8/13/2015

ဖုန်းတွေအတွက် အဆင်ပြေဆုံး ဖြစ်လာနိုင်မယ့် Solar Paper





အခုချိန်အနေနဲ့က ပြောရမယ်ဆိုရင် Smartphone ခေတ်လို့တောင်မှ တင်စားပြီးပြောနိုင်တဲ့ အနေအထားပါ။ ဒါကလည်းတခြားကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်တွင်းလို အနေအထားကနေ နောက်ဆုံး ကမ္ဘာ့နိုင်ငံတိုင်းမှာ Smartphone တွေ ခေတ်စားနေတာ မဟုတ်လား။ ဥပမာ ပြောရရင် အခုသတင်းပတ်ထဲမှာကိုပဲ Huawei ရဲ့ မော်ဒယ်သစ် Honor က ဈေးကွက် မတင်ခင် ကြိုတင်အမှာစာတောင်မှ ၇ သန်းလောက်ထိ အောင်ရလိုက်တယ် ဆိုတာက ဖုန်းကုမ္ပဏီ တစ်ခုရဲ့ မော်ဒယ်သစ် တစ်ခုကိုတောင်မှ ဈေးကွက်မှာ ဘယ်လောက်ထိအောင် စိတ်ဝင်စား၊ လူကြိုက်များကြတယ် ဆိုတာကို သက်သေပြနေသလိုပါ။ ဟုတ်ပါပြီ၊ ဒီတော့ ခေတ်က Smartphone ခေတ်ဖြစ်နေပြီဆိုတော့ တစ်ဖက်က ဒီလိုဖုန်းတွေ အချိန်တိုင်း နေရာတိုင်းမှာ အမြဲသုံးနိုင်ဖို့ လိုအပ်တဲ့ အချက်တစ်ချက်တော့ ရှိလာပါပြီ၊ သူကတော့ စွမ်းအင်ပါပဲ။

နောက်ဆုံးထုတ် မော်ဒယ်မြင့် Screen သင့်ဖုန်းတစ်လုံး အနေနဲ့ Videoတွေ ကြည့်ဖို့အတွက်ပဲ ဖြစ်ဖြစ်၊ Game ဆော့ဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ဒီလိုမှ မဟုတ်လို့ သီချင်းတွေ နားထောင်မယ်၊ အင်တာနက် သုံးမယ်ဆိုရင် ဒီဖုန်းတစ်လုံးက သုံးစွဲချိန် ဘယ်လောက်ကြာအောင်များ အသုံးခံနိုင်မှာလဲဗျာ။ ဒီတော့ စွမ်းအင်နဲ့ ပတ်သက်လို့ ပြဿနာတစ်ခု ရှိလာတာတွေ့ရပြီး ဖုန်းကုမ္ပဏီတွေ ဘက်ကနေ ဘာတွေပြင်ဆင် လာသလဲဆိုတော့ ပိုမိုပြီးစွမ်းအင် သိုလှောင်နိုင်စွမ်းမြင့်တဲ့ ဘက်ထရီတွေ ထုတ်လုပ်ထည့်သွင်း တပ်ဆင်လာတာ တွေ့နိုင်သလို ဖုန်းနဲ့ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း Power Bank လို ပစ္စည်းတွေ ထုတ်လုပ်ရောင်းချ လာပါတော့တယ်။ ကောင်းပါပြီ၊ ဒါနဲ့ပဲဖုန်းတွေရဲ့ စွမ်းအင်ပြဿနာကို အကောင်းဆုံး ဖြေရှင်းလိုက်တာ ဟုတ်ပါရဲ့လား။ ကျွန်တော့် အမြင်မှာတော့ ဖြစ်တဲ့နည်းနဲ့ အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတာ လောက်ပဲ ဖြစ်ပြီးတော့ ဖုန်းတစ်လုံးရဲ့ စွမ်းအင်အသုံးပြုနိုင်မှု အတွက်နဲ့စွမ်းအင် အရင်းအမြစ်ရရှိနိုင်မှု အပိုင်းတွေမှာ ကျွန် တော်တို့ ပြည်တွင်းလို အနေအထားမှာကိုပဲ လွယ်လွယ်တွေ့နိုင်နေတာက လျှပ်စစ်မီး ပြဿနာ တစ်ခုပါ။ နေရာတိုင်း၊ အချိန်တိုင်းမှာ လျှပ်စစ်မီး အဆင်သင့်ရှိနေမယ်ဆိုတဲ့ အာမခံချက် အပြည့်မရှိသေးပါဘူး။ ဒီတော့ အခုကျွန်တော်မြင်မိတဲ့ Solar Paper လေးကတော့ ဖုန်းအသုံးပြုမှု များသူတိုင်း အတွက်ရော နောက်ထပ်လျှပ်စစ်မီး အားနည်းချက်ရှိတဲ့ နေရာတိုင်းအတွက်ပါ အဆင်ပြေမှာဖြစ်လို့ အားလုံးက စိတ်ဝင်စားမယ်လို့ မြင်မိတာပါ။

ဒါကလည်း Solar စနစ်တွေ အနေနဲ့က ဒီလောက်ကြီး ထူးခြားတဲ့ ဖန်တီးမှုမျိုး မတွေ့ဖူးတာကတော့ အမှန်ပါ။ အခုစာဖတ်နေသူ အနေနဲ့ကလည်း Solar ဆိုတဲ့ စာလုံးလေးကို တွေ့လိုက်တာနဲ့ နေရောင်ခြည်ကနေ လျှပ်စစ်မီး ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်စွမ်းအားထုတ် မှန်ချပ်ကြီးတွေကို မျက်စိထဲ ပြေးမြင်မိကြမယ် ထင်ပါရဲ့။ ဒါပေမဲ့ အခုကျွန်တော်ပြောနေတဲ့ Solar Paper ကတော့ အဲဒီလို အရွယ်ကြီးမားတဲ့ မှန်ချပ်တွေလည်း မဟုတ်ဘူး၊ ကိုယ်လိုအပ်တဲ့ ဖုန်းအားသွင်းဖို့ စွမ်းအင်အရင်းအမြစ်ကိုလည်း နေရောင်ခြည်ရှိတိုင်း ဖြေ ရှင်းနိုင်မယ်၊ သွားလေရာကိုလည်း ယူဆောင်သွားနိုင်မယ်ဆိုရင် အားလုံးက လက်ခံနိုင်မယ် ထင်ပါတယ်နော်။ ဟုတ်ပါတယ်၊ အခု Solar Paper က သူ့ နာမည်မှာ ရေးထားတဲ့ အတိုင်းပါပဲ။ Paper ဆိုတဲ့အတိုင်း စာရွက်လိုပဲ ထုထည်သေးငယ် ပါးလွှာမှာ ဖြစ်ပါတယ်။ ဒီနည်းပညာနဲ့ ပစ္စည်းသစ်လေး အကြောင်းကို နည်းနည်းလောက် ဆက်ကြည့်လိုက်ရအောင်ပါ။

သူက ဖုန်းတွေကိုပဲ လျှပ်စစ်အားသွင်းပေးနိုင်မယ့် Charger လေးဖြစ်ပြီးတော့ အားသွင်းပေးနိုင်မှု အပိုင်းမှာလည်း မြန်ဆန်ကောင်းမွန်တာ တွေ့နိုင်ပါတယ်။ အလွယ်ဆုံး ပြောရရင် iPhone 6 ကို အချိန် ၂း၃၀ နဲ့ အားပြည့်အောင် သွင်းပေးနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး Solar Charger ဖြစ်လာတာပါ။ နောက်ပြီး Power Bank လို လျှပ်စစ်အား ပြန်သွင်းထားစရာ မလိုဘဲနေရောင် ရှိနေချိန်တိုင်း အားသွင်းနိုင်မယ်၊ သွားလေရာ သယ်ဆောင်နိုင်မယ်၊ ပေါ့ပါးတယ်၊ နေရာယူမှု နည်းတယ်၊ ဒီအချက်တွေက အားသာချက်တွေလို့ပဲ ဆိုပါတော့ဗျာ။ အခု Solar Paper လေးကို ဖန်တီးသူ Yolk က Charger ကနေ လျှပ်စစ် စွမ်းအင် 10 W ထိအောင် ထုတ်လုပ်နိုင်ဖို့ တီထွင်ထားတာ တွေ့ရပြီးတော့ အရွယ်အစား အနေနဲ့ ကတော့ လက်ရှိ လူကြိုက်များနေတဲ့ iPhone 6 Plus ထက် နည်းနည်းလေး ပိုပြီး ကျယ်တာနဲ့ ပိုရှည်တာလေးပဲ ရှိပါတယ်။ ဒါပေမဲ့ အလေးချိန် အပိုင်းမှာတော့ အဆိုပါ iPhone 6 Plus ထက်ပိုပြီး ပေါ့ပါသေးတယ်။
တီထွင်မှု ပြီးမြောက်ပြီးတဲ့ အချိန်မှာ အခု Solar Paper လေးရဲ့ ကမ္ဘာ့မှတ်တမ်း တစ်ခုကို တင်လိုက်နိုင်မှုကတော့ ကမ္ဘာ့အပါးဆုံးနဲ့ အပေါ့ဆုံး Solar Charger ဖြစ်လာတာပါပဲ။ အရွယ်အစားကို ပြောမယ်ဆိုရင် မျက်နှာစာ အကျယ်က ၃.၅ လက်မ၊ အမြင့်က ၇.၅ လက်မနဲ့ အထူက ၀.၄ လက်မပဲရှိတာ တွေ့နိုင်ပါတယ်။ အလေးချိန် အပိုင်းမှာ ဆိုရင် ၁၂၀ ဂရမ်ပဲလေးမှာ ဖြစ်ပြီးတော့ ဒါကဖုန်းကို တိုက်ရိုက်ချိတ်ဆက် အားသွင်းနိုင်အောင် ဖန်တီးလိုက်တာကြောင့်သာ အခုလောက် ထူသွားတာ ဖြစ်ပြီးတော့ တကယ်တမ်း လျှပ်စစ်ထုတ်လုပ် ပေးနိုင်မယ့် မှန်ချပ်လေးရဲ့ အထူကဆိုရင်  ၁.၅ မီလီမီတာလေးပဲ ရှိတာကြောင့် Paper ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် ပါးလွှာတာလည်း ဖြစ်ပါတယ်။ တီထွင်သူကတော့ ပုံမှန် အသုံးပြုနေကျ Solar စနစ်တွေကိုပဲ အရွယ်အစား သေးငယ်အောင် ဖန်တီးလိုက်တာ ဖြစ်တယ်လို့ဆိုပြီးတော့ လျှပ်စစ်စွမ်းအင် ထွက်ရှိမှု အပိုင်းမှာပဲ 10 W အဖြစ် တည်ငြိမ်အောင် ဖန်တီးဆန်းသစ်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ချိတ်ဆက် အားသွင်းနိုင်မှု အပိုင်းမှာတော့ USB Port ပါရှိတဲ့ ဘယ်ပစ္စည်းမဆို လျှပ်စစ်ထုတ်လုပ်ပေးနိုင်မှု စွမ်းအင်ညီမယ်ဆိုရင် အားသွင်းနိုင်မှာပါ။ ဥပမာ ကင်မရာ၊ Power Bank စတဲ့ ဆက်စပ်ပစ္စည်းတိုင်းကို အားဖြည့်သွင်း ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့  ဒီနေရာမှာ ထူးခြားတာ တစ်ချက်ကတော့ ပုံမှန် Solar Charger တွေ အနေနဲ့က လျှပ်စစ်ကို တိုက်ရိုက်ထုတ်ယူပြီး အားသွင်းပေးတာ ဖြစ်ပေမယ့် အခု Solar Paper မှာတော့ ထွက်ရှိလာတဲ့ လျှပ်စစ်ကို တည်ဆောက်မှု အတွင်းပါရှိတဲ့ သံလိုက်ဆီကို အရင်ဆုံး ရောက်ရှိစေပြီး အားကိုထိန်းညှိ ပေးလိုက်သလို Panel တစ်ခုချင်းစီက အားကိုလိုသလို  ထိန်းချုပ်နိုင်မှာပါ။ အခု Solar Paper လေးမှာဆိုရင် Panel (မှန်ချပ်အခန်း) လေးခန်းနဲ့ ပေါင်းစပ်ဖန်တီးထားတာ တွေ့နိုင်ပြီး မှန်ချပ် တစ်ချပ်စီကနေ လျှပ်စစ်အား 2.5 W အားကို ထုတ်လုပ်ပေးမှာပါ။ ဒီတော့ အခန်းလေးခန်း ကနေ 10 Wထွက်ရှိလာမယ့် လျှပ်စစ်အားကို ကိုယ်ကစိတ်ကြိုက်ချိန်ပြီး ရယူနိုင်မယ့်သဘောပါ။ ဆိုလို ရင်းကတော့ 5 W ပဲ လိုချင်တယ် ဆိုရင်လည်း 5 W ပဲ ထုတ်ယူ အားသွင်းနိုင်မှာဖြစ်ပြီး အဆိုပါ 5 W စွမ်းအင်ကို သံလိုက်ကနေတစ်ဆင့် ထိန်းထားပေးမှာဖြစ်လို့ တိကျတဲ့ လျှပ်စစ်စီးနှုန်းကိုလည်း ရရှိနိုင်မှာပါ။ ဒါကနေရောင်ခြည် အနေအထားအရ လိုအပ်သလို ချိန်ညှိနိုင်မှုကိုလည်း ဖြစ်စေတာပါ။  ပုံမှန်နေသာတဲ့ နေ့တွေမှာဆိုရင် 5W / 2A လောက်ဆိုရင် အဆင်ပြေပေမယ့် နေရောင်ခြည်ရရှိမှု အားနည်းတဲ့နေ့တွေ အတွက် Solar Paper က 10 W ထိအောင်လည်း လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အခု Solar Paper စနစ်ထဲမှာ အခြားထည့်သွင်း ဖန်တီးထားတဲ့ စနစ်တွေက အာရုံခံစနစ်လိုလည်း ပါရှိသေးတာတွေ့နိုင်ပြီး တကယ်လို့ နေရောင်ခြည် ရုတ်တရက် ကျသွားမယ် ဆိုရင်လည်း Solar Paper က အသုံးပြုသူ လိုချင်တဲ့ လျှပ်စစ်စွမ်းအားကို တည်နေအောင် အလိုအလျောက် စွမ်းအင်ထုတ်လုပ်မှု လျှော့ချ၊ တိုးမြှင့်တဲ့ လုပ်ဆောင်ချက် တွေကိုလည်း လုပ်ဆောင်ပေးနိုင်မှာပါ။ LCD Screen စနစ်ကိုလည်း ထည့်သွင်း ဖန်တီးထားတာ တွေ့ရပြီး နောက်ဆုံး ချိန်အထိ ချိတ်ဆက် အားသွင်းထားတဲ့ ဖုန်းဆီကို စွမ်းအင် ဘယ်လောက်ထိအောင် ဖြည့်သွင်းပြီး ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြပေးပါလိမ့်မယ်။ ဒါ့အပြင် မိုးလေဝသ အခြေအနေ၊ အလင်းရောင် ဖြာကျမှုနှုန်းတွေနဲ့  လျှပ်စစ်ထုတ်လုပ်ပေးနိုင်မှု အခြေအနေတွေကိုပါ ဖော်ပြပေးနေမှာဖြစ်လို့ ကိုယ့်စိတ်ကြိုက် ချိန်ညှိနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ ကျွန်တော် တို့ စာဖတ်သူတွေ အားလုံး စိတ်ဝင်စားမယ့် တစ်ချက်ကတော့ ရေစိုခံနိုင်အောင် ဖန်တီးထားတဲ့ တစ်ချက်ဖြစ်ပြီး လျှပ်စစ်စွမ်းအင် အထွက်ပေါက်ကိုတော့ မလိုအပ်တဲ့အချိန်မှာ ပိတ်ထားပေးရမှာပါ။ အခု Solar Paper လေးကိုတော့ လာမယ့်စက်တင်ဘာလထဲမှာ ထုတ်ဖော်ပြသ မိတ်ဆက်ဖို့ ရှိနေတာတွေ့ရပြီး အောက်တိုဘာ ဒါမှမဟုတ်ရင် နိုဝင်ဘာလထဲမှာ ဈေးကွက်ဖြန့်ချိဖို့ ရှိနေတာ တွေ့ရသလို Solar Paper တစ်စုံလုံး အတွက်ကတော့ ဒေါ်လာ ၄၅၀ ကျသင့်မှာဖြစ်ပြီး အပိုအနေနဲ့ လျှပ်စစ် ထုတ်လုပ်ပေးနိုင်မယ့် 5 W စွမ်းအင်ထုတ် မှန်ချပ်တစ်ချပ်ကိုတော့ ၆၉ ဒေါ်လာနဲ့ ရောင်းချပေးဖို့ ရှိနေတာကြောင့် ကျွန်တော်တို့တွေ Solar Paper ကို စောင့်ကြည့်ရမယ့် အနေအထားပါ။

Credit=> internetjournal
Thiha Htike(THT)
 My Facebook Account Click