10/02/2016

♪ " ကွန်ပျူတာနှေးစေသည့် Hardware အစိတ်အပိုင်းများ " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


ကွန်ပျူတာအလုပ်လုပ်ပုံနှေးပြီဆိုရင် ကျွန်တော်တို့က Windows ကြောင့်လား။ သံသယရှိတယ်။ ဖိုင်တွေ ဖရိုဖရဲဖြစ်နေလို့ ပြန်စီရကောင်းမလား။ defrag ကို စဉ်းစားတယ်။ Software တွေ တင်ထားတာ အရမ်းများနေပြီလား။ သုံးသပ်တယ်။ Hard disk မှာ နေရာလွတ်နည်းသွားပြီလား။ ပြန်စစ်တယ်။ တစ်ခါတစ်ခါမှာ ဗိုင်းရပ်စ်ဝင်ပြီလား သံသယရှိလို့ scan တောင်လုပ်လိုက်သေး။ ဒါပေမဲ့ Hardware ပိုင်းအားနည်းချက်ကြောင့် ကွန်ပျူတာနှေးနှေးကွေးကွေး အလုပ်လုပ်နေတာပါလားလို့ စဉ်းစားမိတဲ့လူ ရှားပါတယ်။

ကွန်ပျူတာမှာ နေရာလွတ်နည်းသွားလို့ Software ကြောင့်လို့ Malware ဝင်လို့ဆိုတဲ့ အကြောင်းတွေက ကွန်ပျူတာအလုပ်လုပ်ပုံ နှေးသွားစေတာ မှန်ပါတယ်။ အဲဒီအပိုင်းတွေစစ်ဆေးပြီးလို့ ကြီးကြီးမားမား ပြဿနာမရှိရင် ကိုယ့်ကွန်ပျူတာရဲ့ Hardware ပိုင်းလည်း စဉ်းစားသင့်ပါတယ်။ RAM 2 GB ပဲရှိပြီး Atom Processor သုံးထားတဲ့ ကွန်ပျူတာမှာ Photoshop CS5 အလုပ်လုပ်ပုံဟာ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေမှာ သေချာပါတယ်။ အဲဒီတော့ ကိုယ့်ကွန်ပျူတာဟာ Hardware အဆင့်မြှင့်လို့ရတဲ့ အနေအထားရှိသလား၊ ရသလောက်၊ အဆင့်မြှင့်ပေးပါ။ အဆင့်မြှင့်လို့ရတဲ့ အနေအထားလည်း မရှိဘူး။ အလုပ်ကြီးအကိုင်ကြီး ခိုင်းစားချင်တယ်ဆိုရင် Hardware ပိုင်း အတော်အသင့်မြင့်တဲ့ကွန်ပျူတာ ဝယ်သုံးပါ။


ဟုတ်ပြီ။ Hardware ပိုင်း အဆင့်မြှင့်လို့ရတဲ့ ကွန်ပျူတာဆိုပါစို့။ ဘာတွေအဆင့်မြှင့်လို့ရမလဲ။ အလွယ်ကူဆုံး အဆင့်မြှင့်လို့ရတာက RAM ဖြစ်ပါတယ်။ အခုအချိန်မှာ DDR 2 RAM သုံးတဲ့ကွန်ပျူတာ မရှိသလောက် ရှားသွားပြီထင်ပါတယ်။ တကယ်လို့သုံးနေသေးရင်လည်း ကွန်ပျူတာက လက်ခံနိုင်မယ့် အမြင့်ဆုံးပမာဏထိ မြှင့်ပေးပါ။ RAM 2 GB ရှိပြီးသား 4 GB ကို မြှင့်မယ်ဆိုရင် ကွန်ပျူတာမှာ slot အပိုရှိသလား။ ဒါမှမဟုတ် motherboard ဟာ RAM 4 GB ကို slot တစ်ခုထဲကနေ လက်ခံနိုင်သလား စဉ်းစားရပါမယ်။ laptop ကွန်ပျူတာ ပိစိကွေးတွေက 2 GB RAM ပဲ လက်ခံနိုင်ပါတယ်။ laptop အကြီးက 4 GB RAM လက်ခံနိုင်တယ်။ RAM ကို နှစ်ချောင်းတစ်ခုခွဲပြီး သုံးမယ်ဆိုရင် brand တူ၊ speed တူ၊ amount တူ RAM နှစ်ချောင်းကိုပဲ တွဲသင့်ပါတယ်။ လက်တွေ့အတွေ့အကြုံအတိုင်းပြောရရင် ဘက်မညီတဲ့ RAM နှစ်ချောင်းဟာ ဖိနပ် ကျွဲတစ်ဖက် နွားတစ်ဖက် စီးသလိုပါပဲ။


တိုးနိုင်မယ့် RAM ပမာဏကို Motherboard က ဆုံးဖြတ်သလို ကိုယ်သုံးတဲ့ Windows ကလည်း ဆုံးဖြတ်ပါတယ်။ ကိုယ်က Windows 7 32 bit (x 86) သုံးတယ်ဆိုပါစို့။ RAM ပမာဏဘယ်လောက်ပဲ ကိုယ်ကတိုးထည့်ထည့် OS က 3.5 GB ဝန်းကျင်ပဲ အများဆုံးယူသုံးနိုင်ပါတယ်။ 64 bit (x 64) သုံးမယ်ဆိုရင် RAM အနိမ့်ဆုံး 4 GB ကနေ 128 GB အထိ ထည့်နိုင်ပါတယ်။ Windows 10 64 bit သုံးမယ်ဆိုရင် RAM ကို 2000 GB အထိ ထည့်နိုင်ပါတယ်။ ဘယ်လို RAM မျိုးကို လက်ခံမယ်ဆိုတာက motherboard အပေါ် တည်ပါတယ်။ DDR2 လက်ခံမဲ့ motherboard မှာ DDR 3 ထည့်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ DDR 2/ DDR 3 ကြိုက်ရာ RAM တစ်မျိုး ထည့်လို့ရတဲ့ ထူးထူးဆန်းဆန်း motherboard လည်း တွေ့ဖူးပါတယ်။ 


RAM မလုံလောက်ဘဲ နည်းနေရင် ကွန်ပျူတာက ဘာလုပ်သလဲ။ Virtual memory ကိုဖန်တီးပြီး အစားဖြည့်ပါတယ်။ အဲဒီ memory ကို page file လို့လည်း ခေါ်ပါတယ်။ Page file က hard disk ပေါ်မှာ ယာယီတင်ပြီး ထားတာပါ။ သူ့ကိုသုံးရတာ RAM ကနေ တိုက်ရိုက်သုံးတာလို မမြန်ပါဘူး မရှိသုံးပါ။ ဒါကြောင့် RAM ပမာဏကို ဖြစ်နိုင်ရင် နှစ်ဆတင်ပေးတာဟာ အလွယ်ကူဆုံးနဲ့ ကွန်ပျူတာအမြန်နှုန်းတက်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ RAM ပမာဏက များများတိုးတိုင်းလည်း ကွန်ပျူတာအရမ်းမြန်လာတာ မဟုတ်ပါဘူး။ ကွန်ပျူတာရဲ့ RAM ပမာဏ ဘယ်လောက်လိုနိုင်သလဲဆိုတာကို Task Manager > performance tab မှာဝင်ပြီး Memory ကို ခေါ်ကြည့်နိုင်ပါမယ်။ တကယ်အလုပ်လုပ်ချိန်မှာ RAM ပမာဏ ဘယ်လောက်လိုတယ်ဆိုတာ တွေ့ရပါမယ်။ ကွန်ပျူတာက ဖန်တီးတဲ့ Virtual memory ပမာဏကိုကြည့်ပြီး RAM ဘယ်လောက် ထပ်တိုးသင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။


ကွန်ပျူတာအတော်များများမှာ နောက်ထပ်အပြောင်းအလဲလုပ်နိုင်တာက hard dirve ဖြစ်ပါတယ်။ အရွယ် ပိုကြီးတဲ့ hard drive သုံးဖို့ မဟုတ်ပါဘူး။ ပိုမြန်တဲ့ hard drive သုံးနိုင်ရင် သုံးဖို့ဖြစ်ပါက ဈေးကွက်ထဲက hard drive တွေမှာ အမြန်နှုန်းနှစ်မျိုးရှိပါတယ်။ 5400 rpm နဲ့ 7200 rpm အမြန်နှုန်းရှိတဲ့ hard dirve တွေ ဖြစ်ပါတယ်။ 10000 rpm ကို မြန်မာဈေးကွက်မှာ မတွေ့ရပါဘူး။ Desktop တွေက 7200 rpm ကို အသုံးများပါတယ်။ Laptop တွေက 5400 rpm ကို အသုံးများပါတယ်။ နှေးတဲ့ hard drive ကို သုံးနေတယ်။ ဥပမာ 5400 rpm ဆိုရင် ပိုမြန်တဲ့ hard drive ကို ပြောင်းသုံး သင့်ပါတယ်။ သီအိုရီအရဆိုရင် 7200 rpm HD ဟာ 5400 rpm HD ထက် အမြန်နှုန်း ၃၃ ရာခိုင်နှုန်း ပိုပါတယ်။ ဒါပေမဲ့ 7200 rpm HD အဟောင်းဟာ 5400 rpm HD အသစ်ထက် ပိုပြီးမမြန်နိုင်တာကိုလည်း သတိထားရပါမယ်။


အမြန်နှုန်းသိသိသာသာကောင်းချင်ရင်ဖြင့် HD အစား SSD (solid state drive) ကို ပြောင်းပြီး သုံးရပါမယ်။ SSD ရဲ့ အားနည်းချက်က ဈေးကြီးတာပါ။ လက်ရှိမြန်မာပြည်ဈေးကွက်မှာ 128 GB SSD ဟာ ခြောက်သောင်းပတ်ဝန်းကျင်ရှိပါတယ်။ အဲဒါဟာ internal HD 1 TB ထက်တောင် ဈေးကြီးပါတယ်။ ခုနှစ်သောင်းဝန်းကျင်အကုန်ခံရင် external HD 1 TB ရနိုင်ပါတယ်။ HD ရဲ့ အားနည်းချက်က လည်ပတ်တဲ့ အစိတ်အပိုင်းနဲ့ လုပ်ထားလို့ ပွန်းစားပျက်စီးလွယ်ပါတယ်။ မီးအားအတက်အကျများတဲ့ အရပ်တွေမှာသုံးရင်လည်း ပျက်စီးလွယ်ပါတယ်။ သူ့ကိုသုံးရင် storage space များများရတာတော့ ရှိပါတယ်။ ဒါကြောင့် HD ကို external storage အနေနဲ့ သုံးဖို့ပဲ အားပေးချင်ပါတယ်။ 


SSD သုံးတဲ့အခါမှာ ဈေးကြီးတဲ့ အခက်အခဲ၊ ကွန်ပျူတာထဲမှာ မြဲမြံအောင်အထိုင်ချရတဲ့ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ကွန်ပျူတာတွေက HD ထည့်ဖို့ လုပ်ထားတာကိုး။ ဒါကလွဲရင် သူ့မှာလည်ပတ်တဲ့အစိတ်အပိုင်းမပါလို့ ပွန်းစားစရာမရှိဘူး။ HD လောက်လည်း heat တက်စရာမရှိဘူး။ မီးအားအတက်အကျကိုလည်း HD ထက် အရင်ခံနိုင်ပါတယ်။ Windows တစ်ခုရဲ့အရွယ်အစားဟာ ကွန်ပျူတာထဲမှာဖြန့်ချလိုက်ရင် 10 GB ကျော်ကျော်နေရာယူတယ်။ Third party software တွေ အတော်လေး ပြည့်ပြည့်စုံစုံထည့်ပြီးတဲ့အခါမှာ 30 GB ဝန်းကျင် space လိုပါတယ်။ ဒါကြောင့် data အသုံးမကြမ်းသူတွေအတွက် ကောင်းကောင်းလုံလောက်ပါတယ်။


OS အတွက် 50 GB လောက်နေရာပေးပြီးရင် data အတွက် 60 GB လောက် နေရာကျန်ပါဦးမယ်။ သီအိုရီအရ SSD ဟာ HD ထက် အမြန်နှုန်း ၁ဝ ဆ သာပါတယ်။ လက်တွေ့မှာ အမြန်နှုန်း ၅ ဆ လောက် သာပါတယ်။ သူ့မှာဖိုင်တွေပြန့်ကျဲနေရင်လည်း defrag လုပ်ဖို့ မလိုပါဘူး။ လုပ်လည်း အမြန်နှုန်းတက်လာမှာ မဟုတ်ပါဘူး။ SSD ပိုပြီးအသက်တိုဖို့ပဲ ရှိပါတယ်။ ဒါကိုတော့ အထူးသတိထားရပါမယ်။ SSD တွေက လည်ပတ်တဲ့အစိတ်အပိုင်းမပါလို့ တစ်သက်လုံးအသုံးခံမယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်။ သူ့မှာလည်း read/ write အကြိမ်ရေ ကန့်သတ်ချက်ရှိတယ်။ အဲဒီအကြိမ်ရေပြည့်ရင် ပျက်မှာပဲ။ ဒါပေမဲ့ hard disk က ၅ နှစ်ခံဖို့ မသေချာတဲ့အချိန်မှာ အမျိုးအစားကောင်း SSD ကို ၅ နှစ် သုံးနိုင်ပါတယ်။


ဘယ်ကွန်ပျူတာမဆို နောက်ထပ်ပြုပြင်လို့ရတဲ့ကိစ္စက heat ကိစ္စပဲဖြစ်ပါတယ်။ Heat က ကွန်ပျူတာအစိတ်အပိုင်းတွေကို အသက်တိုစေတယ်။ အလုပ်လုပ်တာကို နှေးကွေးသွားစေပါတယ်။ ကွန်ပျူတာတစ်လုံးဟာ (40-45)°C မှာပဲ အကောင်းဆုံး အလုပ်လုပ်ပါတယ်။ 60°C ကျော်လို့ မရပါဘူး။ ကျော်ရင် အနှေးနဲ့အမြန် ကွန်ပျူတာပျက်ပါမယ်။ ဒါကြောင့် သာမန်ကွန်ပျူတာသုံးသူတွေ တစ်နှစ်တစ်ကြိမ်လောက် service ကိုပို့ပြီး အတွင်းပိုင်းသန့်ရှင်းရေး လုပ်သင့်ပါတယ်။ Fan အရေအတွက်နည်းရင် desktop မှာ fan တွေ ထပ်ထည့်သင့်တယ်။


Laptop တွေမှာ အောက်ဘက်ကနေ cooling fan ခံပြီး သုံးသင့်ပါတယ်။ heat တက်တဲ့ကိစ္စဟာ laptop တွေမှာ ဘက်ထရီသက်တမ်းကိုလည်း တိုစေပါတယ်။ အဲယားကွန်းခန်းထဲမှာ laptop သုံးရင် cooling fan မလိုပါဘူး။ Core i3 4th generation သုံးတဲ့ laptop တွေမှာ heat တက်တာ အတော်နည်းလို့ cooling fan မပါဘဲ တစ်နာရီခွဲလောက် သုံးနိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com