1/18/2016

♪ “ ဦးနှောက်စွမ်းရည်တက်စေမယ့် Application တွေ “ ♫


ပြက္ခဒိန်စာရွက်တွေ ပြောင်းသွားခဲ့ပြန်ပြီပေါ့။ သက္ကရာဇ်စစ်တမ်းမှာ ဂဏန်းတစ်လုံးတိုးလာတယ်။ အသက်တစ်နှစ်ကြီးလာပြီဆိုတာ သတိပေးနေသလိုပါပဲ။ အသက်ကြီးလာလေလေကာယစွမ်းအားက ကျဆင်းလာလေလေ။ စိတ်သွားတိုင်းကိုယ်မပါဆိုတာ ဒါမျိုးထင်ပါရဲ့။ ပြက္ခဒိန် သက်တမ်းတစ်နှစ်တိုးလာတိုင်း ဇီဝရုပ်ကြီးက တစ်နှစ်ပိုပြီး အိုသွားသလား။
သည်လိုတော့ ညီမျှကိန်းချလို့ မရပြန်ဘူးခင်ဗျ။ ရုပ်ရှင်မင်းသားစိုးသူကိုကြည့်။ အသက်က ငါးဆယ်ကျော်ပြီ။ ရုပ်က အသက်လေးဆယ်အောက်လို့ထင်ရအောင် နုပျိုတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က ကျန်းမာရေးမကောင်းတဲ့လူတစ်ချို့ကိုကြည့်တော့ အသက်က လေးဆယ်ဝန်းကျင်လို့ပြောတယ်။ ရုပ်ကြီးက ခြောက်ဆယ်ကျော် ရုပ်ကြီး။ နေတတ်သလိုနေပြီး ကျန်းမာရေးကိုလည်း လမ်းဘေးသစ်ပင်လိုပစ်ထားရင် ထိုက်သင့်တဲ့အသီးအပွင့်ကို ခံစားရမှာမဟုတ်ဘူး။
ဒါကြောင့် လူအိုလေရုပ်အိုလေမဖြစ်ရအောင် တတ်နိုင်သမျှလှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေဖို့ လိုပါတယ်။ ကိုယ်ကာယပိုင်းလှုပ်ရှားတက်ကြွတင်ပဲလား။ မဟုတ်ပေါင်။ ဦးနှောက်ပိုင်းဆိုင်ရာလုပ်ငန်းတွေတက်ကြွသန်စွမ်းနေအောင် လုပ်ပေးဖို့လည်းလိုပါတယ်။ ဦးနှောက်စွမ်းအားတွေကျဆင်းလာလို့ ကျွန်တော်တို့တစ်တွေ တစ်နေ့တစ်ခြားမေ့တတ်လာတာက အထင်အရှားပါ။ ပညာရှင်တွေအပြောက ဦးနှောက်ကြီးအိုလာတာနဲ့ grey matter လည်းအိုလာပါသတဲ့။ အဲဒီ grey matter ကြီးကိုစိန်ခေါ်တဲ့အလုပ်တွေ မပြတ်တမ်းခိုင်းပေးမှ ဦးနှောက်ပိုင်းဆိုင်ရာ ဖျတ်လတ်တက်ကြွမှုတွေ ယိုယွင်းပြိုဆင်းပြီး မသွားမှာပါတဲ့။

Grey matter လို့ ခေါ်တဲ့ဦးနှောက်အာရုံကြောဆိုင်ရာဝေါဟာရကြီးနဲ့ ဖိလို့ ကြောက်မသွားပါနဲ့။ ယေဘူယျသဘောပြောရရင် အာရုံကြောအဖွဲ့အစည်းကြီးရဲ့ အရေးပါတဲ့နေရာကို ပုံမှန်လေ့ကျင့်မှုတွေ လုပ်ပေးသင့်တယ်လို့ဆိုလိုတဲ့ သဘောပါ။ ကွန်ပျူတာဂိမ်းတွေကစားတာက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်မျိုးလား၊ ဆေးပညာရှင်တွေကိုယ်တိုင်တောင် ဒါကို ယတိပြတ် အဆုံးအဖြတ်မပေးနိုင်သေးပါဘူး။ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေမှာပဲရှိပါတယ်။

ကွန်ပျူတာဂိမ်းတွေကစားရင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ အကျိုးကျေးဇူးတစ်ချို့တော့ရနိုင်ပါသတဲ့။ ဒီဂိမ်းတွေကြောင့် အိုင်ကျူလို့ခေါ်တဲ့ ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး dementia ဆိုတဲ့ မှတ်ဉာဏ်ကျဆင်းမှုရောဂါကို ကာကွယ်နိုင်ပါမတဲ့။ ဒါကလည်း ပညာရှင်တွေပြောတာကနည်းနည်း၊ ဂိမ်းထုတ်တဲ့ကုမ္ပဏီတွေ ချဲ့ကားပြောတာက များများ။ ဂိမ်းဈေးကွက်ကြီးက လောလောဆယ်မှာတင် ဒေါ်လာသန်းထောင်ချီရှိတာ။ ဦးနှောက်စွမ်းရည်တက်ချင်လို့ထပ်ဝင်လာမယ့် ဂိမ်းကစားသမားကြီးတွေရရင် ပွဲကပြတ်ပြီ။

ဒါပေမဲ့ အခုနှစ်ထဲမှာထွက်တဲ့ အထောက်အထားတွေအရ ဂိမ်းကစားတဲ့အလုပ်ဟာ လူကြီးပိုင်းတွေအတွက် တကယ်ပဲကောင်းတယ်ဆိုတာတွေ့လာရပါတယ်။ အဲလ်ဇိုင်းမားရောဂါအဖွဲ့ကရန်ပုံငွေထောက်ပံ့ပြီးလုပ်တဲ့ သုတေသနအလုပ်တစ်ခုကို လန်ဒန်မြို့ ကင်းကောလိပ်က စိတ်ပညာသုတေသီတွေအကူအညီနဲ့ လုပ်ခဲ့ပါတယ်။ ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်သလို ဆောင်ရွက်ပေးနိုင်စွမ်းရှိတဲ့ဂိမ်းတွေဟာ လူကြီးပိုင်းတွေ မှာ နိစ္စဓူဝလုပ်ငန်းဆောင်တာ ပုံမှန်ဆောင်ရွက်နိုင်ရေးမှာ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေရတယ် ဆိုတာ တွေ့ရပါတယ်။

အဲဒီသုတေသနမှာ အသက်ငါးဆယ်အထက် အစမ်းသပ်ခံပုဂ္ဂိုလ် ၇၀၀၀ လောက်ပါဝင်ခဲ့ပါတယ်။ သုတေသနရဲ့ရည်ရွယ်ချက်က ကွန်ပျူတာကိုအခြေပြုပြီး ဦးနှောက်ကိုလေ့ကျင့်ပေးတဲ့အလုပ်ဟာ သက်ကြီးပိုင်းပုဂ္ဂိုလ်တွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်မှုကို ဘယ်လောက်ထိ အကျိုးသက်ရောက်တယ်ဆိုတာ သိစေဖို့ဖြစ်ပါယ်။ အသေးစိတ်ရလဒ်တွေကိုအဲလ်ဇိုင်းမားရောဂါအဖွဲ့၏ Website ဖြစ်တဲ့ www.snipca.com/18763 မှာ လေ့လာနိုင်ပါတယ်။ သုတေသနရဲ့ ခိုင်မာတဲ့အထောက်ထားတွေအရ ဦးနှောက်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး application ငါးမျိုးပေါ်လာပါတယ်။ စိတ်မကောင်းစရာက အဲဒီ application တွေဟာ တစ်စိတ်တစ်ပိုင်းသာအခမဲ့သုံးလို့ရပြီး အပြည့်အစုံသုံးချင်ရင် ပိုက်ဆံပေးပြီး သုံးရမယ့်ကိစ္စပါ။ ပိုက်ဆံပေးသုံးရင် ဂိမ်းတွေကစားလို့ရမယ့်အပြင် application ထဲမှာ Level အသစ်တွေတက်ပြီး ကစားနိုင်ပါတယ်။ အဲဒီ application ငါးမျိုးရဲ့စွမ်းဆောင်ရည်ကို ဒီလိုတွေ့ရပါမယ်။

(1) Lumosity
Android နဲ့ iOS နှစ်မျိုးစလုံးမှာ သုံးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပြီး Android အတွက် application ကို www.snipca/18764 မှာ download ဆွဲနိုင်ပါတယ်။ iOS အတွက် application ကို www.snipca.com/18765 မှာ download ဆွဲနိုင်တယ်။ ဦးနှောက်စွမ်းရည်ထက်မြက်အောင် လေ့ကျင့်ပေးတဲ့ application ကို လောလောဆယ်သုံးတဲ့ လူပေါင်း သန်း ၇၀ လောက်ရှိပါတယ်။

ဒီ application လူသိများပြီး အောင်မြင်ရတဲ့အကြောင်းက သူ့အထဲမှာပါတဲ့ဂိမ်းတွေကစားပြီး မိနစ်နည်းနည်းကြာတာနဲ့အကျိုးသက်ရောက်မှုရှိလို့ဖြစ်ပါတယ်။ ဂိမ်းက ဦးနှောက်ကို အတော်တွန်းတွန်းတိုက်တိုက်ခိုင်းပါတယ်။ ပြဿနာဖြေရှင်းတဲ့စွမ်းရည်ကို စစ်ဆေးတဲ့အပြင် မှတ်သားထားတာတွေကို ပြန်ပြီး အစဖော်ရတဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ရပါတယ်။ နေ့စဉ်အိမ်မှာလုပ်တဲ့အိမ်တွင်းအလုပ်တွေလောက်တော့ မလွယ်ပါဘူးပေါ့ဗျာ။ application တွေမှာပါတဲ့ ဂိမ်းလေးတွေက တိုပါတယ်။ များသောအားဖြင့် စက္ကန့်သုံးဆယ်လောက်ကစားရင်ပြီးတယ်။ ဂျာနယ်တွေထဲက ဆူဒိုခုအကွက်တွေဖြည့်ဖို့ စဉ်းစားချိန်အများကြီးရပါသေးတယ်။

(2) Elevate
Android နဲ့ iOS နှစ်မျိုးစလုံးမှာသုံးနိုင်ပြီး Android အတွက် application ကို www.snipca.com/18768 ကနေ download ချနိုင်ပါတယ်။ iOS အတွက်ကိုတော့ www.snipca.com/18769 ကနေ ရနိုင်ပါတယ်။ ဒီ application ကို ပြီးခဲ့တဲ့နှစ်က ပွဲထုတ်ခဲ့တာမှာ ငါးလကြာပြီးတဲ့နောက် သုံးစွဲသူ ငါးသန်းကျော်အထိရှိလာပါတယ်။ Apple ဘက်ခြမ်းမှာ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး iPhone app တွေထဲကတစ်ခုအဖြစ် သတ်မှတ်တာခံရပါတယ်။
ဒီ application ထဲမှာပါတဲ့ဂိမ်းတွေက ဖတ်/ပြော/ရေး/နားထောင်ဆိုတဲ့ ဘာသာစကားဆိုင်ရာကျွမ်းကျင်မှု အရည်အသွေးလေးမျိုးကို ပျိုးထောင်ပေးပါတယ်။ သူ့ကိုသုံးပြီးကိုယ်ရဲ့ အင်္ဂလိပ်ဘာသာသဒ္ဒါကို စစ်ကြည့်နိုင်တယ်။ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝအောင်လည်း လုပ်နိုင်တယ်။ application ရေးတဲ့ Jesse Pickard က သူ့ application ဟာ လူတစ်ယောက်ကို ပိုပြီးကျွမ်းကျင်မှုအရည်အသွေးမြင့်လာအောင်လုပ်ပေးဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

(3) Neuro Nation
Android အတွက် Application ကို www.snipca.com/18775 ကနေ download ချနိုင်ပြီး iOS အတွက် application ကို www.snipca.com/18776 ကနေ download ချနိုင်ပါတယ်။ ဒီ app ထဲမှာပါတဲ့ဂိမ်းတွေဟာ သိပ္ပံဆန်တဲ့ဂိမ်းတွေဖြစ်ပါတယ်။ အိုင်ကျူစမ်းသပ်တဲ့ မင်ဆာဉာဏ်စမ်းပုစ္ဆာတွေနဲ့လည်းတူတယ်။
ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းရင်း ဉာဏ်ရည်ပိုပြီး ထက်မြက်လာပါမယ်။ ဉာဏ်ရည်ထက်မြက်လာတဲ့ကိစ္စဟာ ပုစ္ဆာတွေကိုပြေလည်အောင်ရှင်းနိုင်တာ၊ မရှင်းနိုင်တာနဲ့ တိုက်ဆိုင်မပတ်သတ်ပါဘူး။ ၂၀၀၇ ခုနှစ်ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးလူသား Gunther Karsten က ဒီလိုထိရောက်ပြီး သေသေချာချာလေ့ကျင့်ပေးနိုင်တဲ့ application မရှိဘူးလို့ ချီးကျူးထားပါတယ်။

(4) Peak
Anidroid အတွက် application ကို www.snipca.com/18773 ကရနိုင်ပြီး iOS အတွက် application ကို www.snipca.com/18774 ကနေရနိုင်ပါတယ်။ application ထဲကဂိမ်းတွေကစားရင်းမှတ်ဉာဏ်ရင့်သန်လာနိုင်တယ်။ အာရုံစူးစိုက်မှုအားကောင်းလာနိုင်တယ်။ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေသွက်လက်လာနိုင်တယ်။ application ကိုသုံးရင်း ကိုယ့်ဦးနှောက်ဉာဏ်ရည်ဟာ ဘယ်နေရာမှာထူးချွန်တယ်ဆိုတာ သိလာနိုင်တယ်။ လူတွေရဲ့ ဘာသာစကားဆိုင်ရာစွမ်းရည်တွေဟာ များသောအားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့နယ်ပယ်တစ်ခုခုကိုအာရုံထားပြီးကြိုးစားရင် ပိုကောင်းလာနိုင်ပါတယ်။ အဲဒီအလုပ်ကို Peak က လုပ်ပေးနိုင်ပါတယ်။

(5) Happify
Android မှာကော iOSမှာပါသုံးနိုင်ပါတယ်။ ဦးနှောက်ကိုအနားပေးပြီး စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်တာက ဒီ application ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ပျော်ရွှင်မှုကိုခံစားရလေလေ ဘ၀ဟာ ပိုပြီးနေပျော်လေလေဖြစ်ပါမယ်။ အဲဒီလိုဖြစ်လာရင် ခန္ဓာကိုယ်ကျန်းမာရေးအားကောင်းသလို စိတ်ကျန်းမာရေးလည်း ပိုကောင်းလာနိုင်ပါတယ်။ ဒီ application သုံးစွဲသူအားလုံးရဲ့ ၈၆ ရာခိုင်နှုန်းဟာ နှစ်လအတွင်း ပျော်ရွှင်မှုခံစားရပြီး စိတ်စွမ်းအားတွေကိုပိုကောင်းလာတယ်လို့ ဆိုပါတယ်။
နောင်စိုး (ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com