9/18/2014

♪ Apple က iPhone နှင့် iPad အတွက် iOS 8 ကို ဖြန့်ချီလိုက်ပါပြီ။ ♫

Photo: Apple က iOS 8 ကို ဖြန့်ချီ
==================

Apple က iPhone နှင့် iPad အတွက် iOS 8 ကို ဖြန့်ချီလိုက်ပါသည်။ စွမ်းဆောင်ချက်အသစ်များထဲမှ အချို့မှာ Third-Party Keyboard များကို အသုံးပြုနိုင်ခြင်း၊ Third-Party Apps များအတွက် Touch ID ကို အသုံးပြုနိုင်ခြင်း ၊ Notification Center မှ App များ၏ အသိပေးမှုများအတွက် Widgets များ အသုံးပြုနိုင်ခြင်း တို့ဖြစ်ပါသည်။ 

iOS 8 ကို iPhone 4S နှင့် နောက်ပိုင်း iPhone များ ၊ ပဉ္စမမျိုးဆက် iPad Touch နှင့် ဒုတိယမျိုးဆက် iPad နှင့် နောက်ပိုင်း iPad များတွင် အသုံးပြုနိုင်ပါသည်။ Apple Pay အပါအ၀င် အချို့ စွမ်းဆောင်ချက်များကို iPhone 6 နှင့် 6 Plus တွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ Apple Pay သည် iPhone အသစ်များတွင် ပါရှိသော NFC Chip ကိုအသုံးပြု၍ ငွေပေးချေနိုင်ခြင်း ဖြစ်ပြီး အောက်တိုဘာလတွင် iOS 8 Update အနေဖြင့် iPhone အသစ်များတွင် ထည့်သွင်းပေးမည် ဖြစ်သည်။ 

Settings>General>Software Update မှ နေ၍ ဒေါင်းလုပ် ပြုလုပ်နိုင်သကဲ့သို့ ကွန်ပြူတာမှတဆင့် iTunes နှင့်ချိတ်ဆက်၍ ဒေါင်းလုပ်ပြုလုပ်နိုင်ပါသည်။ 

iOS 8 ၏ စွမ်းဆောင်ချက် အသစ်များထဲတွင် iPhone မှ ရေးသားနေသော အီးမေး၊ Message များကို iPad or Mac တွင် ဆက်လက်ရေးသားနိုင်သော Handoff ပါရှိလာပါသည်။ iCloud Drive က Google Drive , Dropbox တို့ကဲ့သို့ ဖိုင်များကို သိမ်းဆည်းပေးနိုင်ပါသည်။ QuickType ဟု ခေါ်သော Message App ၏ စွမ်းဆောင်ချက် အသစ်က အသုံးပြုသူ ရေးသားလေ့ရှိသော စကားလုံးများကို လေ့လာမှတ်သားပြီး အလိုအလျှောက် အမှားများကို ပြုပြင်ပေးနိုင်၊ အကြံပြုချက်များကို ပြသပေးနိုင်ပါသည်။ 

Apple က HealthKit နှင့် HomeKit စွမ်းဆောင်ချက်များကိုလည်း ထည့်သွင်းပေးထားပါသည်။ HealthKit သည် လမ်းလျှောက်သည့် ခြေလှမ်းများနှင့် စားသောက်သော ပမာဏများကဲ့သို့ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သိမ်းဆည်းပေးနိုင်ပါသည်။ အခြား App များက HealthKit မှ သတင်းအချက်အလက်များကို ရယူအသုံးပြုနိုင်သကဲ့သို့ သူတို့၏ App မှ သတင်းအချက်အလက်များကို HealthKit ထံသို့ ပေးပို့နိုင်ပါသည်။ 

HomeKit သည် စမတ်နေအိမ် နည်းပညာ အတွက် သတင်းအချက်အလက်များကို သိမ်းဆည်းပေးနိုင်ပါသည်။ Developer များအနေဖြင့် နေအိမ် တံခါးများ Lock ပြုလုပ်ခြင်း၊ မီးအဖွင့် အပိတ်ပြုလုပ်ခြင်းနှင့် နေအိမ်ရှိ ပစ္စည်းများကို ထိန်းချုပ်ခြင်း စသည်တို့ကို ဖန်တီးနိုင်မည် ဖြစ်သည်။ အင်တာနက် ချိတ်ဆက်နိုင်သော နေအိမ်ရှိ ကိရိယာများကို iOS Device တစ်ခုတည်းမှ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် Apps များကို ပြောင်းလဲ အသုံးပြုရန် မလိုဘဲ Apple ၏ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ဖြစ်သော Siri ကို အသံဖြင့် ခိုင်းစေနိုင်မည် ဖြစ်သည်။ 

iOS 8 ကို Update ပြုလုပ်၍မရသော Device များမှာ iPhone 4 နှင့် ရှေ့ပိုင်း iPhone များ၊ စတုတ္ထမျိုးဆက် iPod Touch နှင့် ရှေ့ပိုင်း iPod Touch များ၊ ပထမမျိုးဆက် iPad တို့ ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>