1/15/2016

♪ " စားပွဲတင်ကွန်ပျူတာ တစ်ခေတ်ဆန်းစေမည့် Solu " ♫


စားပွဲတင်ကွန်ပျူတာတို့ကအလုပ်လုပ်၍အလွန်ကောင်းသည်။သို့သော်အရွယ်အစားအလွန်ကြီးသည်။ နေရာ တကာသယ်ဖို့မလွယ်၊ သူ့ကိုအစားထိုးဖို့ထုတ်လုပ်သော Laptop သည်ပင်လျှင် အရွယ်ကြီးနေသေးသည်။ ၁၀ လက်မတက်ဘလက်ကသုံး၍အနေတော်။ ထို့ကြောင့် ၂၁ ရာစုနှစ်ထဲတွင် တက်ဘလက်ကွန်ပျူတာကိုအသုံးများလာသည်။ စားပွဲတင်ကွန်ပျူတာဟုဆိုသော desktop ကွန်ပျူတာတို့ တဖြည်းဖြည်းအရောင်းပါးလာသည်။ဤအတိုင်းဆက်၍သွားလျှင်စားပွဲတင်ကွန်ပျူတာပျောက်သွားနိုင်သည်။ ဤသို့ ပျောက်၍မဖြစ်သေး။

သို့ဖြစ်ရာစားပွဲတင်ကွန်ပျူတာထုတ်လုပ်သူအသီးသီးတို့သည် စားပွဲတင်ကွန်ပျူတာခေတ် ဆက်လက်ရှင်သန်ရေးအတွက် အမျိုးမျိုးကြိုးပမ်းအားထုတ်လာကြသည်။ ပထမပိုင်းပေါ်ထွက်လာသည်မှာ all-in-one ကွန်ပျူတာ - Monitor နောက်ဖက်မှာ ကွန်ပျူတာတစ်စုံလုံး ကပ်ပေးထားသည်။ အရွယ်ကြီးသည်။ လူကြိုက်မများလှ။ သို့ဖြစ်ရာ ၂၀၁၅ ထဲတွင် အမှန်တကယ်သေးသော စားပွဲတင်ကွန်ပျူတာငယ်များပေါ်လာသည်။ မင်မိုရီစတစ်အရွယ်ကွန်ပျူတာကားအသေးဆုံး။ သူ့ထက်အနည်းငယ်အရွယ်အစားကြီးသော်လည်း အစိတ်အပိုင်းများကို လိုအပ်သလို ထပ်တိုးတပ်ဆင်နိုင်သည်မှာ Modularကွန်ပျူတာ။


ယခုမူထို့ထက်ဆန်းပြားသောကွန်ပျူတာထပ်၍ထွက်လာပြန်ပါပြီ။ ယင်းကား Solu ကွန်ပျူတာ။ အဘယ့်ကြောင့်ထူးဆန်းသည်ဟုဆိုရပါသနည်း။ သစ်သားပြားနှင့်လုပ်ထားသောကြောင့်ဖြစ်ပါသည်။ အိတ်ထောင်ထဲတွင်ထည့်သွားနိုင်သောဤကွန်ပျူတာသည် လေးလက်မပတ်လည်အရွယ်ရှိပါသည်။ အောက် ခံသစ်သားပြားပေါ် တွင် ဖန်သားဖြင့် ဖုံးအုပ်ထားသည်။ ယင်းဖန်သားသည်ပင် display screen ဖစ်သည်။ယင်းဖန်သားသည်ပင် Touch screen ဖြစ်သည်။ screen သးသော်လည်း resolution မသေး။ 1440 x 1440 pixel ရှိရာ pixel density 450 ppရှိသည်။ External display ဖြင့်ဆက်လျှင် 4k monitor များအထိအထောက်အပံ့ပေးနိုင်မည်ဟုဆိုသည်။

Solu ကွန်ပျူတာများပေါ်ပေါက်လာရခြင်းသည် chrome book ပ်ါတွင်အခြေပြုသည်။ chrome book ထက်သာသည်မှာဤကွန်ပျူတာအား Online / office နှစ်မျိုးအသုံးပြုနိုင်ခြင်းဖြစ်သည်။ သို့သော် အဓိကအားပြုသည်မှာonline ဖြစ်သည်။ နေ့စဉ်သုံးကွန်ပျူတာအလုပ်များကိုအောင်မြင်စွာလုပ်နိုင်ရန်အတွက် Solu တွင် လုံးလုံးလားလားအသစ်စက်စက်ဖြစ်သော OS ကိုအသုံးပြုထားပါသည်။ ယင်း OS သည် Windows နှင့် လုံးလုံးလျားလျားမတူ၊ Wondows ၏စွမ်းဆောင်နိုင်ရည်မျိုးလည်းမရှိပါ။ သို့သော် OS တစ်ခု၏ အခြေခံလုပ်ငန်းစဉ်ကိုချောမွေ့စွာလုပ်ဆောင်ပေးနိုင်သည်။

Solu ကွန်ပျူတာနှင့် တွဲဖက်အသုံးပြုနိုင်သော application အများစုကို Online တွင် တင်ထားသည်။ထို application များသည် အမြဲတမ်း update ဖြစ်နေသည်။ ထို့ကြောင့် ကွန်ပျူတာလုပ်ငန်းများလုပ်ရာတွင် အဆင်ပြေသည်။ မိမိအလုပ်လုပ်နေသောဆိုင်များကို Online ချိတ်သည်နှင့်ပြန်၍ resync လုပ်ပေးနိုင်သည်။ ဤကွန်ပျူတာကိုသုံးသည့်အတွက် hard dick space ကိုစိတ်ပူရန်မလို။ online storage အကန့်အသတ်မရှိပေးထားသောကြောင့်ဖြစ်သည်။ ထို့ပြင် online ကိုအားပြုသဖြင့် file backup နှင့် software installation ကိစ္စများလည်းငြိမ်းသည်။

User interface ကလည်းအလွန်ပင်ရိုးရှင်းသည်။ application code များနှင့် content များကိုပေါင်းစပ်ထားသော cell ဟူသည့်အရာများအားအကြီးချဲ့ခြင်း၊ အသေးချဲ့ခြင်းတို့ဖြင့် အလုပ်လုပ်ရသောစနစ်ဖြစ်သည်။ ထို့ကြောင့် application ကိုသော်လည်းကောင်း၊ ဖိုင်ကိုသော်လည်းကောင်းတိုက်ရိုက်ဖွင့်ရန် မလိုအပ်ပါ။ မိမိအလုပ်လုပ်လိုသောအရာပေါ်တွင် အကြီးချဲ့ပြီးအလုပ်လုပ်သွားရန်သာဖြစ်သည်။ ယင်း cell များကို Solu ကွန်ပျူတာသုံးသည့် အခြားလူများနှင့် လွယ်ကူစွာ share နိုင်သည်။

ထိုသို့ shareသည့်အခါ တစ်ဖက်လူက cell ကို install လုပ်ရန်မလိုသလို version ကိုလည်းဂရုစိုက်ရန်မလိုပါ။ Solu ကွန်ပျူတာမှာကိုယ်ပိုင် application Library ရှိသည်။ ကွန်ပျူတာနှင့် အပြည့်အ၀ပေါင်းစပ်အလုပ်လုပ်နိုင်သော application များကို HTML 5 နည်းပညာဖြင့် ဖန်တီးရေးသားထားနိုင်သည်။ ဆော့ဖ်ဝဲရေးသူများအနေဖြင့် သူတို့၏ application များကိုအခြားသူများကအသုံးပြုလျှင် အခကြေးငွေရရှိသည်။ Solu ကွန်ပျူ၏ ထူးခြားချက်မှာAnddroid applicationများကိုပါ တွဲဖက်အသုံးပြုနိုင်ခြင်းဖြစ်သည်။

Solu ကွန်ပျူတာတွင်အသုံးပြုထားသော cell များကို Cluster များအဖြစ် တွဲချိတ်ထားသည်။ cell တစ်ခုသည် Project တစ်ခုဖြစ်နိုင်သလို social group တစ်ခုလည်းဖြစ်နိုင်သည်။ cell ကိုလက်ဖြင့်ဆွဲချဲ့ခြင်းဖြင့်မိမိ၏ project သို့မဟုတ် work environment ကို ကြည့်နိုင်သည်။သာမန်စားပွဲတင် ကွန်ပျူတာပေါ်မှာလို project များ၊ windows များတစ်ခုနှင့်တစ်ခုထပ်နေမည်မဟုတ်ပါ။ Culsterတစ်ခုကိုမိမိအလုပ်အတူ လုပ်ရာအဖွဲ့နှင့် share နိုင်သည်။ အလွန်သဘာဝကျသောနည်းလမ်းဖြင့်ပူးပေါင်း၍ လည်းအလုပ်လုပ်နိုင်ပါ သည်။ Solu ကွန်ပျူတာပျောက်သွားလျှင် ၀မ်းနည်းစရာမလို။ နောက်ထပ်တစ်လုံးဝယ်၍အစားထိုးပြီး မိနစ်ပိုင်းအတွင်းမှာပင် မူလကွန်ပျူတာမှာကဲ့သို့ ဆက်၍အလုပ်လုပ်နိုင်ပါမည်။

Solu သည်အိတ်ဆောင်ကွန်ပျူဖြစ်သော်လည်းယင်းကို external screen ကြီးကြီးဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။စားပွဲတင်ကွန်ပျူတာ၏အရသာအပြည့်အ၀ရလိုလျှင် ကီးဘုတ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ကွန်ပျူကို minimalistic desigin ဖြင့်ဖန်တီးထားသော်လည်း user interface မှာနားလည်လွယ်ပါသည်။ Solu ကွန်ပျူတာထဲတွင် built in ဘက်ထရီပါသည်။ ဘက်ထရီအင်အားမှာ 1200 mAhရှိသည်။ ပြင်ပ screen ကြီးနှင့်ချိတ်ဆက်အသုံးပြုသည့်အခါ USB type c port ဖြင့် ချိတ်ဆက်အသုံးပြုရပါသည်။ screenကြီးနှင့်ချိတ်ဆက်သုံးသည့်အခါ Solu ၏ screen သည် touch pad ဖစ်လာပြီးcontext specific control များနှင့်တစ်ဆင့်သာအသုံးပြုနိုင်ပါမည်။

Solu ကွန်ပျူတာသည် အရွယ်အစားသေးသော်လည်းသူ့ထဲက hardware ပိုင်းကိုလျှော့တွက်၍မရ။ CPU ပိုင်းတွင် quad-core ARM Cortext A 15 CPU ပါပြီး graphic ပိုင်းအတွက် NVIDIA Kepler GPU ကိုတွဲဖက်ပေးထားသည်။ RAM မှာ 4Gb DDR3 ဖစ်သည်။အတွင်းသိုလှောင်မှု 32Gb ပါသည့်အတွက် ယနေ့ခေတ် မင်မိုရီစတစ် ကွန်ပျူတာများနှင့် တန်းတူဖြစ်သည်။ ပြင်ပနှင့် ချိတ်ဆက်နိုင်စွမ်းအဖြစ် Dual-band သုံးနိုင်သော Wi-Fi 802.00 a/b/g/n ထည့်သွင်းပေးထားပါသည်။ Bluetooth 4.0 လည်းပါဝင်ပြီး USD ချိတ်ဆက်မှုမှာ type Cဖြစ်သည်။

Solu ကွန်ပျူတာကိုထုတ်လုပ်သူမှာဖင်လန်နိုင်ငံမှ ဖြစ်သည်။ အရင်းအနှီးနည်းပါးလှသောကုမ္ပဏီဖြစ်သဖြင့် မိမိထုတ်ကုန်များကိုတိုက်ရိုက်ထုတ်လုပ်နိုင်ခြင်းမရှိပါ။ ယခုအခါဈေးကွက်ရောင်းဈေး ၄၄၉ ယူရိုရှိသော Solu ကွန်ပျူတာကို ၂၉၉ ယူရိုဖြင့် Kickstarterအစီအစဉ်တွင် ဈေးဖွင့်ပြီးအရင်းအနှီးရှာခဲ့ရပါသည်။ ၂၄ နာရီမပြည့်မီအချိန်အတွင်းရန်ပုံငွေ ယူရိုနှစ်သိန်းစုမိခဲ့သည်။ ယခုအချိန်၌မူဒေသတွင်းမှ ရင်းနှီးမြှပ်နှံသူများ၏ထည့်ဝင်မှုကြောင့် ဒေါ်လာ ၁ . ၄သန်းဖြင့်အစပြုသောကုမ္ပဏီ ဖြစ်နေပါပြီ။

Solu ကွန်ပျူတာသည် Microsoft မှထုတ်သော ဆော့ဖ်ဝဲကြီးများ မသုံးနိုင်သလို Windows စနစ်တွင်းသုံး Third party ဆာ့ဖ်ဝဲကြီးများဖြင့် အလုပ်မလုပ်ပါ။ Google ၏ အွန်လိုင်းဝန်ဆောင်မှုများကို မသုံးနိုင်ပါ။ သို့သော် Solu OS ထဲတွင် document တစ်ခုကိုတစ်ချိန်တည်းတစ်ပြိုင်တည်းတွင် လူအများ ၀ိုင်းဝန်း၍ edit လုပ်နိုင်စေရန် ဆောင်ရွက်ပေးထားပါသည်။ လူတစ်ဦး Edit လုပ်ပြီးသမျှ document သည် ကျန်လူများတွင် အလိုလို sync လုပ်ပြီးဖြစ်ပါသည်။ လောလောဆယ်တွင် ဤကွန်ပျူသည် Android application ကိုသုံးနိုင်သော Mini PC များထက် အလုပ်လုပ်ပုံဆယ်ဆပို၍မြန်ပါသည်။ အသုံးပြုခအဖြစ် တစ်လလျှင် ဒေါ်လာ ၂၀ ပေးရသောအားနည်းချက်သာရှိပါသည်။ Solu ကွန်ပျူတာသည် စားပွဲတင် ကွန်ပျူတာလောကအတွက် game changer ဖစ်နိုင်ပါသလား။ ဖြစ်နိုင်ပါသည်ဟုပညာရှင်အချို့က ဆိုပါသည်။ ကျွန်မတို့ ဆက်၍စောင့်ကြည့်ရပါအုံးမည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com