ရန်ကုန်၊ မြန်မာနိုင်ငံ၊ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ် – ကမ္ဘောဇအုပ်စုကုမ္ပဏီကြီး၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော KBZ Gateway ကုမ္ပဏီလီမိတက်သည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကာ အနာဂတ်၏ အိုင်တီပညာရှင်များဖြစ်မည့် ကျောင်းသားကျောင်းသူ များ အတွက် လုပ်ငန်းခွင်အကြိုသင်တန်းတစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါသည်။

KBZ Gateway ၏ HR ဌာနမှတာဝန်ရှိဝန်ထမ်းများသည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်သို့ ယမန်နေ့က သွားရောက်ကာ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြိုသင်တန်းအတွက် ကျောင်းသား ကျောင်းသူများကို အင်တာဗျူးရွေးချယ်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားကျောင်းသူများ လုပ်ငန်းခွင်မတိုင်မီ KBZ Gateway မှ ကျွမ်းကျင်ဝန်ထမ်းများနှင့် ထိတွေ့စေပြီး တကယ့်လုပ်ငန်းခွင်အတွက် လိုအပ်သည်များကို ပိုမိုကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဖြစ်ပါသည်။
KBZ Gateway ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနိုင်ထွန်းကျော်သည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ တောက်ပသော အနာဂတ်များအတွက် အကျိုးရှိစေမည့် KBZ Gateway ၏ လုပ်ငန်းများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

“မြန်မာနိုင်ငံရဲ့ အိုင်တီကဏ္ဍဟာ လျင်မြန်စွာ ကြီးထွားလျက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားလူငယ်များနဲ့ နီးကပ်စွာ ထိတွေ့ဆက်ဆံပြီး တိုင်းပြည်ရဲ့လာမယ့်အနာဂတ်အတွက်  ပြင်ဆင်စရာများကို ကြိုတင်ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကျောင်းသားလူငယ်များရဲ့ လက်ထဲမှာပဲရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ KBZ Gateway ဟာ ဒီကျောင်းသားလေးတွေအတွက် သူတို့ကျွမ်းကျင်မှုတွေကို ပိုမိုထက်မြက်လာအောင် မြင့်တင်ပေးနိုင်မည့်၊ ဒစ်ဂျစ်တယ်နည်းပညာရပ်ဆိုင်ရာများနဲ့ ပေါင်းကူးတံတားသဖွယ် ဆောင်ကျဉ်းပေးနိုင်တဲ့ နေရာကောင်းတစ်ရပ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါသည်။

KBZ Gateway သည် အဆိုပါလုပ်ငန်းခွင်အကြိုသင်တန်းများကို နိုဝင်ဘာလတွင် တစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ်၊ စုစုပေါင်း တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အိုင်တီအခြေခံအဆောက် အအုံပိုင်းဆိုင်ရာတွင်သာမက လက်ရှိနှင့်အနာဂတ်မြန်မာနိုင်ငံ၏ အိုင်တီကျွမ်းကျင်ပညာရှင်များအတွက် လိုအပ် သော ကျွမ်းကျင်မှုများအတွက်ပါ ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ပါသည်။

“ကျွန်တော်တို့ဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူများနဲ့ နီးကပ်စွာ အလုပ်အတူတွဲလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါမှလည်း အနာဂတ်ရဲ့ နည်းပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ခေါင်းဆောင်ဖြစ်လာမယ့် ကျောင်းသားလူငယ်များရဲ့ စွမ်းဆောင်ရည်တွေ ပိုမိုမြင့်မားလာစေဖို့ဆိုတာ ကျွန်တော်တို့ KBZ Gateway ရဲ့ အဓိကဦးစားပေးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်” ဟု KBZ Gateway ၏ အမှုဆောင်အရာရှိချုပ် Stephane Lamoureux က ဆိုခဲ့ပါသည်။

ယခုဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြိုသင်တန်း အောင်မြင်စွာပြီးဆုံးသွားသည့်အခါ KBZ Gateway သည် ၂၀၁၇ ခုနှစ် ဒုတိယလေးလပတ်တွင် ဒုတိယအကြိမ်သင်တန်းကို ဆက်လက်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများ ကို ယခုထက် ပိုမိုခေါ်ယူသွားမည်ဖြစ်ပါသည်။
“ယခုလုပ်ငန်ခွင်အကြိုသင်တန်းဖွင့်လှစ်ခြင်းဟာ KBZ Gateway ရဲ့ လုပ်ငန်းခွင်များအတွက် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနှင့် ၀န်ထမ်းကောင်းများ ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်များထဲမှ ပထမဦးဆုံးခြေလှမ်းပဲဖြစ်ပါတယ်”

KBZ Gateway ကုမ္ပဏီိအကြောင်းအရာ
KBZ Gateway ကုမ္ပဏီလီမိတက်ကို ကမ္ဘောဇလုပ်ငန်းစု၏ နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုများအား ကျယ်ပြန့်စွာတိုးချဲ့ ရန်နှင့် မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ် ဆက်သွယ်ရေး     ကဏ္ဍအား ချိတ်ဆက်ပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းနယ်ပယ်များနှင့်နိုင်ငံတော်အတွက်ကူညီ ပံ့ပိုးပေးနေမှုအားအရှိန်အဟုန် မြှင့်တင်ရန်အတွက်တည် ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီ၏ ရည်ရွယ်ချက်များမှာ ၀န်ဆောင်မှုပေးနေသူများအား ထပ်ဆင့် ၀န်ဆောင်မှုပေးရန်၊ KBZ၏လုပ်ငန်း မိတ်ဖက်များအတွက် ၄င်းတို့၏ ၀န်ဆောင်မှု အရည်အသွေးတိုးတက် အောင် မြှင့်တင်ရာတွင်အထောက်အကူပေးသူအဖြစ် ရပ်တည်ပေးရန်နှင့် လူထုအတွက် ရွေးချယ်အသုံးပြုခွင့် ပိုမိုများပြားလာစေရန်ဖြစ်ပါသည်။

KBZ Gateway ၏ အကျိုးတူလုပ်ငန်းမိတ်ဖက်များအတွက် မျိုးဆက်သစ်ဖြစ်သည့် Jupiter system VSAT  နည်းပညာ၊မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအတွက် အဆောက်အဦ အမိုးပေါ်တင်အင်တင်နာ၊ ဆက်သွယ်ရေးလုပ်ငန်းများအတွက် (POP)များ၊ Oracle နှင့် Gold partner လုပ်ငန်းမှ ပရော်ဖက်ရှင်နယ် ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းကျယ်ပြန့်စွာ ချိတ်ဆက်ထားသော ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများကို ပေးလျက် ရှိပါသည်။ စီးပွားရေးလုပ်ငန်းများနှင့် မြန်ပြည်တစ်ဝှမ်းရှိ သုံးစွဲသူပြည်သူများအား ဒေတာဝန် ဆောင်မှုများပေးရန်အတွက် ပဲခူးမြို့တွင် အဆင့်မြင့်ခေတ်မီဂြိုဟ်တု ဆက်သွယ်ရေးမြေပြင်ထိန်းချုပ်ရေး စခန်းသစ် တစ်ခုအားတည်ဆောက်ထားပြီး VSAT ဆက်သွယ်ရေး စနစ်ပံ့ပိုးပေးသူအဖြစ် KBZ Gateway မှဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။