Samsung ကနေ နောက်ထုတ်မယ့် နည်းပညာပစ္စည်းအသစ်တွေမှာ ရေစက်၊ဖုန်မှုန်နဲ့
လက်ရာ ထင်ကျန်ရစ်တာမျိုး လုံးဝမရှိတဲ့မှန်သားပြင်တွေကို
တွေ့မြင်ရတော့မှာပါ။
Oak Ridge အမျိုးသားသုတေသနဌာန (ORNL)က တီထွင်ထားတဲ့ ‘superhydrophobic’ ရေစက်တင်ကျန်မှု လုံးဝမရှိတဲ့ မှန်သားလွှာတစ်မျိုးကို Samsung Electronics က အသုံးပြုခွင့်လိုင်စင်ယူလိုက်ပြီဖြစ်ပြီး၊ မကြာမီ Samsung ပစ္စည်းတွေမှာ သုံးသွားဖို့ရှိနေပါတယ်။
ORNL ကနေ သုံးနှစ်ခန့်အချိန်ယူပြီး နာနိုနည်းပညာနဲ့တည်ဆောက်ထားတဲ့ ယခုမှန်သားလွှာဟာ ရေစက်အပြင် ဖုန်မှန့်နဲ့ လက်ဗွေရာတို့ပါ ထင်ကျန်ရစ်ခြင်းမရှိဘဲ၊ အလင်းပြန်မှုလျော့နည်းသလို၊ ဖောက်ထွင်းမြင်ရတဲ့ ဖန်သားလွှာတစ်မျိုးဖြစ်တာကြောင့် အီလက်ထရောနစ်ပစ္စည်းတွေမှာ ကောင်းကောင်းအသုံးပြုနိုင်မှာပါ။
လက်ရှိဈေးကွက်တွင်းက ဖုန်းတွေမှာအသုံးပြုထားတဲ့မှန်ခြပ်တွေမှာ oleophobic coating လို့ ခေါ် အဆီနဲ့ လက်ရာတင်ကျန်မှုမရှိတဲ့မှန်သားလွှာကိုပဲ အသုံးပြုထားတာတွေ့ရပြီး၊ ဒါတောင် သိပ်အလုပ်မဖြစ်ပါဘူး။ ဒါပေမယ့် ယခု Samsung နည်းပညာသစ်နဲ့ ဆိုရင်တော့ လုံးဝစွန်းထင်းပေကျံမှုမရှိတဲ့ အပြောင်လက်ဆုံးဖုန်း တွေကို ကိုင်တွယ်လာရဖွယ်ရှိပါတယ်။
အီလက်ထရောနစ်ပစ္စည်းတွေအပြင် ဆိုလာမှန်ခြပ်တွေ၊ မှန်ဘီလူးတွေနဲ့ အာရုံခံစက်တွေ၊ မှန်ပြတင်းပေါက်တွေနဲ့ တခြားထုတ်ကုန်အမျိုးမျိုးမှာလည်း လိုသလို အသုံးချနိုင်မှာဆိုတော့ နည်းပညာကုမ္ပဏီတိုင်း သဘောကျမယ့်နည်းပညာတစ်ခုပါ။
ORNL ရဲ့ အဆိုအရ ဒီနည်းပညာကို Samsung က မူပိုင်ခွင့်ယူသွားပေမယ့် အီလက်ထရောနစ်ပစ္စည်းတွေ အပိုင်းပဲဖြစ်ပြီး၊ ဆိုလာမှန်ခြပ်တွေနဲ့ မှန်ပြတင်းပေါက်လုပ်ငန်းတွေအတွက်တော့ လိုင်စင်လွတ်သေးတယ်လို့ သိရပါတယ်။

www.pyaephyo.com