တရုတ်နည်းပညာကုမ္ပဏီ Lenovo သည် Yoga Tablet 2 Pro နှင့် Yoga Tablet 2 တို့အားကြေညာခဲ့သည်ဟု ZD Net တွင်ဖော်ပြသည်။
Lenovo မှကြေညာခဲ့သည့်တက်ဘလက်နှစ်လုံးအနက် Yoga Tablet 2 Pro မှာ တန်းမြင့် Android တက်ဘလက် တစ်လုံးဖြစ်ပြီး Resolution 2,560 x 1,440 Pixels အရည်အသွေးရှိသည့် ၁၃ လက်မအရွယ် QHD မျက်နှာပြင်နှင့် အတူ မျက်နှာပြင်အကျယ် လက်မ၅၀ အထိပုံဖော်နိုင်မည့် Projector တို့ပါဝင်သည်။
Yoga Tablet 2 Pro ၏အတွင်းပိုင်းတွင် Intel Atom Processor နှင့် 64GB အထိ ထပ်မံတိုးချဲ့နိုင်မည့် 32GB Internal Storage တို့ပါဝင်ပြီး ကျောဘက်ကင်မရာမှာ 8MP ဖြစ်ကာ ပျမ်းမျှ ၁၅ နာရီကြာအသုံးပြုနိုင်မည့် ဘတ္ထရီပါဝင်မည် ဖြစ်သည်။
Yoga Tablet 2 မှာမူ Android နှင့် Windows ဟူ၍ OS ကွဲ Version နှစ်မျိုးဖြင့်ထုတ်လုပ်ထားသည့် တက်ဘလက်တစ်လုံးဖြစ်သည်။မျက်နှာပြင် အကျယ် ၈လက်မနှင့်၁၀ လက်မဟူ၍ မော်ဒယ် ကွဲနှစ်မျိုးဖြင့် ထွက်ပေါ်လာမည့် ယင်းတက်ဘလက်များ၏ အတွင်းပိုင်းတွင် Intel Atom Processors,2GB RAMနှင့် 32GB အထိထပ်မံတိုးချဲ့နိုင်မည့် 16GB Internal Memory တို့ပါဝင်သည်။ကင်မရာပိုင်းအနေဖြင့် ကျောဘက်တွင် Auto-Focus ပါဝင်သည့် 8MP ကင်မရာပါဝင်ပြီး မျက်နှာစာတွင် 1.6MP ကင်မရာပါဝင်ကာ ဘတ္ထရီမှာ တစ်ကြိမ်အားသွင်းထားပါက ၁၈ နာရီအထိအသုံးပြုနိုင်မည်ဟုဆိုသည်။
ထူးခြားချက်အနေဖြင့် Yoga Tablet 2 ၏Window Version တွင် Internal Memory မှာ 32GB အထိပါဝင်မည်ဖြစ်ပြီး Office 365 အားတစ်နှစ်တာ အခမဲ့သုံးစွဲခွင့်ရမည်ဖြစ်သလို Bluetooth Keyboard Cover လည်းပါဝင်မည်ဖြစ်သည်။
Lenovo အနေဖြင့် Yoga Tablet 2 Pro နှင့် Yoga Tablet 2 တို့အား အောက်တိုဘာလမှ စတင်ကာ Lenovo အွန်လိုင်းစတိုးများတွင် ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ Yoga Tablet 2 Pro အတွက် ၄၉၉ ဒေါ်လာ၊Yoga Tablet 2 Android Version တွင် ၈ လက်မမော်ဒယ်အတွက် ၂၄၉ ဒေါ်လာ၊၁၀ လက်မမော်ဒယ် အတွက် ၂၉၉ ဒေါ်လာ၊Windows Version တွင် ၈ လက်မမော်ဒယ်အတွက် ၂၉၉ ဒေါ်လာ၊၁၀ လက်မမော်ဒယ် အတွက် ၃၉၉ ဒေါ်လာ အသီးသီးကျသင့်မည်ဖြစ်ကြောင်း ဖော်ပြသည်။
စည်သူ
Ref: ZD Net