျဆင်းမှုကို မထိန်းနိုင်ဘဲ Pokemon Go ဆော့သူတွေ လျော့ပြီးရင်း လျော့သွားလျှင်ကား ရပ်ကွက်ထဲမှာ ကိုယ်နဲ့တူတူ ပိုကီမွန်လိုက်ဖမ်းမည့် အဖော်တွေ ကျန်ပါဦးမလားက စိုးရိမ်ဖွယ်။

Ref: Why Pokemon Go may have passed its peak (BBC)

Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com