6/04/2014

♪ ဝန်ဆောင်မှုကောင်းမွန်သည့် မိုဘိုင်းဖုန်းဆိုင်များ ရှားပါးခြင်းကြောင့် သုံးစွဲသူများ ရွေးချယ်နိုင်ခွင့်နည်းပါး ♫


ပြည်တွင်း၌ ကျွမ်းကျင်မှုရှိပြီး ဝန်ဆောင်မှုကောင်းမွန်စွာ ပေးနိုင်သည့် မိုဘိုင်းဖုန်းဆိုင်များ ရှားပါးခြင်းကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ရွေးချယ်စရာနည်းပါးမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။     အထူးသဖြင့် ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားကြသည့် မိုဘိုင်းဖုန်းဆိုင်အများစုတွင် မိုဘိုင်းနည်းပညာရပ်များကို အပြည့်အဝ ကျွမ်းကျင်မှုရှိသည့် ဝန်ထမ်းများရှားပါးခြင်းကြောင့် အဆိုပါပြဿနာကို အဓိကကြုံတွေ့နေရခြင်းဖြစ်သည်ဟု မိုဘိုင်းဖုန်းသုံးစွဲသူများထံမှ သိရသည်။     “မိုဘိုင်းဖုန်းတစ်လုံး ပျက်စီးလို့ ပြုပြင်တဲ့အခါမှာ ဆိုင်အများစုက ဝန်ထမ်းတွေက ဒီပညာရပ်ပိုင်းမှာ ကျွမ်းကျင်မှုအားနည်းတာ တွေ့ရတယ်။ ဖုန်းတစ်လုံးရဲ့မျက်နှာပြင်ကွဲအက်သွားလို့ ပြန်ပြုပြင်တဲ့အခါ တခြားဘာအလုပ်မှမလုပ်နိုင်အောင် တစ်နေကုန်အချိန်ပေးရတာတွေရှိတယ်” ဟု မိုဘိုင်းဖုန်းအသုံးပြုသူ အမျိုးသမီးတစ်ဦးက သူမကြုံတွေ့ရသည့် အခက်အခဲနှင့်ပတ်သက်ပြီးပြောသည်။     ထို့အပြင် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော မိုဘိုင်းဖုန်းဆိုင်များ၏ ဝန်ဆောင်ခဈေးနှုန်းများနှင့် ရောင်းချသည့် ပစ္စည်းနှုန်းထားကွာဟချက်ကြီးမားမှုသည်လည်း အသုံးပြုသူများကို ရိုက်ခတ်မှုဖြစ်ပေါ်နေသည်ဟု သိရသည်။     “ဖုန်းမျက်နှာပြင်ကွဲလို့ အသစ်လဲချင်တာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာတစ်စုံတစ်ခုချို့ယွင်းလို့ပြုပြင်ချင်တာဖြစ်ဖြစ် ဈေးနှုန်းတွေကို စုံစမ်းလိုက်ရင် တစ်ဆိုင်နဲ့တစ်ဆိုင်ရဲ့ ဈေးကွာခြားချက်က သုံးသောင်းလည်းရှိတယ်။ ခြောက်သောင်းလောက်အထိလည်း ဖြစ်နေတယ်။ အဲ့ဒီလောက်ပမာဏအထိကွာခြားတော့ သုံးစွဲတဲ့သူက ဈေးများတာကိုပဲရွေးရမလား။ ဈေးနည်းတာကမကောင်းလို့လားဆိုပြီး ရွေးချယ်ရခက်တဲ့ အနေအထားတွေရှိနေတယ်” ဟု မိုဘိုင်းဖုန်းဆိုင်များ၏ ဈေးနှုန်းကွာခြားချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။     ယင်းကဲ့သို့ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းရောင်းချသည့်ဆိုင်များ၏ ကျွမ်းကျင်ဝန်ထမ်းရှားပါးခြင်း၊ ဈေးကွက်အတွင်း ဝန်ဆောင်ခနှုန်းထား ကွာဟချက်ကြီးမားခြင်းတို့အပြင် အချို့သောဆိုင်များသည် ၎င်းတို့ရောင်းချလိုက်သည့်ပစ္စည်းနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ တာဝန်ယူမှုမရှိခြင်းနှင့် လာရောက်ပြုပြင်သူများ၏ မိုဘိုင်းပစ္စည်းများထဲမှ မူလပစ္စည်းများကို လဲလှယ်ထားခြင်း အစရှိသည့် ပြဿနာများနှင့်လည်း သုံးစွဲသူများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။     “မိုဘိုင်းဖုန်းနည်းပညာနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ စနစ်တကျသင်တန်းပေးတာတွေ မရှိသလောက်ပါပဲ။ ဒါက ဖွင့်လှစ်တဲ့ ဆိုင်တွေပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ့်ဆီက ဝန်ထမ်းကို ဘယ်လိုသင်တန်းပေးပြီး ဝယ်သူတွေကို ဘယ်လိုဝန်ဆောင်မှုပေးမလဲဆိုတာကအစ လေ့ကျင့်ပေးဖို့လိုပါတယ်။ ရန်ကုန်မှာ ဖုန်းတစ်လုံးပြုပြင်ဖို့ ဆိုင်ပေါင်းများစွာဆီကို လျှောက်သွားနေရပြီး အချိန်တွေအများကြီးနဲ့ ဈေးတွေအများကြီး ပေးနေရတာကတော့ သုံးစွဲသူတွေအတွက် အဆင်မပြေဘူး” ဟု Apple အမှတ်တံဆိပ် နည်းပညာထုတ်ကုန်များကို သီးသန့်ရောင်းချနေသည့် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။     မိုဘိုင်းဖုန်းသုံးစွဲသူများ လာရောက်ပြုပြင်သော မိုဘိုင်းဖုန်းများအတွင်းမှ မူလပါရှိသည့် ဆက်စပ်ပစ္စည်းများကိုထုတ်ယူ၍ အခြားပစ္စည်းများဖြင့်လဲလှယ်ထားသည့် ဆိုင်အချို့ကြောင့် ယင်းကဲ့သို့အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသူများလည်း စိတ်ပျက်လျှက်ရှိကြောင်း သိရသည်။     “iPhone 4S ကိုသွားပြင်တာ။ ပြင်လို့မရဘူးဆိုပြီးပြန်ပေးတယ်။ Apple ပစ္စည်းတွေ ချည်းရောင်းတဲ့ဆိုင်ကို သွားပြတော့ အထဲကမူလပစ္စည်းတစ်ခုကို ဖြုတ်ပြီးလဲထားတယ်။ ဒီလိုလုပ်တဲ့ဆိုင်အနည်းစုကြောင့် တခြားဆိုင်တွေရဲ့လုပ်ငန်းတွေပါ ထိခိုက်နိုင်ပါတယ်။ ဝယ်ယူသူဆီက ယုံကြည်မှုကိုမရရင် ရေရှည်သွားလို့မရနိုင်ဘူး” ဟု ပုဂ္ဂလိကဘဏ် လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ မသဉ္ဇာလွင်က ပြောသည်။     ပြည်ပဆက်သွယ်ရေး အော်ပရေတာများကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာသည့် ပြည်တွင်းမိုဘိုင်းစီးပွားရေး ဈေးကွက်တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းရောင်းချသည့် လုပ်ငန်းများ အများအပြား ထပ်မံပေါ်ထွက်လာသည်။ ထို့ကြောင့် အနာဂတ် မိုဘိုင်းစီးပွားရေးဈေးကွက်တွင် ဝန်ဆောင်မှုကောင်းမွန်သည့် လုပ်ငန်းများသာ ရေရှည်ရပ်တည်လာနိုင်မည်ဟု ယခုလက်ရှိ အဆိုပါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူအချို့က သုံးသပ်ပြောကြားသည်။

ယုဇနကိုကို

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>