ကိုယ်ရေးထားတဲ့မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို လူတွေ
ဒေါင်းလုဒ်လုပ်ဖို့ ဆွဲဆောင်ရတာက မလွယ်တဲ့အလုပ်တစ်ခုပါ။
ဒီအက်ပလီကေးရှင်းကို လူတွေ အမှန်တကယ်အသုံးပြုဖို့ ဆွဲဆောင်မယ်ဆိုရင်
ပိုလို့တောင်ခက်ပါသေးတယ်။
ဒါပေမယ့် အခက်ခဲဆုံးကတော့ ကိုယ့်ရဲ့ မိုဘိုင်း app တစ်ခုမှာ လူတွေပိုက်ဆံသုံးဖို့ ဒါမှမဟုတ် Developer လုပ်စေချင်တဲ့အရာတစ်ခုခုကို လူတွေအမှန်တကယ်ပြုလုပ်ဖို့ ဆွဲဆောင်ရတာပါပဲ။
မိုဘိုင်းအက်ပလီကေးရှင်းရေးဆွဲသူတွေရဲ့ အခုလိုအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် Facebook ဟာ ၎င်းရဲ့ကြော်ငြာဝန်ဆောင်မှုကဏ္ဍမှာ tool အသစ်တစ်ခု ထပ်မံမိတ်ဆက်လိုက်ပါပြီ။
App Event Optimization ဟာ Facebook ကနေတဆင့် မိမိရဲ့မိုဘိုင်းအက်ပလီကေးရှင်းကို အများပြည်သူဖုန်း တွေမှာ ‘Install’ လုပ်ဖို့ ကြော်ငြာရာမှာ၊ ‘ပစ်မှတ်’ ပိုမိုထိရောက်အောင် ချိန်နိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းအက်ပ်ကြော်ငြာထည့်သွင်းသူတွေအနေနဲ့ ၎င်းတို့ရဲ့ကြော်ငြာကို ကာလကြာရှည် အကျိုးအမြတ်ပေးနိုင်မယ့်သုံးစွဲသူတွေထံ ပိုမိုရောက်ရှိအောင် ပြသနိုင်ဖို့ Facebook က ၀န်ဆောင်မှုပေးထားတာဖြစ်ပါတယ်။
ဒါဟာ app စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်ဖို့အတွက် တကယ့်ကို အရေးပါတဲ့ ကြော်ငြာဝန်ဆောင်မှုတစ်ခုလို့ ဆိုရမှာပါ။
ပြင်ပဒေတာအချက်အလက်တွေအပေါ်မူတည်ပြီး Facebook ရဲ့ ထုတ်ပြန်ချက်အရ၊ လူတွေ မိုဘိုင်းသုံးစွဲတဲ့ အချိန် ၉၀ ရာခိုင်နှုန်းလောက်ဟာ app တစ်ခုခုအတွင်းမှာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုအတွင်းက မိုဘိုင်းမှတဆင့်ဝယ်ယူမှုတွေရဲ့ ၅၈ ရာခိုင်နှုန်းလောက်ဟာ app အတွင်းကနေ ၀ယ်ယူတာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း၊ တခြားသုတေသနလေ့လာချက်တွေအရ၊ app တစ်ခုကို ဖုန်း(သို့) တက်ဘလက်အတွင်း သွင်းပြီးနောက် ရက် ၃၀ အကြာမှာ၊ အဆိုပါ app ကိုသွင်းထားတဲ့လူစုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းလောက်သာ ဆက်လက်သုံးဖြစ်ကြတယ်လို့ သိရပါတယ်။
App Event Optimization ကို အသုံးပြုမယ်ဆိုရင်၊ Developer တွေအနေနဲ့ Facebook SDK သွင်းပြီးသား ရှိရမှာဖြစ်ကြောင်း Facebook က အသိပေးထားပါတယ်။ ယခုလုပ်ဆောင်ချက်ကို Facebook Power Editor နဲ့ ၎င်းရဲ့ API မှာလည်း ရရှိမှာဖြစ်ပါတယ်။
ယခုစနစ်ကို စောစီးစွာအသုံးပြုထားတဲ့ ကြော်ငြာရှင် Developer တွေရဲ့ ရလဒ်ကလည်း အားရလောက်စရာလို့ ဆိုနိုင်ပါတယ်။ အဝတ်အထည်ပြန်လည်ရောင်းချမှု app ဖြစ်တဲ့ Poshmark က ဒီ tool အသစ်ဟာ သူတို့ app အတွင်းမှာ အမှန်တကယ်ဝယ်ယူမှုပြုလုပ်မယ့်သုံးစွဲသူတွေကို ပိုမိုတွေ့ရှိအောင် ကူညီပေးခဲ့ကြောင်း တုံ့ပြန်ထားပြီး၊ ကုမ္ပဏီရဲ့ ကြော်ငြာအသုံးစရိတ်ကို ၂၄ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Business Insider မှာ မကြာသေးမီကဖော်ပြထားတဲ့ စစ်တမ်းကောက်ယူမှုအရ Facebook မားကတ်တင်းဝန်ဆောင်မှုကနေ ယခုနှစ်အတွင်း app ပေါင်း ၁.၁၅ ဘီလီယံလောက် ဒေါင်းလုဒ်ဆွဲယူဖို့ ရှိပြီး၊ အရင်နှစ်ကထက် ၃၃ ရာခိုင်နှုန်းပိုများလာတာဖြစ်ပါတယ်။

www.pyaephyo.com