3/02/2016

♪ Selfie ဘုရင်ဖုန်းလို့ ကြော်ငြာထားတဲ့ Oppo F1 ဖုန်းကို လေ့လာသုံးသပ်ကြည့်ခြင်း (Review) ♫


Seflie ဟာ နေ့စဉ်သုံးစကားလုံးတစ်ခုလိုဖြစ်လာပြီး ကြီး၊ငယ်၊ကျား၊မ မရွေး Selfie ရိုက်ကူးရတာကို နှစ်သက်ကြတဲ့ခေတ်ကြီးမှာ ဖုန်းတွေရဲ့ ရှေ့ကင်မရာဟာ အရန်ကင်မရာ (secondary camera) တစ်လုံး သက်သက်သာ မဟုတ်တော့ပါဘူး။ ဖုန်းထုတ်လုပ်သူတွေဟာ ရှေ့ကင်မရာကို ဦးစားပေးမြှင့်တင်ထားတဲ့ ဖုန်းတွေကို အပြိုင်အဆိုင်ထုတ်လုပ်နေကြပြီး၊ တရုတ်မိုဘိုင်းဖုန်းထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Oppo ဟာလည်း Selfie ရိုက်ကူးမှုကိုအဓိကထားထားတဲ့ F1 ဖုန်းကို မကြာသေးမီက ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
Oppo F1 ဖုန်းဟာ ဘယ်လိုစွမ်းဆောင်ရည်တွေရှိလဲ၊ ဘာဟာ့ဒ်ဝဲတွေသုံးထားသလဲ ဆိုတာကို လေ့လာသုံးသပ်ကြည့်ရအောင်။
ဒီဇိုင်းပိုင်း
Oppo F1 ဖုန်းဟာ Oppo ရဲ့ R7၊ R7 Lite ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းကွာခြားချက်သိပ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ သတ္တုစပ်နဲ့ ဖုန်းကိုယ်ထည်ကိုပြုလုပ်ထားပြီး၊ လေးထောင့်ပုံစံ ကျောကင်မရာကို ဖုန်းထိပ်ဆုံးနားမှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ဘယ်ဘက်မှာ အသံအတိုးအကျယ်ခလုတ်ရှိပြီး၊ ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ SIM ကတ်ကော microSD ကတ်ပါ ထိုးနိုင်တဲ့ နှစ်မျိုးသုံး (hybrid slot) အပေါက်ပါရှိပါတယ်။ အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်က သက်သက်စီမှာရှိတာကြောင့် ခလုတ်မှားနှိပ်တာမျိုး ရှိနိုင်မှာမဟုတ်ပါဘူး။ ဖုန်းထိပ်မှာတော့ သာမန် 3.5mm နားကြပ်ပေါက်ပါဝင်ပြီး၊ ဖုန်းအောက်ဘက်မှာ microUSB အပေါက်ပါဝင်ပါတယ်။
Oppo-F1-official
ဖန်သားပြင်ရုပ်ထွက်ပိုင်း
Oppo F1 ဖုန်းဈေးနဲ့ တခြားဖုန်းတစ်မျိုးမျိုးဝယ်ရင် fullHD မျက်နှာပြင်မျိုးရရှိနိုင်ပေမယ့် ဒီဖုန်းမှာတော့ 720X1280 pixels ရုပ်ထွက်သာ ရှိပါတယ်။ Gorilla Glass 4 ဖန်သားပြင်အသုံးပြုထားတဲ့ ငါးလက်မအရွယ် မျက်နှာပြင်ပဲရှိတာကြောင့် ဖုန်းကြီးကြီးကိုင်ချင်သူတွေအတွက်တော့ စိတ်ကျေနပ်စရာ ရှိမှာမဟုတ်ပါဘူး။
Capture2
ဘက်ထရီသက်တမ်း
2500mAH ဘက်ထရီအသေ အသုံးပြုထားပြီး၊ အလယ်အလတ်တန်းစားဖုန်းအနေနဲ့ ကောင်းတယ်လို့ ဆိုရမှာပါ။ 2320 mAh ဘက်ထရီသုံးထားတဲ့ R7 နဲ့ R7 lite တို့ထက် ဘက်ထရီသက်တမ်းပိုများပါတယ်။ SIM နှစ်ကတ်ထိုးထားတဲ့အချိန်မှာ၊ ၅၆ နာရီဘက်ထရီခံပြီး၊ ဖုန်းပြောချိန် ၁၃ နာရီနီးပါးလောက် ခံပါတယ်။ ဘက်ထရီအသေဖြစ်တာကြောင့် ဖြုတ်တပ်လို့တော့ ရမှာမဟုတ်ပါဘူး။
Oppo
ဆော့ဖ်ဝဲအသုံးပြုထားမှုအပိုင်း
F1 ဟာ Android Lollipop စနစ်ကို အခြေခံထားတဲ့ ကုမ္ပဏီရဲ့ Color OS ကိုအသုံးပြုထားပါတယ်။ KitKat ကို အခြေခံအသုံးပြုထားတဲ့ Oppo R7 ထက် ပိုအဆင့်မြင့်ပေမယ့်လည်း ကုမ္ပဏီရဲ့သီးသန့် OS ကို သုံးထားတာကြောင့် တစ်ချို့ app တွေမှာ error လေးတွေ နည်းနည်းရှိနိုင်ပါတယ်။ ColorOS ရဲ့ အားသာချက်ကတော့ gestures လက်အမူအရာနဲ့ထိန်းချုပ်မှု အမြောက်အများကို support လုပ်ပေးနိုင်ခြင်းပါ။ ဖုန်းဖန်သားပြင်ကို နှစ်ချက်ပုတ်လိုက်တာနဲ့ ပွင့်လာတာ၊ပိတ်သွားတာစတာတွေအပြင် ကိုယ့်စိတ်ကြိုက် gesture တွေကိုလည်း ရွေးချယ်ပေးထားနိုင်ပါတယ်။
gsmarena_004
ဖုန်းစွမ်းဆောင်ရည်
Oppo F1 ဟာ 1.2 GHz octa-core Snapdragon 616 ပရိုဆက်ဆာ၊ RAM 3GB ၊ ဖုန်းတွင်းဒေတာသိုလှောင်နိုင်မှု 16 GB တို့ ပါဝင်ပြီး 128 GB အထိရှိတဲ့ microSD ကတ် ထပ်စိုက်နိုင်ပါတယ်။ စွမ်းဆောင်ရည်ကတော့ အပြစ်ပြောစရာမရှိသလောက်ဆိုပေမယ့် ColorOS browser နဲ့ပဲ အင်တာနက်သုံးကြည့်ရာမှာ အဆင်မပြေတာလေးတွေရှိပါတယ်။ ဒါပေမယ့်လည်း Google Chrome browser ပါဝင်နေတာကြောင့် ဒါကလည်း အရေးမကြီးပါဘူး။
ကင်မရာပိုင်း
Selfie Expert ‘Selfie ဘုရင်’ ဖုန်းလို့ ကြွေးကြော်ထားတဲ့ Oppo F1 ဟာ 13 MP ကျောကင်မရာပါဝင်ပြီး၊ အလိုအလျောက်ဆုံချက်ချိန်တာ၊ ကင်မရာချိန်ညှိမှုအများအပြားပါဝင်တာကို တွေ့ရပါတယ်။ 8 megapixel ရှေ့ ကင်မရာက Selfie ဘုရင်ရဲ့ အဓိကကြေငြာထားတဲ့ကင်မရာတစ်ခုဖြစ်ပြီး၊ အလင်းရောင်သိပ်မရချိန်မှာ Selfie ရိုက်ကူးဖို့အတွက် screen flash ပါဝင်ပါတယ်။ Screen Flash ဆိုတာဟာ ဖုန်းဖန်သားပြင်တစ်ခုလုံး လင်းလာပြီး ဖလက်ရှ်မီးတစ်လုံးလို လုပ်ဆောင်ပေးတာပါ။ အလွယ်တကူကင်မရာရိုက်ကူးနိုင်ဖို့အတွက် အသံနဲ့ စေခိုင်းရိုက်ကူးစနစ်လည်းပါဝင်တာကို တွေ့ရပါတယ်။ ကင်မရာပိုင်းကတော့ ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။
gsmarena_002
အဆုံးသတ်သုံးသပ်ချက်
Oppo F1 ဟာ ဈေးနှုန်း ၂၉၉၀၀၀ ရှိပြီး အလယ်အလတ်ဖုန်းတွေထဲမှာတော့ ဈေးအတန်ငယ် များနေပါသေးတယ်။ Hybrid Dual SIM အပေါက်ကိုသုံးထားတာကြောင့် SD ကတ် စိုက်ထားရင် SIM ကတ်တစ်ကတ်ပဲ သုံးနိုင်ပြီး၊ SIM နှစ်ကတ်ထိုးချင်ရင်တော့ SD ကတ်ကို ဖြုတ်မှ ရပါတယ်။ အတွင်းပိုင်းမမ်မိုရီက 16 GB သာ ပါဝင်တာကြောင့် Selfie များများရိုက်သူ၊ သီချင်းတွေအများကြီးထည့်ထားသူ တွေအနေနဲ့ SD ကတ် စိုက်ကိုစိုက်ရမှ ကောင်းမှာကြောင့် SIM တစ်ကတ်ပဲ သုံးရဖို့များပါတယ်။
ဒီ့အပြင် Oppo ရဲ့ VOOC အားအမြန်သွင်းနည်းပညာက F1 ဖုန်းမှာမပါလာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း 4G ချိတ်ဆက်နိုင်တာ၊ 1080p ရှိတဲ့ဗီဒီယိုတွေကို ရှေ့ကင်မရာနဲ့တင် ရိုက်ကူးနိုင်တာတို့ကတော့ မိုက်ပါတယ်။ ဒါပေမယ့် သုံးသိန်းနဲ့ဆို Xiaomi တို့ Meizu တို့ထဲက ကင်မရာပိုင်းကလွဲလို့ ဒီထက်ကောင်းတဲ့စွမ်းဆောင်ရည်နဲ့ ရုပ်ထွက်resolution ပိုမြင့်တဲ့ဖုန်းတွေ ၀ယ်နိုင်ပါတယ်။
Ref: GSM Arena , Deccan Chronicle

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com