ကွန်ပျူတာသုံးစ မအူမလယ်ဘဝမှာ ဗိုင်းရပ်စ်စွဲတဲ့ ပြဿနာကို
လူအတော်များများ ကြုံဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ကွန်ပျူတာ Hack ခံရတယ်ဆိုတဲ့
အတွေ့အကြုံကတော့ နည်းပါလိမ့်မယ်။ အိမ်သုံးကွန်ပျူတာတွေက အင်တာနက်နဲ့
အလွယ်တကူချိတ်နိုင်တဲ့ အခြေအနေကို မနေ့တစ်နေ့ကမှ ရောက်တာကိုး။ အခုတော့ဖြင့်
ကွန်ပျူတာသုံးသူအတော်များများကလည်း Laptop တွေ သုံးကုန်ကြပြီ။
အင်တာနက်ကိုလည်း အလွယ်တကူ ချိတ်ကုန်ကြပြီ။
အွန်လိုင်းငွေပေးချေမှုဆိုတာကြီးကိုလည်း စမ်းသုံးကုန်ကြပြီ။ ဒီတော့
ကွန်ပျူတာထဲကို အင်တာနက်ကနေ မသမာသူတွေ အလွယ်တကူ ဖောက်ထွင်းဝင်ရောက်နိုင်တဲ့
အခြေအနေရောက်လာပြီလို့ ဆိုနိုင်ပါတယ်။
ကွန်ပျူတာဘာသာစကားနဲ့ ပြောရရင် Hack ခံရတယ်ပေါ့။ Hack မခံရအောင် ကြားဖြတ်ပြီး အကြံလေးတစ်ခု ပေးပါမယ်။ အခမဲ့ရပြီး အလုံးစုံကာကွယ်ပေးနိုင်တဲ့ 360 total security software ကို download ချပြီး သုံးကြည့်ပါ။ သူ့ထဲက Glasswire fire wall ကိုလည်း software install လုပ်ပြီးရင် download ထပ်ချပြီး ကာထားသင့်ပါတယ်။ Windows ထဲက firewall ထက်သာပြီး inbound/outbound connection နှစ်မျိုးလုံးကို စစ်ဆေးအသိပေးနိုင်ပါတယ်။ နာမည်ကြီး Hacker တွေအဆိုအရ firewall ကာထားတဲ့ ကွန်ပျူတာတွေဟာ Antivirus လောက်ပဲရှိတဲ့ ကွန်ပျူတာတွေထက် ဖောက်ရခက်တယ်လို့ သိရပါတယ်။
ကောင်းပြီ။ ကွန်ပျူတာ Hack ခံရတော့မယ်။ ဒါမှမဟုတ် Hack ခံလိုက်ရပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြမှာလည်း Hack ခံရတော့မယ်ဆိုတဲ့ အခြေအနေဟာ အွန်လိုင်းချိတ်ထားတဲ့ အဆင့်မှာဖြစ်ပါတယ်။ အတွေ့ရအများဆုံးက မိတ်ဆွေရဲ့ကွန်ပျူတာဟာ ဗိုင်းရပ်စ်စွဲကပ်နေပါပြီ။ ဟောဒီမှာပြထားတဲ့ tool ကို အခမဲ့ download ချပြီး ရှင်းလိုက်ပါ။ ဒီ link ကို နှိပ်ပြီး ဆက်သွားပါဆိုတဲ့ လမ်းညွှန်ချက်တွေပါ။ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်တွေကျတော့ မိတ်ဆွေရဲ့ဖုန်းဟာ OS version နိမ့်နေပါပြီ။ ချက်ခြင်း upgrade လုပ်လိုက်ပါဆိုပြီး link ပေးတာမျိုးရှိတယ်။ ဗိုင်းရပ်စ်ဘယ်နှစ်ကောင် စွဲနေပါပြီ။ သတ်ပေးပါ့မယ် ဆိုတာမျိုးရှိတယ်။ ကိုယ် စိတ်လိုလက်ရ လုပ်ထားတာမျိုးမဟုတ်ဘဲ ရုတ်တရက်ပေါ်လာတဲ့ security message တွေကို ယောင်မှားပြီး ခလုတ်မနှိပ်လိုက်ဖို့ သတိပေးချင်ပါတယ်။
တချို့ message တွေက အတော်ဆိုးပါတယ်။ Upgrade လုပ်ဖို့ activation key တောင်းတာမျိုးရှိတယ်။ OS တစ်ခုကို တရားဝင်ဝယ်သုံးတာမျိုး ဒါမှမဟုတ် ကွန်ပျူတာဝယ်ကတည်းက တရားဝင် OS အဆင့်သင့် ပါလာတာမျိုးဆိုရင် ဒါကို ကြပ်ကြပ်သတိထားပါ။ တချို့ message ကျပြန်တော့လည်း ကိုယ့်ကွန်ပျူတာထဲဝင်နေတဲ့ Threat တွေကို အခမဲ့ ရှင်းပေးမယ်ဆိုတာလောက်ပဲ ပြောပါတယ်။ ဒါတွေက များသောအားဖြင့် အကြောင်ရိုက်တဲ့ message တွေ ဖြစ်တာများပါတယ်။ ဒါပေမဲ့ malware ကိုယ်တိုင်က ထုတ်ပေးတဲ့ message မျိုးလည်း ကွန်ပျူတာမှာ ပေါ်တတ်ပါတယ်။ သတိထားပြီးဖတ်ပါ။ Malware ကပေးတဲ့ message ဆိုရင်တော့ ကွန်ပျူတာမှာ malware တစ်ခုခု စွဲနေပါပြီ။
ဒါဆိုရင် ဘာလုပ်ကြမလဲ။ ပထမဆုံးက Antivirus (တင်ထားရင်ပေါ့ဗျာ) သူ့ကိုခေါ်ကြည့်ပါ။ ခေါ်လို့ရသေးလား scan လုပ်ကြည့်လို့ ရသေးလားစစ်ပေါ့။ Malware ပေးတဲ့ message ရပြီဆိုရင် antivirus မကယ်နိုင်တာ များပါတယ်။ သေချာပေါက်ရှောင်ရမှာက message အပါအဝင် မသင်္ကာစရာမှန်သမျှကို ကလစ်မနှိပ်မိဖို့ပါပဲ။ နှိပ်ရမှာက Windows အတွက် Ctrl+ Alt+ Del ဖြစ်ပါတယ်။ တချို့ OS တွေမှာက Ctrl+ Shift + Esc ကို နှိပ်ရပါမယ်။ Task managerကို ခေါ်တင်ဖို့ပါ။ သူတက်လာရင် running applications နဲ့ process တွေကို တစ်လှည့်စီခေါ်ကြည့်ပါ။ သောင်းကျန်းနေတဲ့ app ဒါမှမဟုတ် process ကိုရွေးပြီး End task / process လုပ်ပါ။ ကိုယ်လုပ်ပြီးတာကို save လုပ်လို့ရရင် လုပ်ပါ။
ဒါပြီးရင် computer ကို restart ပြန်လုပ်ရပါမယ်။ Windows ပြန်တက်ဖို့ အစပျိုးနေတုန်းမှာ F8 ခလုတ်ကို တောက်လျှောက်နှိပ်ထားပါ။ ပြီးရင် ပေါ်လာတဲ့ Option တွေထဲက Safe mode ကို နှိပ်ရပါမယ်။ Safe mode ထဲရောက်ပြီဆိုရင် control panel ဒါမှမဟုတ် start menu ကတစ်ဆင့် သောင်းကျန်းနေတဲ့ malware ကို ရှာပြီး ဖယ်ထုတ်ရပါမယ်။ Malwarebytes Anti-Malware ဆိုတာမျိုးကိုတင်ပြီးလည်း ဖယ်ထုတ်နိုင်ပါတယ်။ ပြီးရင် Start (Windows logo) ကိုနှိပ်ပြီး ပေါ်လာတဲ့အကွက်ထဲမှာ System restore ကို ရိုက်ထည့်ပါ။ သူ့ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပါ။ မြန်မာပြည်က ကွန်ပျူတာဆိုင်တွေ ပေါ့လျော့မှုကြောင့် System restore အတွက် နေရာချန်မထားတာမျိုး ကြုံရနိုင်ပါတယ်။
System restore ရရင် ဝမ်းသာပါ။ ကွန်ပျူတာဝယ်ကတည်းက Control panel > system > System protection ကဝင်ပြီး System restore အတွက် နေရာလွတ်သတ်မှတ်ပေးတာ၊ Restore Point ဖမ်းထားတာမျိုးလုပ်ထားခဲ့ရင် ပြဿနာပိုနည်းပါလိမ့်မယ်။ System restore ပြန်လုပ်မယ်ဆိုရင် တစ်ခါတလေမှာ Antivirus ကို ယာယီ disable လုပ်ထားဖို့ လိုနိုင်ပါတယ်။ Restore အောင်မြင်ရင် ကွန်ပျူတာ malware မစွဲခင် အခြေအနေပြန်ရောက်နိုင်ပါတယ်။ Restore အောင်မြင်ရင် Antivirus ခေါ်တင်ပါ။ Virus denfinition update လုပ်ပါ။ ကွန်ပျူတာကို Full scan လုပ်ပါ။
ကွန်ပျူတာကို Hack ပြီဆိုရင် acoount တွေ ဥပမာ Gmail တို့ Facebook တို့ကို Hack တာများတယ်။ Password ခိုးပြီး account အပိုင်စီးတာ များပါတယ်။ အပိုင်စီးခံရပြီဆိုရင် သိသာတဲ့အချက်က Web mail/ social media/online store/online bank တစ်ခုခုထဲဝင်တဲ့အခါ ကိုယ်ရိုက်ထည့်တဲ့ password မှားနေပြီဆိုပြီး လာပြောတာ ဒါမှမဟုတ် user name နဲ့ password မကိုက်ပါဘူးလို့ လာပြီးပြောတာမျိုး ကြုံရနိုင်ပါတယ်။ ထိတ်ထိတ်ပျာပျာဖြစ်မသွားပါနဲ့။ ဘဏ်က credit card ကို cancel လုပ်ပစ်ဖို့ မစဉ်းစားခင်မှာ password ကို မှန်အောင် တစ်ခေါက်လောက် ရိုက်ကြည့်ပါ။ Caps lock ပွင့်နေသလား ကြည့်ပါ။ Password ဆိုတာ အတိအကျတူဖို့ လိုပါတယ်။
တချို့အွန်လိုင်းဝန်ဆောင်မှုတွေမှာ I've forgotten my password လိုဟာမျိုးနဲ့ ဂယ်ပေါက်ပေးထားတာမျိုး ရှိတယ်။ အချိန်မလွန်သေးရင် ဒါကိုသုံးပြီး password ကို ချက်ခြင်းပြန်ပြောင်းလို့ ရနိုင်ပါတယ်။ များသောအားဖြင့် account ခိုးတဲ့လူက password ကို အသစ်ပြောင်းလိုက် လေ့ရှိပါတယ်။ တခြားအွန်လိုင်းဝန်ဆောင်မှုတွေကိုလည်း တစ်ခုတည်းသော email တစ်ခုတည်းသော password သုံးထားသလား စစ်ပါ။ ဒီလိုမလုပ်သင့်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပေမယ့် များသောအားဖြင့် ဒီလိုပဲ လုပ်မိတတ်ကြပါတယ်။ အဲဒီဝန်ဆောင်မှုတွေရှိရင် email နဲ့ password ကို လိုက်ပြောင်းပါ။
အွန်လိုင်း Bank Account ထဲကို ဝင်မရတာသေချာရင် ဘဏ်ရဲ့ Support (customer service) ကို ချက်ခြင်းဖုန်းဆက်ပါ။ ဘာတွေဖြစ်သွားတယ်ဆိုတာကို ရှင်းပြပါ။ ဘဏ်အတော်များများက သီးခြားလုံခြုံရေးမေးခွန်းတွေ၊ သီးခြား PIN နံပါတ်တွေထားပြီး ဖုန်းပေါ်ကနေ customer တွေကို ခွဲခြားသိဖို့ ဆောင်ရွက်ထားတာမျိုးရှိပါတယ်။ ဒီလိုစနစ်မျိုးရှိတယ်ဆိုရင် ကိုယ်ဘယ်သူဘယ်ဝါဆိုတာ သက်သေပြလို့ရပါတယ်။ Acoount Hack ခံရပြီဆိုရင် အရေးမပါဘူးလို့ ကိုယ်ယူဆခဲ့တဲ့ security question တွေက တန်ဖိုးရှိလှပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

www.pyaephyo.com