
အူရီးဒူးဆင်းမ်ကတ်များ ကို ဩဂုတ် ၁၅ ရက်မှစ၍ ကောင်း မွန်စွာ အသုံးပြုနိုင်မည်ဟု ပြောကြားထားသော်လည်း လက်ရှိ ရန်ကုန်မြို့၌ပင် ဖုန်းခေါ်ဆိုမှုခက်ခဲခြင်းနှင့် အချို့နေရာများတွင် လိုင်းမမိသည့် ပြသာနာများကြုံတွေ့နေရသေးကြောင်း မိုဘိုင်းဖုန်း အသုံးပြုသူများထံမှ သတင်းရရှိသည်။
‘‘အူရီးဒူးဖုန်းလိုင်းကောင်း၊ မကောင်းတော့ မသိဘူး။ အခု အချိန်ထိ လိုင်းက သိပ်မကောင်း လို့ ဖုန်းကိုကောင်းကောင်းမပြော ရသေးဘူး’’ဟု ရန်ကုန်မြို့နေ အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ တစ်ဦးက ပြောသည်။
အူရီးဒူးဆင်းမ်ကတ်များဖြင့် ဖုန်းခေါ်ဆိုရသည်မှာယခင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်အဆင်ပြေလာသော်လည်း လက်ရှိအချိန်ထိ အချို့ဧရိယာများတွင် လိုင်းပျောက်သွားသည့် ပြသာနာများကြုံတွေ့နေရသေးကြောင်း လူကြီးမင်းစီးပွားရေးလုပ်ငန်းစု မန်နေဂျင်း ဒါရိုက်တာ ဦးပြည်စိုးထွန်းက ပြောသည်။
‘‘အူရီးဒူးကတ်တွေက လိုင်းမိတဲ့နေရာတွေမှာဆိုရင်တော့ သုံးရတာ အဆင်ပြေပေမယ့် တချို့နေရာတွေမှာ တိုင်ပျောက် သွားတာ မျိုးတွေရှိနေတုန်းပဲ။ ရန်ကုန်ကွန်ရက်မှာသုံးရတာ သိပ် အဆင်မပြေသေးဘူးလို့လည်း သုံးတဲ့လူတွေဆီက ပြန်ကြားရ တယ်’’ဟု ဦးပြည်စိုးထွန်းက ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လက်ရှိတွင် ရန်ကုန်မြို့၏ မိုဘိုင်း ကွန်ရက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန် လိုအပ်ချက်များ ရှိ နေသေးသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တာဝါတိုင် ၂၀ ခန့်ကို အသစ်ထပ်မံတည်ဆောက်ခဲ့ပြီး ကွန်ရက်ပိုမိုကောင်း မွန်ရန်ဆောင်ရွက်လျက်ရှိကြောင်း အူရီးဒူးမြန်မာ၏အမှုဆောင်အရာရှိချုပ် Ross Cormack က ဆိုသည်။
‘‘ရန်ကုန်က ကွန်ရက်ကို ထပ်ပြီးကောင်းအောင်လုပ်ဖို့ အများကြီးလိုအပ်နေပါသေးတယ်။ သုံးစွဲသူတွေရဲ့ အကြံပေးမှုကြောင့် လိုနေသေးတယ်ဆိုတာကို သိရတဲ့အတွက် ကွန်ရက်ကို ပိုကောင်းအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်’’ဟု ၎င်းက ပြောသည်။
အူရီးဒူးဆင်းမ်ကတ်များ စတင်ရောင်းချသည့်အချိန်တွင် တန်းစီ၍ဝယ်ယူသည်အထိ ရောင်းအားကောင်းခဲ့သော်လည်း ဈေးကွက် မိတ်ဆက်မှုပြုလုပ်ပြီး ဩဂုတ် ၁၅ ရက် နောက်ပိုင်း တွင် သိသာစွာရောင်းအားတက်လာခြင်းမရှိဘဲ ပုံမှန်ဝယ်လိုအား သာရှိတော့ကြောင်း လသာမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်း ဆိုင်တစ်ဆိုင်မှ သိရသည်။