8/05/2014

♪ Xiaomi စမတ်ဖုန်း ဈေးကွက်ရှယ်ယာ မြင့်တက်လာရခြင်း၏ အကြောင်းအရင်း (၅) ချက် ♫


Xiaomi ကို အာရှနိုင်ငံများမှ လွဲ၍ လူသိများ ထင်ရှားခြင်း မရှိသေးသော်လည်း Strategy Analytics မှ ဖော်ပြခဲ့သည့် အစီရင်ခံစာအရ အဆိုပါ ဘေကျင်း အခြေစိုက် ကုမ္ပဏီသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Samsung, Apple, Huawei, Lenovo တို့၏နောက် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။

Xiaomi ၏ စမတ်ဖုန်း ဒီဇိုင်းသည် iPhone ဒီဇိုင်းနှင့် ဆင်တူသော်လည်း ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်များကို ငြင်း ဆိုထားပြီး ကုမ္ပဏီ၏ ထုတ်ကုန်များတွင် ကိုယ်ပိုင်ဟန်အချို့ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။ Apple ထုတ်ကုန်များနှင့် ဆင်တူသော ဒီဇိုင်းများမှာ Mi Pad tablet နှင့် Xiaomi Mi 4 ဖုန်းတို့ဖြစ်သည်။

Xaiomi ၏ ထုတ်ကုန်အချို့သည် Apple ၏ ဒီဇိုင်းနှင့် ဆင်တူသောကြောင့် ငြင်းခုံမှုများ ဖြစ်ပွားနေသော်လည်း ကုမ္ပဏီ တိုးတက်မှုကို အဓိက ဖြစ်ပေါ်လာစေသည့် ထုတ်ကုန်များမှာ ဈေးသက်သာသည့် Redmi ဖုန်းနှင့် Redmi Note phablet တို့ဖြစ်သည်။

ထို့အပြင် Xiaomi ကုမ္ပဏီသည် လာမည့်နှစ်အနည်းငယ်အတွင်း များစွာ တိုးတက်လာဖွယ်ရှိနေသည်။ ထို့ကြောင့် Xiaomi ကုမ္ပဏီ တိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်း (၅) ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) အရည်အသွေးမြင့် ထုတ်ကုန်များ
Xiaomi ၏ ထုတ်ကုန်များသည် အလွန်ကောင်းမွန်သည့် ထုတ်ကုန်များကို ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များမှာ Mi 3 နှင့် Mi 4 တို့ဖြစ်ပြီး ဈေးနှုန်းမှာလည်း သက်သာသည်။ ဥပမာအားဖြင့် Redmi Note တွင် octa-core processor ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည် ကောင်းမွန်သော်လည်း ဈေးနှုန်းကြီးမြင့်ခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် router များနှင့် UHD TV ကဲ့သို့သော ထုတ်ကုန်များကိုလည်း ရောင်းချလျက်ရှိသည်။

(၂) ထိုက်သင့်သည့် ဈေးနှုန်းများ
 Xiaomi ထုတ်ကုန်များ၏ ဈေးနှုန်းသင့်တင်ခြင်းကလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် Redmi Note သည် လက်လီရောင်းဈေး အမေရိကန်ဒေါ်လာ ၁၅၄ ဝန်းကျင်သာရှိသည်။ (နိုင်ငံအပေါ်မူ တည်၍ ဈေးနှုန်းကွာခြားနိုင်သည်) ထို့အပြင် ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များ၏ ဈေးနှုန်းသည် အလယ်အလတ် တန်းစား ဖုန်းတစ်လုံး၏ ဈေးနှုန်းသာရှိသော်လည်း စွမ်းဆောင်ရည်အပိုင်းတွင် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များနှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည်။ တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော MiTV2 ဟုခေါ်သည် UHD TV သည် အမေရိကန်ဒေါ်လာ ၆၄၀ သာရှိသည်။ ၎င်းသည် Samsung, LG တို့ ရောင်းချသည့် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်သည်။

(၃) Mi ပရိသတ်များ
Apple နှင့် Samsung ပရိသတ်များ ကဲ့သို့ပင် Xiaomi တွင်လည်း ကုမ္ပဏီ၏ ထုတ်ကုန်များကို နှစ်သက်သူများရှိသည်။ အဆိုပါ Mi ပရိသတ်များသည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ကုမ္ပဏီ၏ ထုတ်ကုန် မိတ်ဆက်ပွဲများသို့ ပုံမှန်တက်ရောက်ကြသူများ ဖြစ်သည်။ သို့သော် Mi ပရိသတ်များကို ကန့်သတ်ထားခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် ကုမ္ပဏီ၏ အရေးပါဆုံး ထုတ်ကုန်ဖြစ်သည့် MIUI နှင့် ပတ်သက်၍ အခြားနိုင်ငံများရှိ ပရိသတ်များထံ ပုံမှန်ဖြန့်ဝေလျက်ရှိသည်။

(၄) MIUI
Xiaomi ထုတ်ကုန်များတွင် ပါဝင်သော MIUI (my UI) ဟုခေါ်သည့် ROM skin သည် Android ပေါ်တွင် အခြေခံထားပြီး ၎င်းကို ကုမ္ပဏီ၏ စမတ်ဖုန်းများနှင့် tablet များတွင် အသုံးပြုလျက်ရှိသည်။ MIUI တွင် Android နှင့် iOS များ၌ မတွေ့နိုင်သည့် feature အများအပြား ပါဝင်သည်။ MIUI သည် Xiaomi ကို အခြား စမတ်ဖုန်းများနှင့် နှိုင်းယှဉ်သည့်အခါ ထူးခြားဆန်းသစ်သည် အတွေ့အကြုံ ပေးစွမ်းနိုင်သည်။ အကောင်းဆုံးအချက်မှာ ၎င်းကို download ပြုလုပ်ပြီး အခြားသော Android ဖုန်းများတွင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် HTC One တွင် MIUI ကို အသုံးပြုလိုသည့်အခါ MIUI ဆိုက်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ROM ကို download ပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

(၅) Hugo Barra
Google အမှုဆောင်အရာရှိဟောင်း ဟူဂိုဘရာသည် Xiaomi ၏ အပြည်ပြည်ဆိုင်ရာဌာနကို ဦးဆောင်နေသူဖြစ်သည်။ ဘာရာ၏ Google Android ဌာန ဒုဥက္ကဋ္ဌ အဖြစ် ရရှိခဲ့သည့် အောင်မြင်မှုများက Xiaomi ကို စမတ်ဖုန်းကမ္ဘာတွင် ကြီးမားသည့် သြဇာသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သလို ပြိုင်ဆိုင်မှု ပြင်းထန်သည့် စမတ်ဖုန်းဈေးကွက်တွင် အောင်မြင် မှုများ ရရှိစေရန် အကူအညီဖြစ်စေခဲ့သည်။ ဘာရာ၏ လမ်းညွှန်မှုအောက်တွင် Xiaomi သည် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ဖုန်းများကို ရောင်းချရန် ရည်မှန်းထားသည်။

Ref: CNET

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>