1/11/2016

♪ " Mobile Fingerprint Sensors : Do We Really Need Theam? " ♫


» Touching Memories
Fingerprint sensor တွေဟာ စမတ်ဖုန်းတွေရဲ့ လုံခြုံရေးစနစ်ကို ပြောင်းလဲစေခဲ့ပြီး ဖုန်းအဖွင့်၊ အပိတ်ကို လုပ်နိုင်ရုံသာမကဘဲ ငွေပေးချေမှုပြုဖို့ပါ အဆင်ပြေစေခဲ့ပါတယ်။ ၂ဝ၁၅ ထဲမှာ Fingerprint sensor နဲ့ ဖုန်းတွေ ပိုမိုပေါများလာခဲ့ပေမယ့် တကယ်တော့ Fingerprint sensor ပါတဲ့ဖုန်းတွေဟာ အရင်ကတည်းက ရှိနှင့်ခဲ့တာပါ။ Fingerprint sensor ပါတဲ့ ပထမဆုံးဖုန်းလို့ဆိုနိုင်တာက ၂ဝဝ၇ မှာ ထုတ်လုပ်ခဲ့တဲ့ Toshiba ရဲ့ G500 နဲ့ G900 ဖြစ်ပြီး ၂ဝဝ၇ ဖေဖော်ဝါရီမှာ ထုတ်လုပ်ခဲ့တဲ့ Windows ဖုန်းတွေဖြစ်ပါတယ်။ G500 ထုတ်လုပ်ပြီး လအနည်းငယ်အကြာမှာ HTC P6500 ကို Fingerprint sensor နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ သုတေသနအရ လူတစ်ယောက်ဟာ ဖုန်းကို တစ်နေ့မှာ တစ်ကြိမ် ၁၁ဝ အဖွင့်၊ အပိတ် ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Fingerprint sensor ဟာ မြန်ဆန်မှုရှိဖို့ အရေးကြီးလာပါတယ်။ နောက်ပြီး လက်ဗွေဟာ လုံခြုံရေးအတွက်လည်း အရေးပါတာမို့ ကောင်းမွန်တဲ့ sensor ပါဝင်ဖို့ဟာ ပိုပြီးလိုအပ်လာခဲ့ပါတယ်။ Sensor တွေကို home ခလုတ်၊ ပါဝါခလုတ်နဲ့ ကျောဘက်တွေမှာ အတွေ့ရများပြီး သုံးစွဲရအဆင်ပြေမှု ရှိ/မရှိကတော့ သုံးစွဲသူရဲ့ ခံစားချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။

» Now Essential ?
၂ဝ၁၅ ဟာ Fingerprint sensor တွေအတွက် အရေးပါခဲ့ပြီး ပထမအချက်ကတော့ ဖုန်းကုမ္ပဏီ တွေဟာ မြန်ဆန်တိကျတဲ့ sensor တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာကြပါတယ်။ အစောပိုင်းမှာ သုံးစွဲရ အဆင်ပြေတာဆိုလို့ Apple နဲ့ Huawei လောက်ပဲ ရှိပေမယ့် လက်ရှိကာလမှာတော့ Samsung Galaxy S6, HTC One A9 နဲ့ M9+, Xperia Z5 နဲ့ Z5 Compact, LG V10 စသည်ဖြင့် ဖုန်းများစွာမှာ ကောင်းမွန်မြန်ဆန်တဲ့ sensor တွေ ပါဝင်လာပြီဖြစ်ပါတယ်။ နောက်ထပ်ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကတော့ Google က Android 6.0 မှာ Fingerprint authentication ကို စတင်ထောက်ပံ့မှုပေးခဲ့တာပဲ ဖြစ်ပါတယ်။ Apple Pay, Samsung Pay တို့လိုပဲ အခုအခါမှာ Google ရဲ့ Android Pay ဟာ သင့်လက်ဗွေပေါ်မှာ လုံခြုံရေးရယူပြီး mobile ငွေပေးချေမှုကို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ Google ပါဝင်လာပြီဖြစ်တာကြောင့် ကျန် mobile platform တွေမှာ fingerpirnt sensor ဟာ ပါဝင်လာဖို့ပဲရှိပါတယ်။ Android 6.0 မှာ ပါဝင်တဲ့ fingerpirnt sensor ရဲ့ လုံခြုံရေးစနစ်ဟာ မှားယွင်းမှု ဝ.ဝဝ၂% ထက် နည်းတယ်လို့ဆိုပါတယ်။

ငွေပေးချေမှုဟာ Fingerprint sensor အတွက် အဓိကကျတဲ့တာဝန်ဖြစ်ပြီး ဒါကိုလက်ရှိမှာ သတိထားမိသူ နည်းပါသေးတယ်။ Apple, Samsung, Android စသည်ဖြင့် တစ်ခုခုသော ငွေပေးချေမှုစနစ်ကို စမ်းသပ်သုံးစွဲပြီးသူတွေသာ ဒီစနစ်ရဲ့အားသာချက်ကို သဘောပေါက်ပါလိမ့်မယ်။ ဖုန်းကိုလက်ဗွေနဲ့ အဖွင့်/ အပိတ် လုပ်နိုင်တာဟာလည်း ဒီသဘောပဲဖြစ်ပြီး သုံးပြီးမှသာ pattern (သို့) PIN lock တွေဟာ ဘယ်လောက်နှေးတယ်ဆိုတာကို သဘောပေါက်မှာဖြစ်ပါတယ်။ လက်ရှိ Fingerprint sensor တွေဟာ အထူးမြန်ဆန်လာပြီး lock Screen ကို မမြင်ရခင်မှာဘဲ ဖုန်းကိုဖွင့်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် Fingerprint sensor တွေကိုသာ ဖုန်းအားလုံးလိုလိုမှာ သုံးလာကြရင် lock screen ဟာ လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။ Touch ID ဟာ အနာဂတ်အတွက် software innovation များစွာကိုလည်း ဖြစ်လာစေဖို့ ဦးတည်နေပါတယ်။

» Touch ID to Sense ID
Touch ID တွေ ခေတ်စားလာတာနဲ့အမျှ ဒီစနစ်ကို hack လုပ်နိုင်တယ်ဆိုတာလည်း ပူးတွဲ ပါဝင်လာပါတယ်။ ဒါကြောင့် အနာဂတ် touch-ID တွေဟာ မြန်ဆန်ဖို့တင်မကဘဲ လုံခြုံရေးအတွက်ပါ ပိုမို တိုးမြှင့်ထားပါလိမ့်မယ်။ ဒီအတွက် ဖြစ်နိုင်ချေများတဲ့ sensor ကတော့ Ultrasound sensor ပါ။ Ultrasound sensor ဟာ နည်းပညာအသစ်တစ်ခု မဟုတ်ပေမယ့် mobile device ထဲမှာ သုံးနိုင်မယ့် Ultrasound sensor ကတော့ အသစ်အဆန်းတစ်ခုပါ။ ပုံမှန် capacitive fingerprint sensor တွေဟာ လက်ဗွေပုံစံဆင်တူတာနဲ့ ဖွင့်ပေးမှာဖြစ်လို့ အတုပြုလုပ်နိုင်စွမ်း မြင့်မားခဲ့ပါတယ်။ Sensor ဟာ လက်ဗွေရဲ့အခုံးလေးတွေကိုပဲအာရုံစိုက် ပြီး ပလတ်စတစ်နဲ့ အစားထိုးထားသလား၊ သက်ရှိလက်ချောင်း ဟုတ်သလားဆိုတာကို မသိနိုင်ပါဘူး။ Ultrasound sensor ကတော့ အသံလှိုင်းနဲ့ လက်ဗွေကိုအာရုံခံပါတယ်။ ဒီအသံလှိုင်းဟာ သွေးကြောလေး တွေနဲ့ အရေပြားအောက်ကိုပါ အာရုံခံနိုင်ပါတယ်။ ဒါကြောင့် Sensor ဟာ ဒီအချက်ကို အာရုံစိုက်နိုင်ပြီး Sensor ပေါ်က လက်ချောင်းဟာ အတုလား၊ အစစ်လားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကို Qualcomm ဟာ ၂ဝ၁၅ မတ်လကတည်းက Snapdragon sense ID 3D fingerprint technology အဖြစ် မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ပစ္စည်းမျိုးစုံကို ထွင်းဖောက်ကာ Scan လုပ်နိုင်တဲ့အတွက် ဖုန်းထုတ်လုပ်သူအတွက် နှစ်သက်ရာ ပစ္စည်းကို ဖုန်းအိမ်အဖြစ် သုံးခွင့်ရစေပါတယ်။ Qualcomm ရဲ့ Sense ID ဟာ လက်ချောင်းထိပ်က ချွေးပေါက်တွေကိုပါ အာရုံခံနိုင်ပြီး အတုပြုလုပ်မှုကို ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ ကြောင့် Fingerprint sensor တွရဲ့ အနာဂါတ်ဟာ ပိုမိုလုံခြုံစိတ်ချရမယ့် Sense ID သုံးတဲ့စနစ်တွေ ဖြစ်လာ ပါလိမ့်မယ်။

» Conclusion
Fingerprint sensor ပါဝင်တဲ့ဖုန်းတွေထုတ်လုပ်ခဲ့တာ ၂ဝဝ၇ ခုနှစ်က တည်းကဖြစ်ပေမယ့် လက်ရှိကာလရောက်မှပဲ တွင်ကျယ်လာတာဟာ နည်းပညာတိုးတက်လာလို့ဖြစ်ပါတယ်။ ဖုန်းတွေမှာပါတဲ့ Fingerprint sensor တွေဟာ အထူးမြန်ဆန်လာပြီး အမှားကင်းစင်တဲ့ကာလကို ရောက်လာပါပြီ။ ၂ဝ၁၆ မှာ ဒီထက်များတဲ့ဖုန်းတွေမှာ Fingerprint sensor တွေ ပါဝင်လာမှာဖြစ်ပါတယ်။ ၂ဝ၁၅ မှာတင် Xiaomi Redmi Note 3 ဟာ Fingerprint sensor ပါဝင်ခဲ့ပြီး ဈေးနှုန်းအရလည်း CNY 899 (ဒေါ်လာ ၁၄ဝ ဝန်းကျင်) သာရှိလို့ အံ့အားသင့်စရာဈေးနှုန်းနဲ့ Fingerprint sensor ပါဝင်တဲ့ ဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၆ မှာ ဈေးသက်သာပြီး ကောင်းမွန်တဲ့ Fingerprint sensor ပါဝင်တဲ့ဖုန်းအများအပြားကို ထပ်မံတွေ့ကြရဖို့ သေချာ ပါတယ်။ အနာဂါတ်အတွက် ပြင်ဆင်ချင်ရင်တော့ ၂ဝ၁၆ ထဲမှာ Fingerprint sensor ပါတဲ့ ဖုန်းတစ်လုံးကို ဝယ်ယူထားဖို့ လိုပါလိမ့်မယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com